ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

8/22/10

သြစတျေးလျရွေးကောက်ပွဲ ၂၀၁၀-

သြစတျေးလျနိုင်ငံသားအဖြစ်ကို လွန်ခဲ့တဲ့ ၂၀၀၇-ခုနှစ်က ခံယူခဲ့တယ်။ ဘာ့ကြောင့်ခံယူတာလဲဆိုတော့ နိုင်ငံမဲ့ဘ၀ကို မခံနိုင်တော့လို့ပဲ။ ထိုင်းမှာနေတုန်းက ထောက်လှမ်းရေးလက်မှတ်၊ အလုပ်သမားလက်မှတ်ကလွဲရင် ကျန်တာဘာမှမရှိဘူး။ ဒီလက်မှတ်တွေကလည်း ထိုင်းအစိုးရနဲ့ ထိုင်းနိုင်ငံတိုးတက်ကြီးပွားဖို့အတွက် လုပ်ပေးရတဲ့အရာတွေလို့ ဒီနေ့အထိခံစားနေရတုန်းပဲ။ တော်တော်ကို နာကျည်းစိတ်ပျက်စရာကောင်းတယ်။ ဥပမာ-ထောက်လှမ်းရေးလက်မှတ်ဆိုတာကို ထိုင်းထောက်လှမ်းရေးက လုပ်ပေးတယ်။ အလကားမရဘူး။ လုပ်ပေးခပေးရတယ်။ ထောက်လှမ်းရေးလက်မှတ်မှာပါတဲ့ အချက်အလက်တွေက ဒီလိုမျိုး။

" မောင်ဘုန်းကျော်သည် မှုးယစ်ဆေးဝါးရောင်းဝါးဖောက်ကားမှု ဖော်ထုတ်ရေးအတွက် သတင်းပေဖြစ်ကြောင်း"

ဒီလိုမျိုး။

ကျနော်က ဘယ်လိုလုပ်ပြီး မှုးယစ်ဆေးဝါးရောင်းဝယ်တာကို သတင်းပေးရမလဲ။ ဒါက တဖက်လှည့် (နားလည်မှု) ပေါ့ဗျာ။ ထိုင်းရဲတွေ၊ စစ်တပ်၊ ထောက်လှမ်းရေး အားလုံး ဂွင်ဖန်တဲ့ ကိစ္စ။ ဒါ့ကြောင့် ထိုင်းထောက်လှမ်းရေးလက်မှတ်ကိုင်ပြီး ထိုင်းနိုင်ငံ အနှံ့  သွားနိုင်တယ်။ ဖမ်းတဲ့အခါဆိုရင် လက်မှတ်ထုတ်ပေးတဲ့ အရာရှိကိုဖုန်းဆက်လိုက်။ အများအားဖြင့်အဆင်ပြေတယ်။ တခါတလေတော့...သူတို့အချင်းချင်း ညစ်ရင် ကိုယ်လည်းပဲလှော်ကြားက ဆားပဲ။ ကိုယ့်မှာ မြန်မာပြည်က Passport မရှိ။ သွားရလာရတာ အရမ်းဒုက္ခရောက်တယ်။ ရဲတွေ့ရင် ရင်တုန်နေပြီ။ စိတ်က အလိုလိုဖြစ်လာတာ။

သြစတျေးလျနိုင်ငံရောက်တော့ နှစ်နှစ်သက်တမ်းပြည့်တော့ တခါတည်း နိုင်ငံသားခံယူတယ်။ မြန်မာပြည်လည်းပြန်မရ။ မြန်မာပက်စပို့ကလည်း သိတဲ့အတိုင်း နိုင်ငံတကာမှာအရမ်းအနှိမ်ခံရတယ်။ သြော်စီမှာနေတာဆိုတော့ သြေီာစီနိုင်ငံသားအဖြစ် ခံလိုက်ရင် အနည်းဆုံးမဲပေးလို့ရတယ်။ ဒီအခွင့်အလမ်းကို အသုံးချတယ်။ သြစတျေးလျနိုင်ငံသားအဖြစ် သက်တမ်းပြည့်တာနဲ့ ခံယူလိုက်တယ်။

သြစီနိုင်ငံသားအဖြစ်ရောက်တော့ မဲပေးရတယ်။ သြစီမှာရွေးကောက်ပွဲလုပ်တိုင်းမဲပေးရတယ်။ အစိုးရက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေလုပ်တိုင်း မဲပေးရတယ်။ ဥပမာ Day Light Saving ကို သြစီပြည်နယ်တိုင်းက လက်ခံသင့်၊ မခံသင့် ဆုံးဖြတ်တော့ မဲပေးရတယ်။ မဲသွားမပေးရင် ဒဏ်ကြေးတစ်ယောက်ကို ဒေါ်လာ ၄၀ နီးပါးပေးရတယ်။ နှစ်ယောက်ဆိုရင် ၈၀-နီးပါး။ ဒေါ်လာ ၈၀-ဆိုရင် ဘီယာ နှစ်ဖါတော့အနည်းဆုံးရတယ်။ ဆိုတော့ လူတိုင်းမဲသွားပေးတယ်။

မနေ့ကလည်းမဲပေးရတယ်။ Federal Election ပေါ့။ သတင်းထဲမှာ အတိုက်အခံဖြစ်တဲ့ လစ်ဘရယ်ကိုပေးပါ။ လက်ရှိအစိုးရ လေဘာကိုပေးပါ။ ဘာ့ကြောင်ပေးပါဆိုတဲ့ ဆင်ခြေတွေလည်းရှိသေးတယ်။ ပြောရင်တော့တပုံကြီး။ အဓိကပြောချင်တာတဲ့ အကြောင်းအရာက ဒီလို။ TV မှာကြေငြာတာတဲ့ဟာကို အရင်ကြည့်။ လက်ရှိအစိုးရဖြစ်တဲ့ လေဘာကပြောတယ်..။ လစ်ဘရယ်ပါတီရဲ့ ပေါ်လစီကိုထောက်ပြတယ်။ အလုပ်သမားတွေကိုခေါင်းပုံဖြတ်မဲ့အစိုးရပေါ့။ အကယ်၍သူတို့တက်လာရင်။ ဥပမာ Work Choice ပေါ်လစီ။ ဒီပေါ်လစီအောက်မှာ အလုပ်သမားတစ်ယောက်ရဲ့ ဘ၀၊ ခံစားခွင့်က အလုပ်ရှင်ရဲ့  စိတ်ပေါ်မှုတည်တယ်။ သေဆိုသေ၊ ရှင်ဆိုရှင်။

လစ်ဘရယ်ပါတီကလည်း လက်ရှိအစိုးရလေဘာရဲ့ အားနည်းချက်ကိုထောက်ပြတယ်။ ဥပမာ လေဘာအစိုးရကြောင့် အကြွေးတွေများလာတယ်။ ကုန်ဈေးနှုံးတွေကြီးလာတယ်။ သြော်စီကို လှေနဲ့ခိုးဝင်ဖို့လူတွေများလာတယ်။ သူတို့ကြောင့် တနှစ်ကို ဒေါ်လာ ၁.၁ ဘီလီယံကုန်တယ်။ လှေတွေကိုရပ်နိုင်ရင် ၁.၁ ဘီလီယံက ပြည်သူတွေအတွက်ဖြစ်မယ်။ ဒါမျိုး။ ဒါက အဓိကပါတီနှစ်ခု ဖြစ်တဲ့ လေဘာနဲ့လစ်ဘရယ်မဲဆွယ်တဲ့အကြောင်းအရာ။

ဘာ့ကြောင့် မဲပေးတာလဲ။


ကျနော်နဲ့ ကျနော့်မိန်းမ မဲပေးတဲ့နေ့ရောက်တော့မဲရုံကိုသွားတယ်။ Fine ထိမှာစိုးလို့ သွားပေးတယ်။ မဲရုံကိုရောက်တော့ လူတွေတန်းစီပြီးမဲပေးဖို့စောင့်နေတယ်။ မဲရုံဝမှာ ပါတီအသီးသီးက သူတို့ပါတီကို ပေးဖို့အတွက် လက်ကမ်းစာစောင်တွေပေးတယ်။ ဒါက လောဘာအမတ်၊ ဒါက လစ်ဘရယ်ရဲ့ အမတ်။ ဒါက Gireen ရဲ့ အမတ်။ အော်ဟစ်ဆူညံခြင်းမရှိ။ တစ်ပါတီနဲ့တစ်ပါတီ ပေါက်ကရမပြော။ သူတို့အချင်းချင်းလည်း ပျော်နေကြတယ်။ ဒါနဲ့ မဲပေးဖြစ်တယ်။

ကျနော်က Green ပါတီကိုမဲထည့်တယ်။ ဒီပါတီက ကြားပါတီ။ သဘာဝပတ်ဝန်းကျင်ကိုအထူးကြင်နာတယ်။ ပါလီမန်မှာ အားနည်းသူ။ မြန်မာပြည်မှာရှိတဲ့ သြစီရင်းနှီးမြုပ်နှံမှုတွေကိုထွက်ဖို့ အာ, တဲ့သူ။ အားပေးသူ။ ဒါကြောင့် Green ပါတီကို မဲထည့်တယ်။

ကျနော်ပြီးတော့ ကျနော့်မိန်းမအလှည့်။ နင်..ဘယ်ပါတီကိုမဲပေးမလဲလို့မေးတယ်။ မိန်းမကပြောတယ်။ လစ်ဘရယ်ကို ပေးမယ်တဲ့။ သူမ လစ်ဘရယ်ပါတီကိုမဲပေးခဲ့တယ်။ ဘာ့ကြောင့်ပေးရလဲဆိုတော့ လေဘာအစိုးရတက်လာတာ ရေဖိုး၊ မီးဖိုး၊ ကုန်ဈေးနှုံးတက်လာတယ်။ အလုပ်တွေရှားလာတယ်။ အထူးသဖြင့် ကုန်ဈေးနှုံးကြီးလာတယ်။ ဒါ့ကြောင့် မဲပေးတယ်တဲ့။ သူ့အိုင်ဒီယာနဲ့သူ။ သူ့အတွက် မကိုက်ဘူးလေ။

ကျနော့်ရဲ့ အထူးသူငယ်ချင်းဖြစ်တဲ့ ABSDF က ကိုသီဟရွှေလည်းမဲပေးရတယ်။ သူက မဲမပေးခင် တစ်ရက်အလိုမှာ အရက်သောက်ရင်း ဘယ်ပါတီကိုပေးမလဲပေါ့။ ကျနော့်ပါတီကို ကျနော်ပြောတယ်။ Green ပါတီ။ ကြားလူ။ အားနည်းသူ။ ဒါက ကျနော့် ခံစားချက်။ သူကြတော့ လေဘာကိုပေးမယ်လို့ပြောတယ်။ ဘာ့ကြောင့်လဲဆိုတော့ လေဘာအာဏာဆက်ရရင် အစိုးရထောက်ပံ့ကြေးကို မှီခိုနေတဲ့သူ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ ခံစားခွင့် (ငွေ) ပိုရမယ်။ ဒါ့ကြောင့် သူပေးမယ်တဲ့။ သူက လက်ရှိ Disable (မသန်မစွမ်း) ရာထူးနဲ့ အစိုးရထောက်ပံ့ကြေးခိုမှီနေသူ။ သူမဲပေးတဲ့ရည်ရွယ်ချက်။ သူ့အတွက် ကိုက်မဲ့ပါတီကိုသူရွေးခဲ့တယ်။

အားလုံးက ကိုယ့်ရဲ့ အကျိုးစီပွားပေါ်ကို တက်လာတဲ့အစိုးရတွေဘာများလုပ်ပေးနိုင်မလဲဆိုပြီးရွေးခဲ့ကြတယ်။ ကျနော့်က ကျနော့်ရဲ့ ဘ၀ကို ရွေးကောက်ခံအစိုးရက ဘာလုပ်ပေးနိုင်မလဲ။ ကျနော့်သူငယ်ချင်း၊ ကျနော့်မိန်းမက သူ့ဘ၀အတွက် အဆင်ပြေအောင် တက်လာတဲ့အစိုးရ ဘာများလုပ်ပေးမလဲ။ ဒီအပေါ်ကြည့်ပြီး ကျနော်တို့ သြစတျေးလျအစိုးရကို ရွေးချယ်ကြတယ်။

ဒါက သြစီက မြန်မာတွေ သြစီအစိုးရအတွက် ဘယ်လိုမဲပေးရလဲ၊ ဘာရည်ရွက်နဲ့ ကျနော်တို့မဲပေးရခဲ့လဲဆိုတဲ့ကိစ္စ။ အားလုံးကလွတ်လွတ်လပ်လပ်။ ရန်ဖြစ်တာမရှိ။ မဲမလိမ်။ မဲမ၀ယ်။ ဒါလေးကို မသိတဲ့သူတွေအတွက် သိအောင်ပြောပြချင်လို့ပါ။ အခြားအထွေအထူးတော့ ဘာမှမပါ။ တခုတော့ရှိတယ်။ ကျနော်ခံစားချက်က သြော်စီမှာ လူကိုလူလို ဆက်ဆံခံရတော့ နေရတာပျော်တယ်။ ဒါ့ကြောင့် သြော်စီနိုင်ငံသားအဖြစ်ခံခဲ့ပါတယ်။ ဒါဆိုရင် ကျနော့်အတွက် ကိုက်တယ်။

View My Stats