ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

4/28/12

UK PM. CAMERON, THE LADY AND THE PRESIDENT - သို့ မဟုတ် - MISSION IMPOSSIBLE II



Oxford Uni
တောသားလေးမောင်လူအေး တင်ပြသည်။

မင်္ဂလာပါ ပုရိဿတ်တို့ -

ကျနော် ယခုဒီစာကို ရေးနေသော အချိန်မှာ ဧပြီလ -၁၆- ရက်နေ့  မွန်းလွဲ တစ်နာရီ အချိန် ဖြစ်ပါသည်။ ထုံးတမ်း အစဉ်အလာအရ နှစ်ဟောင်းကို ကျော်ပြီး နှစ်သစ်ဦးသို့  ၀င်ရောက်ခဲ့ပြီမို့  မြန်မာနိုင်ငံသားများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေဟု ခပ်တိုတိုပဲ ဆုတောင်းပေးလိုက်ပါသည်။

ပြီးခဲ့သော ဆောင်းပါးမှာ THE LADY နှင့် THE PRESIDENT နှစ်ဦးသာပါတဲ့ MISSION IMPOSSIBLE - ကိုရေးမိပါသည်။ သို့ သော်ယခုအပတ်မှာ တစ်ယောက်တိုးလာပြန်သည်။ ထို့ ကြောင့် MISSION IMPOSSIBLE II- ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ယခု အပါတ် တိုးလာသူကတော့ ဗြိတိသျှ ၀န်ကြီးချုပ် DAVID CAMERON- ပင် ဖြစ်ပါသည်။

သူ့ နာမည် အပြည့်အစုံကတော့ -DAVID WILLIAM DONALD CAMERON- ဖြစ်ပြီး ဗြိတိသျှ ၀န်ကြီးချုပ်တွေထဲမှာ အသက်အငယ်ဆုံး ၀န်ကြီးချုပ် ဖြစ်သည်ဟု ဆိုပါသည်။ အသက် -၄၃- နှစ်မှာ ၀န်ကြီးချုပ်ဖြစ်လာသူ ၀န်ကြီးချုပ်ဟာ သူ့ မျိုးရိုးဗီဇကလည်း ခေသူမဟုတ်ပါ။ -KING WILLIAM IV- ရဲ့ အဆက်အနွယ်ဟု ဆိုပါသည်။ OXFORD တက္ကသိုလ်မှာ ပညာသင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်လိုပဲ -PHILOSOPHY, POLITIC, ECONOMIC- ဘာသာရပ်တွေနဲ့  အောင်ခဲ့သူဟု ဆိုပါသည်။

ဝန်ကြီးချုပ် CAMERON- ၏ ဇနီးသည်မှာ SAMANTHA GWENDOLINE SHEFFIELD- ဆိုသူ ဖြစ်ပြီး BARONET- ခေါ် မှူးမတ်အမျိုးအနွယ်က ဆင်းသက်သူ ဟု သိရသည်။ ဗြိတိသျှ ၀န်ကြီးချုပ်သည် အမျိုးအနွယ်ကောင်း၊ ဥပဓိရုပ်ကောင်း ပညာတတ် တစ်ယောက် ဖြစ်သော်လည်း OXFORD- တက္ကသိုလ်ထွက် ဖြစ်တာရယ်။ -CONSERVATISM- ခေါ် အပြောင်းအလည်း မလိုလားသော ရှေးရိုးစွဲဝါဒသမား ဖြစ်တာကိုတော့ မနှစ်မျို့မိတာပါ။ မြန်မာနိုင်ငံကို ဗြိတိသျှ ၀န်ကြီးချုပ် -DAVID CAMERON- လာမည့် အစား ဂျာမန် ၀န်ကြီးချုပ် -ANGELA MARKEL- လာရင် ပိုပြီး သင့်လျော်ပါမယ်လို့  ယူဆပါတယ်။

အကြောင်းရင်းကတော့ မြန်မာ့နိုင်ငံရေးပြုပြင် ပြောင်းလဲဖို့ ရာမှာ -OXFORD- တက္ကသိုလ်က ပညာသင်ကြား အောင်မြင်သူတွေရဲ့ အတွေးအခေါ်နဲ့  မကိုက်ညီလို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု ဆောင်ရွက်ရာမှာ သမားရိုးကျ အတွေးအခေါ် စာအုပ်ကြီးသမား တွေရဲ့ အသိပညာနဲ့  မလုံလောက်ပါဘူး။ ပြီးခဲ့သော ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားပုံတွေဟာ သမားရိုးကျ စာအုပ်ကြိး သမားတွေရဲ့ လုပ်ထုံး လုပ်နည်းအတိုင်း တသွေမတိမ်း လုပ်ဆောင်သွားတာကို အထင်အရှား တွေ့ ခဲ့ရပါပြီ။ “ခရုခုန်ရင် အိုင်ပျက်မည်” ဆိုသော စကား အတိုင်းပင် ဖြစ်သည်။

ဒီမိုကရေစီ ဟူသည် လူ့ သမိုင်းတွင် အသင့်လျော်ဆုံး နိုင်ငံရေးမူတစ်ရပ် ဖြစ်သည်ကို တစ်ကမ္ဘာလုံးက လက်ခံထားကြသည်။ ထို့ ကြောင့် ဒီမိုကရေစီ လမ်းသို့  လျောက်လှမ်းရာမှာ စနစ်တကျ လျောက်လှမ်းဖို့  လိုသည်။

မှတ်မိသလောက် ထုတ်ဖေါ်ရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအရေး လှုပ်ရှားမှု ခေါင်းဆောင်ဖြစ်သည်။ ထို့ ကြောင့် ဒီမိုကရေစီ လမ်းအစမှာ ခြေလှမ်းချကထဲက မှားနေလျှင် နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာကတော့ ဒီမိုကရေစီကို ဖြတ်လမ်း လိုက်ချင်သော အကျင့်တွေ ပေါ်လာမည် ဖြစ်ပါသည်။ အကြောင်းအချက်ကတော့ ဧပြီလ တစ်ရက်နေ့ မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် အတွက် ဖေဖေါ်ဝါရီ လဆန်းပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် ၀ါးသင်္ခကျေးရွာမှ ဒေါ်သန်းသန်းလေး မိသားစု အိမ်တွင် အိမ်ထောင်စု စာရင်း ၀င်သည်ဟု ဆိုသည်။ သို့ သော် ပုံစံ -၁၀- မရသေးသဖြင့် ဧပြီလ တစ်ရက်နေ့  ရွေးကောက်ပွဲတွင် မဲပေးနိုင်ခွင့် မရတော့ဟု သတင်းတစ်ရပ်က ဖေါ်ပြထားပါသည်။

ဤသည်မှာ ဒီမိုကရေစီ ကြားဖြတ်နည်းဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်လိုက်သော ဒီမိုကရေစီ မော်ဒယ်လ်ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်လမ်းစဉ်ဖြစ်ပေသည်။

ဘာ့ကြောင့် ယခုကဲ့သို့ ထောက်ပြရသလဲ ဆိုသော် ဒီမိုကရေစီ စနစ် အစစ်အမှန်တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟူသည် ဥပဒေအရ သတ်မှတ်ထားသော နယ်မြေဧရိယာမှ ပြည်သူလူထုအား ကိုယ်စားပြုသူ ကိုယ်စားလှယ်ဖြစ်သည်။ ထို့ ကြောင့် ပြည်သူ့ ကိုယ်စားပြု ၎င်းကိုယ်စားလှယ်သည် ထိုရပ်ကွက် ဒေသ ဧရိယာတွင် နေထိုင်သူ အစစ်အမှန် ဖြစ်ရန် လိုအပ်ပေသည်။ ၎င်းအပြင် ရွေးကောက်ပွဲအတွက် အိမ်ထောင်စု စာရင်းပြောင်းပြီး မဲအရွေးခံမည်ဆိုလျှင် ရွေးကောက်ပွဲတွင် မဲပေးရန်အတွက် အိမ်ထောင်စု စာရင်း ပြောင်းလာသူတွေကော မရှိနိုင်ပေဘူးလား။ တရားမျှတအောင် စဉ်းစားဝေဖန် သုံးသပ်ကြစေလိုသည်။

ထိုင်းနိုင်ငံတွင် မကြာသေးမီက ပြီးဆုံးသွားသော ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ရွေးကောက်ပွဲ ကော်မတီက ပြန်လည် စစ်ဆေးနေသည်။ အကြောင်းရင်းမှာ ထိုကိုယ်စားလှယ် အမတ်သည် ထိုင်းရွေးကောက်ပွဲဥပဒေအရ ၀င်ရောက် အရွေးခံမည့် ဧရိယာတွင် အိမ်ထောင်စု စာရင်း သွင်းထားသည်မှာ -၅- နှစ် မပြည့်သေးသော ကြောင့် ဟု စွပ်စွဲခံရခြင်း ဖြစ်သည်။ အကယ်၍သာ ၎င်းပုဂ္ဂိုလ်သည် မဲဆန္ဒနယ်မြေအတွင်း နေထိုင်သည်ဟု အိမ်ထောင်စုစာရင်း - မသွင်းထားလျှင်သော်လည်းကောင်း၊ သွင်းထားသော်လည်း -၅- နှစ် မပြည့်လျှင်သော်လည်းကောင်း ရွေးကောက်ပွဲကော်မတီထံသို့  တိုင်ကြားချက်ရှိလျှင် ထိုပုဂ္ဂိုလ်အား ရွေးကောက်ပွဲ ကော်မတီက အဖြစ်မှန် စစ်ဆေးမည် ဖြစ်သည်။ အိမ်ထောင်စုစာရင်းတွင် မပါခြင်း၊ ပါလျှင်လည်း -၅- နှစ် မပြည့်သေးခြင်း ကို စစ်ဆေးတွေ့ ရှိရပါက ရွေးကောက်ပွဲ အနိုင်ရထားသော ရလာဒ်ကို ပယ်ဖျက်ပြီး လွှတ်တော် ကိုယ်စားလှယ် အမတ် အဖြစ်မှ ရပ်ဆိုင်းပစ်ခြင်း ခံရမည် ဖြစ်သည်။ ထို့ နောက် ရွေးကောက်ပွဲ ကော်မတီက ၎င်းကိစ္စအား ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုင်ရာ တရားရုံးတော်တွင် အမှုဖွင့် အရေးယူခံရမည် ဖြစ်သည်။ အမှုမှန်ကန်ကြောင်း တရားရုံးတော်မှ ထပ်မံ စစ်ဆေး တွေ့ ရှိရပါက ထိုပုဂ္ဂိုလ်အား နိုင်ငံရေး အပြစ်ဒဏ်နှင့် တကွ ရွေးကောက်ပွဲ စရိတ်ငွေများ ပြန်ပေးရန် အမိန့် ချမှတ် မည် ဖြစ်သည်။

နိုင်ငံရေး အပြစ်ဒဏ်ဆိုသည်မှာ ချမှတ်ထားသော -၅- နှစ်တာ ကာလအတွင်း ရွေးကောက်ပွဲ ၀င်ခွင့် - ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးခွင့်၊ ရွေးကောက်ပွဲအတွက် မဲဆွယ်တရား ဟောခွင့် အစရှိသော အခွင့်အရေးများ လုပ်ပိုင်ခွင့် တားမြစ်ခြင်း ခံရမည် ဖြစ်သည်။

ရွေးကောက်ပွဲစရိတ်ငွေ ဆိုသည်မှာ နိုင်ငံတော် စရိတ်ဖြင့် ပြုလုပ်သော ရွေးကောက်ပွဲကျင်းပရာတွင် ကုန်ကျသည့် အထွေထွေ စရိတ်များ ပြန်ပေးရန် ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အိမ်ထောင်စု စာရင်းများ အတွင်း လူဦးရေ တိုးလာသည်ဟု NLD မှ ပူညံ ပူညံသံများ ထွက်လာသည်။ ထိုကိစ္စအတွက် အပြစ်ပြောစရာမလိုပေ။ မိမိတို့ ၏ NLD- ဥက္ကဌ ကိုယ်တိုင်က ဒီမိုကရေစီကို ဖြတ်လမ်းလိုက်ပုံ နမူနာ ပြနေမှတော့ အခြားသူတွေလည်း ၎င်းနမူနာအတိုင်း လိုက်လာကြမည် ဖြစ်သည်။

မိခင် ဂဏာန်းမကြီးက သားသမိးတွေကို လမ်းတည့်တည့် လျောက်ဖို့  ဆုံးမသည်။ သို့ သော် မိခင်ကိုယ်တိုင်က လမ်းတည့်တည့် မလျောက်တတ်လျှင် အဘယ်သို့  ရှိမည်နည်း။

ဒီမိုကရေစီ လမ်းစဉ်လိုက်သူ နိုင်ငံရေးသမား တိုင်း အဓိက လိုအပ်သော မဏ္ဍိုင်မှာ ရိုးသား ဖြောင့်မတ်ခြင်း ဖြစ်သည်။ မရိုးသားသော ဒီမိုကရေစီ နိုင်ငံရေးသမားများသည် နိုင်ငံရေး လောကတွင် ရေရှည်ရပ်တည်ရန် ခဲယဉ်းပေသည်။ အကြောင်းမှာ လွှတ်တော် အတွင်း IMPEACHMENT အလုပ်ခံရယုံမက ထောင်ထဲသို့ ပင် ရောက်နိုင်သော အခြေအနေရှိသော ကြောင့်ပါ။

ပြည်သူ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  ပတ်သတ်လို့  ထောက်ပြစရာ အကွက်တွေက နာနတ်သီး အကွက်တွေလောက်ပင် များလွန်းနေပါတယ်။ အဲ့ဒီ အကွက်တွေထဲက - လွန်ခဲ့သော ဖေဖေါ်ဝါရီလ -၁၅- ရက်နေ့ က မရမ်းကုန်းမြို့နယ်မှာ ပြောသွားတဲ့ ပြောကြားချက်ထဲက အချက်တစ်ခုကို ထောက်ပြရရင် - ကျမတို့  နိုင်ငံရဲ့ အဓိက ပြဿနာကြီးကတော့ ဆင်းရဲမွဲတေမှုပါပဲ၊ ဒီပြဿနာနဲ့  ပတ်သတ်လို့  ဘယ်လိုဖြေရှင်းဖို့  စဉ်းစားထားသလဲ လို့  မေးလို့ ရှိရင် ကျမတို့  မြန်မာနိုင်ငံကို ကူညီချင်တဲ့ အဖွဲ့ အစည်းတွေ နိုင်ငံတွေနဲ့  ဒီကိစ္စတွေကို ကျမတို့  ဆွေးနွေးပြီးပါပြီ။ ကျမတို့ ဘယ်လို ပုံစံနဲ့  အကောင်းဆုံး လုပ်မလဲ ဆိုတာကို စတင်ပြီးတော့ ကျမတို့  တတ်နိုင်သလောက် ဆောင်ရွက်နေပါတယ်။

ကျနော် အမောင်တောသားက ပညာကျော်လူတော်ကြီး မဟုတ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားအဆုံးမှာ ဘာကိုရည်ရွယ်ပြီး ပြောတယ် ဆိုတာ ဒိုးဒိုးဒေါက်ဒေါက် သဘောပေါက်လိုက်ပါတယ်။

နိုင်ငံခြားအရင်းရှင်တွေ ဖိတ်ကြားပြီး မြန်မာနိုင်ငံအတွင်း ကြိုက်တာလုပ်ကြလို့  “သီးစုံပွင့်စုံ မြိုင်စုံရွက်ပေါ ဒို့ လည်တောကို တောမျောက်တစ်အုပ် ကြိုက်သလို လုပ်ဟု ရေစက်မချ လှူမျှမဝေ လွှဲအပ်လေသို့ - ရှိလေသို့ တည်း” ပါပဲ။

အခုလည်း မျောက်တွေက ခြံစည်းရိုးမှာ ထိုင်စောင့်နေတာရော ပြည်တွင်းဝင်ပြီး သွားရေတမြားမြား ပျူးတူးပြဲတဲနဲ့  ဟိုနေရာ ငါယူမယ် ဒီနေရာ ငါလုပ်မယ် ဆိုသူတွေ ကလည်း နေ့ ညမစဲပါပဲ။

ထိုင်းနိုင်ငံမှာဆိုရင် အလုပ်သမားနဲ့  အလုပ်ရှင်တွေ အကြားပြဿနာက အမြောက်အမြားပါ။ ဒီပြဿနာတွေ ဖြစ်ရတာကလည်း အလုပ်သမားဖက်က ခိုင်မာတဲ့ အလုပ်သမား သမဂ္ဂမရှိလို့ ပါပဲ။ ရှိတဲ့ အလုပ်သမားသမဂ္ဂ ဦးဆောင်သူတွေကလည်း အလုပ်သမားရေးရာ ဖြေရှင်းဖို့ ထက် နိုင်ငံရေး ကြေးစားတွေ ဖြစ်နေတော့ အစိုးရရဲ့ အနိမ့်ဆုံး လုပ်အားခ တစ်ရက် ဘတ် -၃၀၀- သတ်မှတ်ထားတာကိုပင် ထိရောက်အောင် မဆောင်ရွက်နိုင်ပဲ ဖြစ်နေပါတယ်။

အရင်းရှင်ဆိုတာ သင်္ချာဘာသာ ကျွမ်းတယ်၊ အမြတ်အစွန်းဆိုရင် ရသလောက်ယူတယ်။ နိုင်ငံတော် အတွက် အခွန်ဆောင်ဖို့ ဆိုရင် နည်းမျိုးစုံနဲ့  လိမ်တယ်။ အလုပ်သမား အခွင့်အရေး၊ လူမှု ဖူလုံရေး ကိစ္စတွေဆိုရင် အချိန်ဆွဲပြီး ကြန့် ကြာအောင် လုပ်တတ်ကြတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုရင် ရှေ့မှာ ဟန်ပြလုပ်ပြီး နောက်ကွယ်မှာ ဖြစ်သလို ညစ်ပတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ အနေအထိုင် အပြုအမူကို ကြည့်ခြင်းအားဖြင့် အရင်းရှင်တွေရဲ့ လှည့်စားချက် ၀ဲဂယက်က လွတ်အောင် မရုန်းနိုင်ဘူး ဆိုတာ ဗေဒင် မေးစရာ မလိုဘူး။ မြင်ရုံနဲ့  သိနိုင်တယ်။

နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ စကားဟာ အတိုက်အခံ ခေါင်းဆောင် တစ်ဦး ပြောရမယ့် စကား မဟုတ်သေးပါဘူး။ သမ္မတ ဦးသိန်းစိန် ပြောရမယ့် စကား တွေပါ။ လုပ်ပိုင်ခွင့်နဲ့  နိုင်ငံရဲ့ ကံကျမ္မာဟာ ဦးသိန်းစိန်လက်ထဲမှာပါ။ ယခုတော့ အစိုးရဖက်က ရှေ့နေ လိုက်ပေးနေသလိုလို - ဒါမှ မဟုတ် အငှားပြောပေးနေသလိုလို - သို့ တည်းမဟုတ် အစိုးရ အဖွဲ့ ထဲ ပူးပေါင်းပြီး ညွှန်ပေါင်း အစိုးရ ပါတီ ဖြစ်တော့မည့် ပုံ ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်မှန်တဲ့ အတိုက်အခံပါတီ ဥက္ကဌ တစ်ဦးအနေနဲ့  ပြောရမယ့် စကားတွေက - အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်သင့်တဲ့ အကြောင်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကို စနစ်တကျ လက်ခံဖို့ နဲ့  ပါတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတွေ ကြိုတင် ထုတ်ပြန်ထားဖို့  အကြောင်းတွေ ------ အကြောင်းတွေကိုသာ ပြောသင့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့  ပတ်သတ်တဲ့ အကြောင်းအရာတွေကတော့ အံ့အောလောက်အောင် များနေပါတယ်။ ကျနော့ကို အဆိုးမြင်ဝါဒ သမားလို့  NLD- တွေက ပြောကြပေလိမ့်မယ်။ မတတ်နိုင်တော့ဘူး။ နိုင်ငံနဲ့  လူမျိုး ပြန်လည် ထူထောင်ဖို့  နိုင်ငံခေါင်းဆောင်ကောင်း လိုတယ်၊ မဟုတ်တာ လုပ်တဲ့ ခေါင်းဆောင်တွေကို ဝေဖန်ဖို့  ဟာ နိုင်ငံသားတွေရဲ့ တာဝန်ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံ အချက် ဖြစ်ပါတယ်။

ဧပြီလ -၁၄- ရက် စနေနေ့ ထုတ် နေ့ စဉ် သတင်းစာတွေမှာ ဗြိတိသျှ ၀န်ကြီးချုပ် DAVID CAMERON- မြန်မာနိုင်ငံကို သွားရောက်တဲ့ သတင်း ပါရှိလာပါတယ်။ သတင်းမှာ ဆက်လက် ဖေါ်ပြထားတာက မြန်မာနိုင်ငံသို့  မသွားရောက်မီ အင်ဒိုနီးရှားနိုင်ငံသို့  ရောက်ရှိစဉ် သတင်းထောက်တွေကို ပြောကြားရာမှာ - “မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်သို့  ပြောင်းလဲရေး ဆောင်ရွက်နေတာကို ကမ္ဘာ့ အသိုင်းအ၀န်းက စုပေါင်း အားပေးသင့်တယ်၊ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ စနစ်သို့ ပြုပြင်ပြောင်းလဲအောင် ဆောက်ရွက်နေကြတဲ့ သမ္မတဦးသိန်းစိန်နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့ ကိုလည်း ချီးကျူးပါတယ်။ ထိုမျှမက ရာပေါင်းများစွာသော နိုင်ငံရေး အကျဉ်းသားတွေကို လွတ်မြောက်စေခဲ့ခြင်းနဲ့  ဧပြီလ တစ်ရက်နေ့ က ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းနဲ့  ဒေါ်အောင်ဆန်းစုကြည် အရွေးခံရပြီး လွှတ်တော်အမတ် ဖြစ်လာခြင်းများ အပါအ၀င် ၀န်ကြီးချုပ် -DAVID CAMERON- က အမွှမ်းထုံ ပြောသွားပါတယ်။”

ဝန်ကြီးချုပ် CAMERON ပြောသွားတဲ့ စကားတွေဟာ ခွေးဝမ်းသာအောင် အီးနံ့ ပေးတယ် - ဆိုတဲ့ စကားနဲ့  တူနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲဖို့ ဆိုရာမှာ လွှတ်တော်အတွင်း ပြည်သူလူထု ရွေးကောက်တင်မြောက်ခြင်း မပြုပဲ စစ်တပ်ထဲက အရာရှိ -၂၅%- ပါနေသမျှ ဒီမိုကရေစီ လို့  မဆိုနိုင်သောကြောင့်ပါ။ ၎င်းဥပဒေကို ပြင်ဖို့ ဆိုရာမှာ အတိုက်အခံအနေနဲ့  လုံးဝ ဆောင်ရွက်နိုင်စွမ်း မရှိသည့်အပြင် ပြီးခဲ့သော မတ်လ -၂၇- ရက်နေ့ က ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က “လက်ရှိဖွဲ့ စည်းပုံ အခြေခံဥပဒေကို အပြတ်ကာကွယ် သွားမယ်လို့ ” ပြောထားပြီး ဖြစ်ပါတယ်။

အဲ့ဒီတော့ ဥပဒေမပြင်နိုင်ရင် ဒီမိုကရေစီ မဖြစ်ဘူး ဒီမိုကရေစီ မဖြစ်ရင် တရားဝင် စစ်အုပ်ချုပ်ရေးပဲ ဖြစ်နေမှာဖြစ်ပါတယ်။ ခပ်ရှင်းရှင်းပြောရရင် သမ္မတသိန်းစိန်နဲ့  တပ်မတော်ထဲက အမြင့်ဆုံး အာဏာပိုင်ဆိုင်ထားသူ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့  တူညီသော အာဏာရှိတယ်လို့  ဆိုလိုခြင်း ဖြစ်ပါတယ်။ သို့ သော် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တစ်ကွက်သာတာက သမ္မတ ဦးသိန်းစိန်နေရာ တည်မြဲရေးဟာ စစ်တပ်ရဲ့ ထောက်ခံမှု အပေါ်မှာ တည်နေလို့ ပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ မြန်မာ့နိုင်ငံရေး အခြေအနေကို ကောင်းမွန်ရေလည်စွာ သိထားပြီး ဖြစ်တဲ့ ဗြိတိသျှဝန်ကြီးချုပ် -DAVID CAMERON- ဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စရိုက်ကိုလည်း သိပြီးသား ဖြစ်ပါတယ်။ ထို့ ကြောင့် ယခုခရီးစဉ်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့  ပြောင်းလဲရေး အတွက် ဘာမှ အထောက်အကူ မဖြစ်ပါဘူး။

နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နှင့် ၀န်ကြီးချုပ် -DAVID CAMERON- တစ်ဦးချင်း တွေ့ ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က ၀န်ကြီးချုပ် -DAVID CAMERON- ကို အယုံသွင်းနိုင်ရင် -EU -၂၇- နိုင်ငံက မြန်မာနိုင်ငံအပေါ် သပိတ်မှောက်ထားမှု ရုပ်သိမ်းဖွယ် ရှိတယ်လို့  ထိုင်းနိုင်ငံတွင် ဗြိတိသျှ သံအမတ် ဖြစ်ခဲ့ဖူးသူ တစ်ဦးက ထောက်ပြပါတယ်။

ထို့ ကြောင့် ဆင်သေတစ်ကောင်လုံးကို ကြာရွက်လေး တရွက်နဲ့  အုပ်လို့  မပျောက်နိုင်သလို ထင်ရှားလှတဲ့ မြန်မာ့အရေးအခင်းကို ၀န်ကြီးချုပ် -DAVID CAMERON- အမြင်မှန် မမြင်နိုင်ဘူး ဆိုရင်တော့ ကမ္ဘာ့ အံ့ဖွယ် အဖြစ်အပျက် တစ်ခု ဖြစ်သွားမှာပါ။ အကယ်၍များ သမ္မတ ဦးသိန်းစိန်ရဲ့ စကားကို အဟုတ်မှတ် ယုံကြည်မည်ဆိုလျှင် လောကမှာ အမှန်တရား ပျောက်ပြီ လို့ သာ သတ်မှတ်ရတော့မှာပဲ။

ပြီးခဲ့တဲ့ ဧပြီလ -၅- ရက်နေ့ က ထုတ်ဝေသွားတဲ့ မတိချွန်ဆိုတဲ့ ထိုင်းသတင်းစာကြီး တစ်စောင်မှာ နိုင်ငံရေး ရုပ်ပြောင် ကာတွန်း တစ်ကွက် ပါလာလို့  ထိုင်းမိတ်ဆွေ တစ်ယောက်က ကျနော့ကို ပေးလာပါတယ်။ ကာတွန်းရဲ့ အကွက်ဒေါင့်မှာက မြန်မာနိုင်ငံသမ္မတ ဗိုလ်ချုပ်ကြီး သိန်းစိန်လို့  ရေးထားပါတယ်။ ညာဖက်ဒေါင့်မှာပါ။ ဘယ်ဖက်ဒေါင့်မှာကျတော့ “ရေကြည်လေး တစ်စက်နဲ့  မြစ်တစ်ကြောင်းလုံး ရေကို မကြည်စေနိုင်ဘူး” လို့  ရေးသား ဖေါ်ပြထားပါတယ်။ ၎င်းဘယ်ဖက်ထောင့်မှာပဲ ကာတွန်းဆရာရဲ့ ဓါတ်ပုံနဲ့  အမည် နာမကိုပါ ဖေါ်ပြထားပါတယ်။ သူ့ နာမည်က အရုဏ်ဝပ်ချရစ၀ပ် ပါတဲ့။

သူသရုပ်ဖော် ရေးဆွဲထားတဲ့ ပုံက - မြန်မာဆိုတဲ့ မြစ်ရေစီးကြောင်းကြီး တစ်ခုမှာ ရေပုတ်တွေ မဲနက်စွာ စီးဆင်းနေတဲ့ အပြင် ခွေးသေကောင်ပုတ်တွေကလည်း မျောပါနေကြပါတယ်။ မြစ်လည်မှာ ကတော့ လောင်းထွင်းသစ်သားလှေ တစ်စီးကို စစ်ဗိုလ်ချုပ်ကြီး တစ်ဦးက ပဲ့ပိုင်းမှာ ထိုင်ပြီး လှော်ခတ်လာပါတယ်။ လှေဦးမှာက ထိပ်ပြောင်ပြီး မျက်မှန်တပ်ထားတဲ့ သမ္မတကြီး ဦးသိန်းစိန်က မြစ်ရေထဲကို NLD - ဆိုတဲ့ ရေကြည်တစ်စက်ကို ရေပြွန်လေး တစ်ခုထဲကနေ ညှစ်ထုတ်လိုက်နေတဲ့ ပုံပါ။ ၎င်းရေပြွန်လေးမှာ - ရွေးကောက်ပွဲ ဆိုတဲ့ စာတမ်းရေးပြီး တွဲထားပါတယ်။ ဒီကာတွန်းရုပ်ပြောင် ကို ကြည့်ပြီး ရီရမယ့် အစား ငိုချင်စိတ်ပေါက်လာပါတယ်။ စာဖတ်သူများ ကြည့်ရှု့  သုံးသပ်နိုင်ရန် ပူးတွဲ တင်ပြလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ စစ်တပ်က နောက်ဆုတ်ပေးပါလို့  တောင်းဆိုပါတယ်။ စစ်တပ်ရဲ့ တာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန်သာ ဖြစ်ပြီး နိုင်ငံ အုပ်ချုပ်ရေး တာဝန်ကို ပြည်သူ လူထုက ဆောင်ရွက်ပါလိမ့်မယ်။

မေတ္တာစေတနာဖြင့်

တောသားလေး မောင်လူအေး

No comments:


View My Stats