ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/24/09

ဒေါ်လာ ၂၀၀ တန်နဲ့ သမိုင်းဂုဏ်သိက္ခာ

ဒေါ်လာ ၂၀၀ တန်နဲ့ သမိုင်းဂုဏ်သိက္ခာ

ဒီစာကို ရေးသင့် မရေးသင့်အတော်စဉ်းစားမိသေးတယ်၊ သမိုင်းဂုဏ်သိက္ခာအရ ဖျက်မရတဲ့အမည်းစက်ကြီးတစ်ခုဖြစ်နေတော့ မရေးပဲမနေနိုင်တော့ပဲ ရေးသားလိုက်ပါတယ်။သန်းရွှေတို့အုပ်စု သီရိလင်္ကာလို့ခေါ်တဲ့ ကျွန်းနိုင်ငံကလေးကို ဘုရားဖူးအဖြစ် နိုဝင်ဘာ ၁၁.၁၁.၂၀၀၉ နေ့မှာ ချီတက်ခဲ့ကြတယ်၊ တစ်ဆယ့်တစ်မီးငြိမ်းအောင် ယတြာသဘောနဲ့ ၁၁ ရက်နေ့မှာ လာခဲ့ဟန်တူပါတယ်။ သန်းရွှေဆိုတာ လူသိ နတ်သိ ကမ္ဘာသိ အဖြစ်ထင်ရှားတာက လူသတ်ကောင်၊ ဘုန်းကြီးသတ်တဲ့ မိစ္ဆာကောင်၊ မကောင်းဆိုးဝါး ကလိင်ကကျစ် ကောက်ကျစ်ယုတ်မာသူ၊ အာဏာအတွက် ဘာမဆို စတေးဝံ့သူ အဖြစ် ထင်ရှားကျော်ကြားသည့် သတ္တ၀ါတစ်ကောင်ပါ၊ သီဟိုဠ်ကျွန်းကိုလာတဲ့ ရည်ရွယ်ချက်ကတော့ ဘုရားလဲဖူး လိပ်ဥလဲ တူးဆိုသည့်တစ်ခုတည်းသောရည်ရွယ်ချက်၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ဘာညာသာရကာဆိုတာက လူကြားကောင်းရုံသက်သက်မျှသာ။

သန်းရွှေ ရဲ့ မလိမ့်တစ်ပတ် လူလည်ကျချက်ကတော့ သမင်ကို ကျားက အဖေခေါ်ရလောက်အောင်ပင် အံ့မခန်း စွမ်းဆောင်နိုင်ပါပေသည်။ သီဟိုဠ်ကျွန်း သီရိလင်္ကာနိုင်ငံဆိုတာ မြန်မာရဟန်းတော်များ ပညာရှာဖွေ ဆည်းပူးရာ ဘူမိနက်သန်နေရာမှန်တစ်ခု၊ သူတို့ရဲ့အဓိကအားနည်းချက်က (B.A) (M.A) (Ph.D) ဘွဲ့တစ်ခုခုရရှိဖို့အတွက် မိမိတို့ရဲ့ ခြစ်ခြုတ်စုဆောင်းထားသည့် ၀တ္ထုငွေလေးများနဲ့ ခြို့တဲ့စွာ ပညာသင်ကြားကြရသည်။ အစားအသောက် အနေအထိုင်ဆင်းရဲစွာ သီတင်းသုံးကြရသည်။ အများစုက မပြေလည်ကြသည်ကများသည်။ ဒီအချက်ကို သန်းရွှေက ကောင်းကောင်းသဘောပေါက်ထားသည်။ သို့သော် သီဟိုဠ်ရောက်မြန်မာရဟန်းတော်စာသင်သားအရေအတွက်ကလည်း နဲနဲနောနောမဟုတ် အပါး (၃၀၀) ကျော်ရှိသည်၊ သန်းရွှေမြန်မာကျောင်းရောက်လာလို့ တစ်ပါးတစ်ချက်ထုလိုက်ရင် သန်းရွှေတစ်ကောင် မှုန့်မှုန့်ညက်ကြေသွားနိုင်သည်။ လာရဲတဲ့ သတ္တိလဲ သူမှာမရှိ၊ လာရင်လဲ သန်းရွှေအသက် မြန်မာပြည် ပြန်ပါနိုင်မည်မထင်၊ ဒီတော့ သန်းရွှေက အကွက်ကျကျစီစဉ်ညွန်ကြားထားခဲ့သည်။

(၂၂-၁၁-၂၀၀၉) နေ့မှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ မကုဋာရာ မြန်မာကျောင်းတိုက်တွင် မြန်မာစာသင်သားရဟန်းသံဃာတော်တို့အား ဒေါ်လာ(၂၀၀) နှင့် သင်္ကန်းစသည့်လှူဖွယ်ပစ္စည်းများကို မြန်မာသံရုံးအား လှူဒါန်းစေခဲ့သည်။သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များဆိုသည်မှာ (၂၀၀၇)ခုနှစ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကြီးနှင့်အတူ တစ်သွေးတည်း တစ်သားတည်းမွေးဖွား ထင်ရှားလာသည့် အဖွဲ့အစည်းကြီးဖြစ်သည်၊ နိုင်ငံရေးအဖွဲ့အစည်းမဟုတ်၊ မိမိတို့ အမျိုးဘာသာ သာသနာကို စော်ကားချင်တိုင်းစော်ကား ယုတ်မာရက်စက်ရိုင်းစိုင်းတဲ့ မသူတော် စစ်မိစ္ဆာကောင်များကို တရားနည်းလမ်းကျ ဆုံးမသွန်သင်ရန် ခိုင်မာကျစ်လစ်စွာ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်။ ယင်းအချိန်ကတည်းက နအဖစစ်မိစ္ဆာကောင်များကို ပတ္တနိက္ကုဇ္ဇန ကံဆောင်ကာ သပိတ်မှောက်ခဲ့ကြသည်၊ ယခုအချိန်အထိလည်းမှောက်ထားဆဲ နောင်လဲ မှောက်နေဦးမည်ဖြစ်သည်။ ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုသည် မသူတော် ယုတ်မာပက်စက်သည့် မင်းဆိုးမင်းညစ် ကလိမ်ကကျစ် အယောင်ဆောင် မင်းတု မင်းယုတ်များထံမှ မည်သည့် အရာဝတ္ထုကိုမျှ အလှူမခံ မပတ်သက်ဟု သံဃာ့ဆန္ဒခံယူပြီး သိမ်ဝင်ကာ ကံဆောင်ထားခြင်းဖြစ်သည်။

သန်းရွှေက ဒါကို ချေဖျက်ဖို့ရန်နှင့် ဘုရားဖူး အကြောင်းပြကာ သီရိလင်္ကာသို့ ရောက်လာခြင်းဖြစ်ပေသည်။ အာဏာနှင့် ငွေရှိရင် ဘာမဆို လုပ်လို့ရတယ်လို့ ထင်နေတဲ့ သန်းရွှေဟာ သံဃာတော်များရဲ့ အားနဲချက်ကို အခွင့်ကောင်းယူကာ ပိုင်ပိုင်နိုင်နိုင် အသုံးချသွားခြင်းဖြစ်ပေသည်။ အကွက်ဆင် ဂွင်ပိုင်အောင် ရိုက်တတ်လေ့ရှိသော သန်းရွှေသည် ကြပ်ပြေး သင်းချိုင်းကုန်းတွင် မိန့်မိန့်ကြီးထိုင်ကာ ပီတိတွေဝေဖြာနေမှာတော့ မြေကြီးလက်ခတ်မလွဲပင်။

သန်းရွှေတစ်ယောက်မသိလိုက်သည့်အရာကတော့ အမှန်တရားကို အာဏာငွေနဲ့ လှဲလယ်လို့မရဘူးဆိုတာပါပဲ၊ သန်းရွှေလှူဒါန်းသည့် ဒေါ်လာ(၂၀၀)နှင့် ဒန်ပေါက်ဆွမ်းကို မဘုဉ်းပေးအလှူမခံသည့် သံဃာတော်များက အပါး(၅၀) ကျော်ရှိနေခဲ့သည်။ တစ်နေ့ကို (၁၀)ကြိမ်(၁၀)လီ ရှိခိုးထိုက်ပေစွ၊ အကြောင်းအမျိုးမျိုးကြောင့်အလှူခံခဲ့သည့် သံဃာတော်များကိုလည်း အပြစ်မမြင်လို၊ ဆင်းရဲနွမ်းပါးချို့တဲ့သည့်ဒဏ်ကို ဘုန်းကြီးရော လူပါ အလူးအလဲ ခံစားနေကြရသည့် နအဖခေတ်ဆိုးကြီးမဟုတ်ပါလား၊သူ့ကိုယ်မကယ်နိုင် ကိုယ့်သူမကယ်နိုင်ဘ၀ရောက်နေသည့် နအဖ ခေတ်ပျက်ကြီးထဲဝယ် သန်းရွှေနှင့်အပေါင်းအပါများကို မြန်မာ့မြေပေါ်မှ အပီးပိုင် မမောင်းထုတ်နိုင်သေးသရွေ့ သန်းရွှေပြုသမျှ နုကြရပေဦးမည်သာ။

သန်းရွှေသွေးထိုးစမ်းခဲ့သော သီရိလင်္ကာမြန်မာကျောင်းသားရဟန်းတော်(၅၀)ကျော်သည် မိမိတို့၏ သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပေသည်။ ဒေါ်လာ (၂၀၀) နှင့်မိမိတို့၏ သမိုင်းအမည်းစက် အစွန်းအထင်းမခံခဲ့၊သန်းရွှေ စစ်မိစ္ဆာကောင်လှူဒါန်းသည့် ၀တ္ထုပစ္စည်းများကို အလှူမခံပဲ မိမိတို့ဆန္ဒကိုဖော်ထုတ်ခဲ့ကြသည်။ မသန့်ရှင်းသည့် ငွေကြေးဝတ္ထုများကို အသုံးပြုခြင်းထက် ဖြူစင်သန့်ရှင်းသည့် မွန်မြတ်သည့်အရာကို တစ်မိနစ်တစ်စက္ကန့်မျှပြုလုပ်နိုင်ခြင်းသည် မြင့်မြတ်သည့် သူတော်ကောင်းတို့သာ လုပ်နိုင်သည့်အရာဖြစ်ပေသည်။ သူတို့သည် သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ အဖွဲ့ဟူ၍ ကမ္ဘာတည်သရွေ့ သမိုင်းဂုဏ်ရောင် ၀င်းပြောင်နေကြဦးမည်ဖြစ်ပေသည်။

အလှူခံတော်မူခဲ့ကြသည့်သံဃာတော်အရှင်သူမြတ်အပေါင်းတို့အားလည်း အမိသာသနာတော်ကို ကြည်ညိုလေးစား ချစ်ခင်မြတ်နိုးကြသည့် ဒကာဒကာမအပေါင်း သူတော်ကောင်းတို့က အထက်ပါအချက်များကို သဘောပေါက်ကာ သံဃာတော်များသည် မိစ္ဆာညွတ်ကွင်းသို့ မသက်ဆင်းမိအောင် မိမိတတ်စွမ်းနိုင်သည့်ဖက်က ၀ိုင်းဝန်း ကာကွယ်စောက်ရှောက် လှူဒါန်းကြရန် အထူးတာဝန်ရှိပေသည်။ နအဖသည် မာယာပရိယာယ်အသွယ်သွယ်ဖြင့် ပြည်တွင်းရှိသံဃာတော်များကိုပါမက ပြည်ပရှိသံဃာတော်များကိုပါ စည်းရုံးဖျက်ဆီးဖို့ မီးစိမ်းပြလိုက်ခြင်းလည်းဖြစ်သည်။ မီးဘေးရှောင်မလောင်ခင်တားဆိုသည်နှင့်အညီ နအဖ၏ တို့မီးရှို့မီးများသည် အခြားသောနိုင်ငံများသို့ မကူးစက်နိုင်အောင် ၀ိုင်းဝန်းကာကွယ်တားဆီးကြရမည်ဖြစ်ပေသည်။ စစ်မှန်သည့် မွန်မြတ်သည့် မင်းကောင်းမင်းမြတ် ပေါ်ထွန်းလာသည့်အမိမြေတွင် စစ်မှန်သည့် ဗုဒ္ဓသာသနာတော်ထွန်းကားအောင် မင်းဆိုးမင်းညစ် မင်းကောက် မင်းယုတ်မာ မင်းသူခိုး မင်းဂျပိုးများကို မွန်မြတ်သည့်အမိမြေမှ အမြန်ဆုံးမောင်းထုတ်ကြဖို့ အချိန်တန်ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

ပြည်သူ့ဘုန်းဘုန်း

၂၃.၁၁.၂၀၀၉

ယခုဆောင်းပါးအား ဆရာတော်ရဲ့ ခွင့်ပြုချက်ဖြင့် တင်ပါသည်။ ဆရာတော်သည် သိရိလင်္ကာရဟန်းအဖွဲ့ကို စတင် တည်ထောင်သူဖြစ်ပါသည်။ ယခုကာလတွင် မလေးရှားမှ တရားဘာဝနာ ပွားလျှက်ရှိပါသည်။

View My Stats