မနက်ဖန်အလုပ်သွားရပါတော့မယ်။ ကျနော့်အလုပ်က ရွှေတူးတဲ့မိုင်းမှာ ဖြစ်ပါတယ်။ ဌာနက Geology ပါ။ ဒီဌာနမှာ ကျနော် ရှာဖွေရေးအတွက် ရှေ့ တန်းတိုက်စစ်မှုးလိုပါပဲ။ အင်္ဂလိပ်လိုခေါ်ရင် Exploration Field Technician လို့ခေါ်ပါတယ်။
အိမ်ကနေ အလုပ်ကို လေယျာဉ်နဲ့ တစ်နာရီကျော်ကျော်လောက်စီးရတယ်။ လေဆိပ်ကနေ မိုင်းကို နာရီဝက်လောက် ဘက်စ်ကားစီးရတယ်။ မနက်လေးနားရီတိတိမှာ အိပ်ရာထ၊ သွားတိုက်ပြီး အထုတ်အပိုးကိုဆွဲပြီး လေယျာဉ်ကွင်းကို ပြေးရတယ်။
မိန်းမနဲ့ ခလေးသုံးယောက်က လေဆိပ်ကိုလိုက်ပို့တယ်။ တက္ကစီငှားရင် ပိုက်ဆံကုန်လို့ ကိုယ့်အိမ်က မိန်းမကို လိုက်ပို့ခိုင်းပါတယ်။ ခလေးတွေလည်း အိပ်ချင်မှုးတူးနဲ့ ကားပေါ်မှာ သူတို့အဖေကို လိုက်ပို့တာ တမျိုးတော့ ကြည်နှုးစရာ။
မိုင်းမှာ လုပ်တဲ့လူတိုင်း အလုပ်ကိုလေယျာဉ်နဲ့ သွားရတော့ လေဆိပ်မှာ အလုပ်သမားတွေ ချည်းပဲ။ အင်ဂျင်နီယာ၊ သန့်ရှင်းရေးသမား၊ မန်နေဂျာ၊ ဒရိုင်ဘာစတဲ့ အလုပ်သမားတွေအားလုံးဟာ ယူနီဖောင်းအတူတူပဲ။ လေယျာဉ်အတူတူစီးတယ်။ နေတော့တစ်ယောက်တစ်ခန်း။ သူကတော့ မန်နေဂျာမို့လို့ အခန်းသန့်သန့်နဲ့ စပါယ်ရှယ်ခန်းနေခွင့်မရ။ ထမင်းစားလည်း အတူတူ။ ကွာတာက လစာပဲကွာတယ်။ ဒါတောင် အများကြီး မကွာ။
တစ်ယောက်နဲ့တစ်ယောက်မနှိမ်။ သူကတော့ သန့်ရှင်းရေးသမားမို့လို့  ငါက သူ့ထက်ပို ပညာတက်တယ်ဆိုတဲ့ အယူအဆလည်း မရှိ။ အဖြူ၊ အမဲ၊ အသားဝါတွေ သြစတျေးလျနိုင်ငံရဲ့  Advanced Fair ဆိုတဲ့ နိုင်ငံတော်သီချင်းအောက်မှာ ဒီလိုတရားမျှတမှုရှိတယ်။ ဘယ်လောက်ကောင်းလိုက်တဲ့ စနစ်လဲ။ ယဉ်ကျေးသိမ်မွေ့ သော၊ ဖေါ်ရွှေသော ရွှေမြန်မာပြည်နဲ့ ဆီနဲ့ရေလို။ မြန်မာပြည်မှာဆိုရင် သူကတော့ မန်နေဂျာမို့လို့  သူဌေးလိုနေစေ။ သူကတော့ သန့်ရှင်းရေးသမားမို့လို့  တန်ရာတန်ရာနေစေဆိုပြီးခွဲခြားမှု ရှိလေတယ်။ ဒါမကောင်းဘူး။
ကျနော့်အလုပ်က မိုင်းမှာ ၈-ရက်လုပ်ပြီး အိမ်မှာ ၆-ရက်နားရပါတယ်။ အလုပ်သွားတဲ့နေ့ ဆိုရင် လူက မှုန်ကုတ်ကုတ်နဲ့။ အလုပ်ပြန်တဲ့ နေ့ဆိုရင် တက်ကြွလို့။ ဒါကလူတိုင်း။ မနက်ပိုင်း အလုပ်သွားပြီးဆိုရင် လူတိုင်းလေယျာဉ်ပေါ်မှာ အသံမထွက်ကြဘူး။ တိတ်ဆိတ်ပြီး လေယျာဉ်စီးကြတယ်။ အိမ်ပြန်ကြပီဟေ့ဆိုရင် လေယျာဉ်တစ်စီးလုံးဆူညံနေတာပဲ။ စကားပြောသံ၊ တဟားဟားရယ်မောသံတွေနဲ့ အရမ်းကြည်နှုးစရာကောင်းတယ်။
တချို့ အလုပ်သမားတွေက မယ်ဘုန်း၊ ဆစ်ဒနီကနေ၊ ကျနော်တို့နေတဲ့မြို့ ကို လေးငါးနာရီလောက် လေယျာဉ်စီးပြီးလာတယ်။ Perth ကနေ မိုင်းကို တစ်နာရီကျော်လောက်စီးရတယ်။ ဆိုတော့ သူတို့အလုပ်သွားအလုပ်ပြန်က ခရီးသွားတာနဲ့ပင် အချိန်ကုန်နေပြီ။ တချို့ အလုပ်သမားတွေက ဖလစ်ပိုင်၊ တချို့ က ဘာလီမှာနေကြတယ်။ နှစ်ပတ်ကို မိုင်းမှာ အလုပ်လုပ်တယ်။ တစ်ပတ်ကို သူတို့နေတဲ့အိမ်ဖြစ်တဲ့ ဖလစ်ပိုင် နဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အပန်းဖြေကြတယ်။ သူတို့ကမှ တကယ်မိုက်တယ်။ လေယျာဉ်ခကို အလုပ်ကပေးတယ်။ ဘယ်လောက် အဆင်ပြေလိုက်လဲ။
အလုပ်ထဲမှာ နိုင်ငံခြားသားမို့ နှိမ်တာမရှိ။ အလုပ်ပိုခိုင်းတာမရှိ။ ခေါင်းပုံဖြတ်တာမရှိ။ တစ်ယောက်နဲ့တစ်ယောက်လေးလေးစားစား။ လုပ်ငန်းခွင်မှာ စည်းကမ်းဖောက်တဲ့လူ အလုပ်ပြုတ်။ Safety လို့ခေါ်တဲ့ လုပ်ငန်းခွင်လုံခြုံရေးကို အထူးအလေးပေးတယ်။ ညက သောက်ထားတဲ့ အရက်အရှိန်ကို မနက်မိုးလင်းရင်စစ်ပြီ။ သုံးည အဆင့်ရှိရင် အလုပ်လုပ်ပါ။ မရှိရင် မလာပါနဲ့။ မိရင်တော့ တခါတည်း အလုပ်ဖြုတ်တယ်။ စစ်တဲ့သူက အချင်းချင်းသိလို့၊ ခင်မင်ရင်းနှီးလို့ ခွင့်လွှတ်တယ်မရှိ။ စည်းကမ်းက စည်းကမ်းပဲ။ ဘယ်သူမှ မလိမ်ရဲဘူး။ လိမ်လို့ပေါ်သွားရင် တသက်လုံးဒီအလုပ်ကို လုပ်ခွင့်မရတော့။ မှတ်တမ်းပါသွားပြီ။ Reference မကောင်း။ စည်းကမ်းက ကောင်း၊ စနစ်ကကောင်းတော့ အလုပ်ဖြစ်တယ်။ အလုပ်သမား၊ အလုပ်ရှင် နှစ်ဦးနှစ်ဘက်အကျိုးရှိစေတယ်။
အလုပ်ထဲမှာ လူမျိုးပေါင်းစုံ။ တရုတ်၊ ကုလား၊ တောင်အာဖရိက၊ ဂျပန်၊ အင်္ဂလန်၊ ဖလစ်ပင်း...အတော်စုံတယ်။ ဒီလောက်လူတွေမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံ၊ ဘာသာစကားမျိုးစုံ၊ အကျင့် မျိုးစုံကို ဘာနဲ့ထိန်းလို့ ဒီလောက်တောင် တည်ငြိမ်ပြီး တိုးတက်နေတာလဲဆိုတော့ အဓိက တရားမျှတမှုနဲ့စည်းကမ်းရှိလို့ပါ။ အင်္ဂလိပ်တွေက အတော်လေးကို လေးစားစရာကောင်းတဲ့ လူမျိုးတွေလို့ ကျနော်တော့ထင်တယ်။ သဘောမတူလည်းနေပါ။ သူတို့တွေဟာ စည်းကမ်းရှိတယ်။ စနစ်ရှိတယ်။ စကားတည်တယ်။ ဥပဒေကို လေးစားကြတယ်။ ကျနော်တို့ ဗမာတွေနဲ့တော့ အတော်ကွာတယ်။
အလုပ်ထဲမှာ တခါတလေ ကိုယ့်အထက်လူကြီးနဲ့စကားများရင်တောင် သူမှားရင် ပြန်ပြီးတောင်းပန်တယ်။ အမှားကို ပြင်တယ်။ ဗမာဆိုရင် ဘာရမလဲ။ မင်းက ခလေးပဲ။ ငါပြောသလိုနေ ငါလုပ်သလိုမလုပ်နဲ့။ ရုပ်ရုပ်လုပ်ရင် အလုပ်ဖြုတ်မယ်။ ငါက မင်းထက်အာဏာပိုရှိတယ်။ ဒါနဲ့ပဲ ကျနော်တို့ ယဉ်ကျေးမှု့ ကြောင့် မပြောရဲမဆိုရဲနဲ့ တိုးတက်သင့်သလောက် မတိုးတက်ဘူးလို့ ကောက်ချက်ဆွဲမယ်။
တချို့ ဗမာတွေပြောတယ်။ အင်္ဂလိပ်တွေက ငါတို့ နိုင်ငံကို ကိုလိုနီလုပ်ခဲ့လို့ ဒီကောင်တွေကိုမုန်းရမယ်။ ဒီကောင်တွေဟာ သူများနိုင်ငံကို အလကားအနှိမ်ကျင့်ချင်တဲ့စိတ်ရှိတယ်။ အင်္ဂလိပ်ယဉ်ကျေးမှုက မကောင်းဘူး။ ဗမာယဉ်ကျေးမှုကသာ သူတို့ထက်မြင့်မြတ်တယ်လို့ ဆင်ခြေပေးကြတယ်။ ဒီလိုထင်နေတဲ့လူတွေဟာ သူတို့နဲ့အတူတူတွဲပြီး မနေဘူး၊ မလုပ်ဘူးတော့ နွားကို ကရေကရာ ကျွေးသလိုမျိုးဖြစ်နေမလားပဲ။ ဘယ်လူမျိုးမှာမဆို ကောင်းတာရှိတယ်။ ဆိုးတာရှိတယ်။ ဟိုးအရင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဒီနေ့မှာ အရည်မရ အဖတ်မရ စမြုပ်ပြန်နေရင် ရှေ့ ဆက်အလုပ်မဖြစ်။ ကိုယ်ပဲနောက်ကြကျန်ခဲ့တယ်။ သူတို့ဆီက ကောင်းတာကို ယူ။ မကောင်းတာကို ပယ်ပေါ့။ အလကားနေ ဘာမှသူများလူမျိုးတွေကို သွားပြီး နှိမ်စရာလည်းမလိုဘူး။ အထင်ကြီးစရာလည်း မလိုဘူး။
ကျနော် အထက်မှာပြောသလို မိုင်းမှာ အလုပ်လုပ်ကြတဲ့လူတွေတိုင်း ယူနီဖောင်းတူတူ၊ နေပုံစားပုံ သွားပုံအတူတူ။ ခွဲခြားမှုမရှိ။ တရားမျှတမှုရှိစတဲ့ အတုယူစရာကောင်းတဲ့ဟာကို အထင်ကြီးရမယ်။ ဒါတွေမှ အထင်မကြီး အတုမယူဘူးဆိုရင် ဘာကိုအတုသွားယူကြမလဲ။ ဒါတွေက တိုးတက်နိုင်တယ်၊ လူ့အဖွဲ့အစည်းကို တည်ငြိမ်စေတယ်၊ ရင်ကြားစေ့ရေးဖြစ်စေတယ်ဆိုရင် အတုကို ယူသင့်တယ်။ ဒါမှ ကျနော်တို့လူမျိုးတွေတိုးတက်မှာပေါ့။
သူတို့ဆီက မကောင်းတဲ့အတုတွေဖြစ်တဲ့ ရည်စားမမြဲ၊ မိန်းမမမြဲတဲ့ အပြုအမှုတော့ မယူသင့်ပါဘူး။ တချို့ တော့မြဲပါတယ်။ အများအားဖြင့် သိတ်ပြီး တန်ဖိုးမထားကြလို့ပါ။ ဒါတော့ ကျနော်မကြိုက်ဘူး။ ဥပမာ TV Video တွေမှာ လိင်ဆက်ဆံတဲ့ဟာတွေ၊ နမ်းတဲ့ဟာတွေက မကောင်းဘူး။ ခလေးတွေကို ပျက်စီးစေတယ်။ ဒါမျိုးတွေကြတော့ ကျနော်တို့အတုမယူသင့်ဘူးပေါ့။
စာရေးဆရာတွေရေးတာ ရှိသေးတယ်။ ကော်လံပြာ( Blue Color) နဲ့ ကော်လံဖြူ (White Color) ဆိုတဲ့ ကိစ္စကိုလည်း သတိထားမိလို့ပါ။ ကော်လံဖြူဆိုရင် ပညာတက်တော့ပေါ့။ ကော်လံပြာဆိုရင် အလုပ်ကြမ်းသမားပေါ့။ အလုပ်ကြမ်းသမားဆိုရင် ငတုံးဆိုပြီး ဗမာတွေ အထင်မကြီးချင်ဘူး။ ကျနော် မိုင်းမှာတွေ့တယ်။ အားလုံးကော်လံပြာတွေချည်းပဲ။ ပညာရှင်ပေါင်းစုံရှိတယ်။ သူတို့ လည်း ကော်လံပြာပဲဝတ်ရတယ်။ သန့်ရှင်းရေးသမား၊ ပန်ကန်ဆေးတဲ့လူလည်း ကောလံပြာပဲ။ မည်သူ့ ရင်ဘတ်မှာမှ သူကတော့ မန်နေဂျာဖြစ်ပါတယ်ဆိုတဲ့ တံဆိပ်ကိုမကတ်ထားဘူး။ နာမည်ပဲ ထိုးထားတယ်။ ဘာ့ကြောင့် ဒီလိုလုပ်ရလဲဆိုတော့ Team Work ကိုဦးစားပေးလို့ပဲ။ တစ်ယောက်တစ်ယောက်ခွဲခြားဆက်ဆံမှုမရှိအောင်လုပ်ထားတယ်လို့ ယူဆရတယ်။
အလုပ်ထဲမှာ ပညာ ဆိုတာကိုလည်းတွေးမိတယ်။ သန့်ရှင်းရေးသမားလည်း How to clean ဆိုတဲ့ ပညာကိုတက်တယ်။ Geologists တွေကလည်း How to find an ore body ကိုသိတယ်။ မိုင်းနင်းအင်ဂျင်နီယာကလည်း How to manage an underground mining ကို သိတယ်။ Electrician ကလည်း မီးကို ဘယ်လိုပြင်ရလဲဆိုတာ သိတယ်။ ဆိုလိုချင်တာက သူ့ ရဲ့ ကိုယ်ပိုင်နယ်မှာ သူကျွမ်းတယ်။ သူ့ပညာနဲ့သူပဲ။ မီးပြင်သမားက မိုင်းတခုလုံးသန့်ရှင်းရေးကို မလုပ်တက်။ ကိုယ့်ပညာနဲ့ ကိုယ်ပဲဆိုတော့ ဗမာတွေပြောနေကြ ပညာတက်ဆိုတာ ဘာလဲ။ ဒီလူကတော့ ပညာတက်မို့ ငါ့ထက်ပိုသိတယ်လို့ တလွဲဆံကောင်းကြလေတယ်။ ပညာရပ်တွေက အများကြီးပါ။ လူတစ်ဦးက အားလုံးသော ပညာကိုမတက်နိုင်ပါ။ နိုင်ငံရေးသမားက နိုင်ငံရေးပဲ နားလည်မှာပေါ့။ ဒါ့တောင် မြန်မာ့နိုင်ငံရေး၊ ထိုင်းနိုင်ငံရေး၊ သြစတျေးလျနိုင်ငံရေးရှိသေးတယ်။ ဒါ့ကြောင့် ငါကတော့ စက်ရုံအလုပ်သမားမို့၊ သူကတော့ အိုင်တီပညာရှင်မို့လို့  ပိုပြီး ငါ့ထက်မြင့်မြတ်တယ်ဆိုတဲ့ အတွေးမျိုး၊ ခံစားချက်မျိုးမရှိကြပါနဲ့။ ကိုယ့်ပညာနဲ့ကိုယ်ပါပဲ။
နောက်အပတ်ပြန်ဆုံကြတာပေါ့။ မြန်မာတွေ အတွေးအခေါ်မြင့်မားကြပါစေ။