ကမ္ဘာကြီးပူနွေးလာပြီ။ အိုဇုန်းလွှာ ပါးလာပြီ။ ဖန်လုံအိမ်ဓာတ်ငွေ့ ကြောင့် ရာသီဥတုတွေ တဖြည်းဖြည်းဖောက်ပြန်လာနေပြီ။ သစ်တောတွေ တဖြည်းဖြည်း ပြုန်းလာနေသည်။ စိုက်ပျိုးလို့ရတဲ့ မြေနေရာတွေ ပျက်ဆီးလာနေသည်။ မြစ်ချောင်း အင်အိုင်တွေ တိမ်ကောလာနေသည်။ တိရဆ္ဆန်နဲ့အပင်တွေ တဖြည်းဖြည်း မျိုးတုန်းလာနေသည်။ ဒါက လက်ရှိ ၂၀၁၁-ကာလဖြစ်တဲ့ လက်ရှိရာစုနှစ်မှာ မြင်တွေ့ နေရတဲ့အခြေအနေပါ။
နောက်ထပ်နှစ်ပေါင်း ၁၀၀ အတွင်းမှာ ပိုပြီးဆိုးရွားလာနိုင်တယ်လို့ သိပံပညာရှင်တွေက တွက်ချက်ပြီး ဖြစ်နေပါတယ်။ဒီကာလကို ပိုလို့အရေးကြီးတဲ့ကာလလို့ သတ်မှတ်လာနေပါပြီ။ ဒါ့ကြောင့် တကမ္ဘာလုံးက အစိုးရတွေဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်တွေ၊ သုတေသနတွေ၊ ဥပဒေတွေနဲ့ ကျနော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးကို ၀ိုင်းပြီး ကာကွယ်နေကြပါပြီ။ ရည်ရွယ်ကတော့ လက်ရှိဘ၀အတွက်တင်မဟုတ်ပါဘူး။ နောင်မှာမွေးလာမဲ့ ကျနော်တို့သားတွေ၊ သမီးတွေရဲ့ ရင်သွေးတွေအတွက် နောင်အေးစိတ်အေးရအောင်ဆိုပြီး ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်နေကြတာဖြစ်ပါတယ်။
ကျနော်တို့အားလုံးဟာ ကမ္ဘာမြေပေါ်က သယံဇာတွေကို အမှီပြုပြီး အသက်ရှင်နေကြရတယ်။ မြေကြီးကို အမှီပြုပြီး အပင်စိုက်ရတယ်။ အကောင်ပလောင်တွေကို စားသောက်ပြီး အသက်ရှင်ရတယ်။ ဒါတွေသာ သုံးလို့မရတော့ရင်၊ ဒါတွေကိုထိလာရင် ကျနော်တို့လည်းအသက်ရှင်ဖို့မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ကမ္ဘာကြီးကို ထိခိုက်လာနိုင်မဲ့ အခြေအနေတွေမှန်သမျှကို ကြိုတင်ကာကွယ်ကြရပါတယ်။ ဆိုးနေတဲ့အခြေအနေကို ကောင်းအောင် မြှင့်တင်နေကြပါပြီ။
ဒီလိုကာကွယ်တဲ့နေရာမှာ နိုင်ငံတွေ တစ်ခုနဲ့ တစ်ခု ပူးပေါင်းပြီး လုပ်ကြတယ်။ နိုင်ငံတွေ ဆုံတွေ့ ပြီး နိုင်ငံတကာဆိုင်ရာ သဘောတူညီချက်တွေ ပြဌာန်းအတည်ပြုပြီး လိုက်နာကြပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ငါ့နိုင်ငံနဲ့ မဆိုင်ဘူးဆိုတဲ့အတွေးမျိုးရှိလို့မရပါဘူး။
သဘာဝပတ်ဝန်းကျင်အခြေအနေ၊ ဆိုးရွားမှုနဲ့သက်ရောက်မှုတွေဟာ နိုင်ငံတခုကနေ နိုင်တခုဆီကို ကူးလူးပြန့်ပွားနိုင်တဲ့အတွက် နိုင်ငံတိုင်း ပူးဆောင်ရွက်မှု့ မှာ ပါဝင်ရပါတယ်။ လက်တွေ့  အကောင်အထည်ဖော်ရပါတယ်။ ဒါက တာဝန်တစ်ခုပါ။ ဒီလိုကာကွယ်ဆောင်ရွက်တဲ့နေရာမှာ အရေးကြီးဆုံးက ပြည်သူတွေရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ဗဟုသုတကို ပိုပြီးမြှင့်တင်ဖို့လိုပါတယ်။ သူတို့ တွေဟာ ဒီနေရာမှာ အဓိက မောင်နှင်အားဖြစ်လို့ပါ။ သူတို့မပါပဲနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးလုပ်တဲ့နေရာမှာ အောင်မြင်မှုလုံးဝမရှိနိုင်ပါဘူး။ ဒါ့ကြောင့် နိုင်ငံတွေဟာ သူတို့နိုင်ငံရဲ့  စာသင်ကျောင်းတွေမှာ ပတ်ဝန်ကျင်ဆိုင်ရာ ပညာရေး ဘာသာရပ်တစ်ခုကို မသင်မနေရ သင်ကြားရပါတယ်။ အထူးသဖြင့် မှုလတန်းကနေ အထက်တန်းအထိ ပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ် သင်ရိုးညွှန်းတမ်းတွေကို အစိုးရက ဖန်တီးပေးပါတယ်။ ဒါမှ ခလေးတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ဗဟုသုတ နဲ့ အသိပညာ ရရှိမယ်လို့ဆိုတယ်။ သူတို့နားလည်လေ ပိုပြီး ထိန်းသိမ်းစောင့်ရှောက်ရကောင်းလေပါပဲ။
ဒီလို ဘာသာရပ်မျိုး ဗမာပြည်မှာ လုံးဝမရှိသေးပါဘူး။ လက်ရှိအနေအထားမှာ မရှိပေမဲ့ နောင်မှာရှိလာအောင်ဆိုတဲ့စေတနာနဲ့ ဒီစာကို ရေးပါတယ်။ အားလုံးသိတဲ့အတိုင်း ကျနော်တို့ တိုင်းပြည်ဟာ လက်မှုနိုင်ငံအဆင့်အတန်းမှာပဲရှိပါသေးတယ်။ စက်မှုနိုင်ငံဖြစ်ဖို့ အများကြီးလိုပါသေးတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးအောင် အဓိက လုပ်တဲ့နိုင်ငံတွေကတော့ စက်မှုနိုင်ငံကြီးတွေဖြစ်ပါတယ်။ ဥပမာ အမေရိကန်လိုနိုင်ငံမျိုးတွေဖြစ်ပါတယ်။ သို့သော် ဒီနေရာမှာ စက်မှုနိုင်ငံကို ကူးပြောင်းနေတဲ့ နိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံလိုမျိုး၊ အိန္ဒိယလိုနိုင်ငံမျိုးတွေက ပိုပြီး ကြောက်စရာကောင်းပါတယ်။ လူဦးရေအရမ်းထူထပ်လို့ဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ မြို့ ကြီးတွေမှာ ကောင်းကင်က တိမ်ကိုတောင်မမြင်ရတော့ဘူး။ မြင်ရတဲ့ မြို့ တော့ရှိပါတယ်။ ကောင်းကင်မှာ တိမ်တွေအစား Smog လို့ခေါ်တဲ့ မီးခိုငွေ့ တွေနဲ့ ပြည့်နေပါတယ်။ ဒါက အင်မတန်ကြောင်စရာကောင်းတဲ့ အရာပါ။ အက်ဆစ်မိုးတွေရွာနိုင်ပါတယ်။ နောက်ပြီး မြေကြီးတွေကလည်း အပင်စိုက်လို့မရအောင် အက်ဆစ်ဓာတ်များမှု ရှိနေပါတယ်။ အက်ဆစ်ဓာတ်များတဲ့ မြေကြီးကနေပေါက်လာတဲ့အပင်တွေကို လူတွေစားသုံးမိရင် အက်စစ်တွေကို စားသုံးနေရတာနဲ့ သိတ်မကွာပါဘူး။ ဒီအခြေအနေတွေက ပတ်လည်ဖြစ်နေတဲ့ အခြေအနေပါ။
မြန်မာနိုင်ငံဟာ သူများနိုင်ငံတွေနဲ့ယှဉ်ရင် သဘာဝပတ်ဝန်းကျင်အခြေအနေ အရမ်းမဆိုးသေးပါဘူး။ စက်မှုနိုင်ငံကြီးမဟုတ်တော့ စက်ရုံအလုပ်ရုံကထွက်တဲ့ အဆိပ်ငွေတွေကိုလည်း အများကြီး မစားသုံးရသေးဘူး။ သို့သော် ဒီနေရာမှာ တစ်ခုကြောက်စရာကောင်းတာက နိုင်ငံတွင်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေ၊ ပညာရပ်တွေ၊ အခြေခံအဆောက်အအုံတွေ အရမ်းအားနည်းနေတော့ နိုင်ငံခြားCompany တွေက စွန့် ပစ်တဲ့ အညစ်အကျေးတွေကို ကောင်းကောင်းမထိန်းနိုင်ဘူး။ ကောင်းကောင်းစီမံခန့် ခွဲမှု မလုပ်နိုင်ဘူး။ ဥပမာ မုံရွာက အိုင်ဗင်ဟိုး ကုမဏီက တူးနေတဲ့ ကြေးတူး လုပ်ငန်းကနေ ထွက်တဲ့ အညစ်အကျေးတွေကို ကြည့်ပါ။ မိုင်းလုပ်ငန်းက အဓိက မြေနေရာ၊ လေထုညစ်ညမ်းမှုကို အကြီးအကျယ်ဖြစ်စေတယ်။ ဒါတွေကို ထိထိရောက်ရောက်မကိုင်တွယ်နိုင်သေးဘူး။ ဥပဒေရှိပြီး အတက်ပညာအားနည်း၊ ငွေကမရှိ၊ အခြေခံအဆောက်အအုံတွေက မပြည့်စုံရင်တော့ ကျနော်တို့ နိုင်ငံဟာ ဘယ်လိုမှ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်မှာမဟုတ်ပါဘူး။ လူတွေက ယနေ့ အချိန်အထိ မြေကြီးနဲ့ လက်ကို ပဲ အဓိကအသုံးပြုပြီး အသက်ရှင်နေရတာဆိုတော့ ဒီမြေကြီးနဲ့ ဒီလေထုကိုသာ ထိ ရင်တော့ ကျနော်တို့ ကိုယ့်ကိုယ်သက်သေသလိုနဲ့ တူနေပါတယ်။
ယနေ့ ကာလမှာ အခြားတိုင်းပြည်တွေဟာ သူတို့နိုင်ငံရဲ့ သဘာဝသယံဇာတွေဖြစ်တဲ့ မြစ်ချောင်းအင်အိုင်တွေကို မထိစေတဲ့ ဖွံ့ ဖြိုးတိုးတက်မှုတွေကို အကောင်အထည်ဖော်ပါတယ်။ ထိလာမယ်ဆို့ ယူဆရင် သူတို့ ဘယ်တော့မှအကောင်အထည်မဖော်ပါ။ ဥပမာ သြစတျေးလျနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစောင့်ရှောက်မှုကို လေ့လာကြည့်ပါ။ သူတို့မြစ်တွေကို ရွှေထက်တောင် တန်ဖိုးထားပါတယ်။
ဒီနေ့ မြန်မာပြည်ဟာ ဖြစ်သလိုစောင့်ရှောက်နေတဲ့ နိုင်ငံအဆင့်မှာပဲရှိပါသေးတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်တွေ၊ အခြေခံအဆောက်အအုံတွေ၊ ဥပေဒေတွေ၊ ကျွမ်းကျင်မှု့ အတတ်ပညာတွေကို အကောင်အထည်ဖော်က အချိန်အတော်ယူရပါတယ်။ အလွယ်ကူဆုံးကတော့ စာသင်ကြောင်းတွေမှာ အခြေခံကာကွယ် မြှင့်တင်တဲ့ ဗဟုသုတကို အဓိက ဦးစားပေးလုပ်ရင် ဖြစ်နိုင်ပါတယ်။ ငွေကြေးကုန်ကျမှုနဲ့ အချိန်ကာလ သိတ်ပြီး မယူရတော့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့ကြောင့် လက်ရှိအစိုးရအနေနဲ့ အလွယ်ကူဆုံးဖြစ်တဲ့ မှုလတန်းကနေ အထက်တန်းထိသင်တဲ့ ကျောင်းတွေမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်ကို စတင်သင်ကြားဖို့ တိုက်တွန်းလိုက်ပါတယ်။
ဆက်ရန်-