NHEC ရဲ့  ၀က်ဆိုက်ဖြစ်ပါတယ်
၁၉၉၂ ခုနှစ်ကစပြီး ဒီနေ့အထိအောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာကအလှူရှင်တွေလည်း ဒေါ်လာသန်းနဲ့ချီပြီးလှူဒါန်းခဲ့တာကို အတိအကျမသိပေမဲ့ တစွန်းတစကြားခဲ့ရပါတယ်။ မွန်ပြည်သစ်ပါတီ ကြီးစိုးတဲ့ ဒေသကကျောင်းတွေ၊ KNU ဒေသက ကျောင်းတွေ၊ ဆရာ၊ ဆရာမတွေကို ပညာရေးဆိုင်ရာအကူအညီတွေအများကြီးပေးခဲ့ပါတယ်။
NHEC မှာပါတဲ့ဝန်ထမ်းတွေအားလုံး လစာရပါတယ်။ ကျနော်တို့လူဘောင်သစ်ပါတီကလည်း အဲဒိအဖွဲ့မှာ ၀င်လုပ်ပါတယ်။ ကိုယ်စားလှယ်တစ်ယောက်ရှိတယ်ပေါ့ဗျာ။
အခု NHEC အဖွဲ့ပျက်ပြီ။ အလုပ်လုပ်ဖို့ ရုံး,တောင်မရှိတော့ဘူးလို့ ကြားတယ်။ ဘတ်ငွေသန်းနဲ့ချီပြီး ငွေကိုင်က ပြေးတော့ ဒိုနာတွေလည်း မယုံတော့ဘူး။ ဒါ့ကြောင့် ဒိုနာတွေလည်းပိုက်ဆံမပေးတော့ဘူး။ မပေးတော့ ဘယ်သူတွေနစ်နာလဲလို့ပြောရင် နယ်စပ်တစ်လျှောက်မှာ NHEC ပေးခဲ့တဲ့၊ ကူညီခဲ့တဲ့ ကျောင်းတွေ၊ ဆရာ၊ ဆရာမတွေ ဒုက္ခရောက်ရကုန်ပြီ။ ကျောင်းသားပေါင်း သောင်းဂဏန်းမကဘူး။ ဆရာဆရာမတွေလည်း နည်းတာမဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးဖြစ်အောင်ဖန်တီးခဲ့တဲ့အတွက် NHEC မှာ တာဝန်ယူခဲ့တဲ့လူတွေအားလုံး တရားခံဖြစ်တယ်ဆိုတာကိုပြောချင်ပါတယ်။ ဒါဟာသမိုင်းပါ။
NHEC ဟာ ဘယ်တုံးကမှ ပြည်သူကို မီဒီယာကနေ Annual Report မလုပ်ခဲ့ပါဘူး။ သူတို့အဖွဲ့က အကျိုးအမြတ်ကို အခြေမခံတဲ့အဖွဲ့အစည်းဆိုရင်နှစ်စဉ် Annual Report ကို အားလုံးသိအောင်တင်ပြရပါတယ်။ ဒီလိုအခြေအနေကို NHEC မလုပ်ခဲ့ပါဘူး။ သူတို့ Web Site မှာ ဒါနဲ့ပက်သက်ပြီးရှာကြည့်ပါ။ အလားတူ ဒီလိုမျိုး ဘယ်အဖွဲ့က Annual Report လုပ်ခဲ့လဲဆိုတာကို အခြား NGOs တွေလေ့လာကြည့်တဲ့အခါမှာ တဖွဲ့တော့တွေ့ပါတယ်။ သူကတော့ Earth Rights International (ERI) ပါပဲ။ ချင်းမိုင်မှာ အဓိကအခြေစိုက်တယ်။
ERI ရဲ့  ၂၀၀၈-ခုနှစ် ရသုံးငွေစာရင်းရှင်းတမ်း
နယ်စပ်အခြေစိုက်၊ ထိုင်းအခြေစိုက်၊ ပြည်တွင်းအခြေစိုက် NGOs တွေ Annual Report ကို ဘာ့ကြောင့် မတင်ကြတာလဲဆိုတာကို စဉ်းစားစရာပါ။ အကျိုးအမြတ်ကို အခြေမခံတဲ့ လူမှုရေးအဖွဲ့အစည်း၊ စေတနာဝန်ထမ်းအဖွဲ့တွေဟာ မိမိရသုံးစာရင်း၊ အောင်မြင်မှု၊ ရှုံးနိမ့်မှုကို ထင်သာမြင်သာရှိအောင်တော့ အခြားပတ်ဝန်းကျင်က လူတွေကိုချပြသင့်ပါတယ်။ ဒီလိုအခြေအနေကို ကျနော်တို့တော်လှန်ရေးအတွင်းမှာ မရှိတာကိုက အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။ ဒါ့ကြောင့်လည်း အပြင်လူတွေက လုပ်စားတယ်လို့ပြောကြတာပေါ့။
NGO အပြင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ NGO ဆီက အကူအညီရတဲ့ အဖွဲ့တွေ ဒီလိုမျိုးလုပ်သလားဆိုတော့ မလုပ်ကြပြန်ဘူး။ ရန်သူသိမှာစိုးလို့ဆိုတဲ့ ဆင်ခြေတွေလက်တွေကို ကျောပိုးအိတ်ထဲမှာအကြီးကြီးထမ်းထားကြတယ်။
ဒီလိုအခြေအနေတွေဆက်ဖြစ်အုံးမယ်ဆိုရင်တော့ NHEC လို ငွေများများရတဲ့အဖွဲ့တောင်ပျက်ပြီပဲ။ ဘာမှရှည်ရှည်ဝေးဝေးမစဉ်းစားနဲ့တော့ ကျန်တဲ့အဖွဲ့တွေလည်းပျက်မှာပဲ။ အဓိက လိုအပ်နေတာကတော့ အဖွဲ့အစည်းတိုင်းဟာ စီးပွားရေး Company မဟုတ်တဲ့အတွက် Annual Report လုပ်ပြီး ပြည်သူကို အသိပေးသင့်ပါကြောင်းတိုက်တွန်းပါရစေ။
မှတ်ချက်။ ။ NHEC နဲ့ပက်သက်ပြီး သိသလောက် Comment ပေးခဲ့ကြပါ။