ဇူလိုင်၊ ၁၁ ရက်။ နေ့ - ၂း၁၅ နာရီ
ကမ္ဘာသူ ကမ္ဘာသားအားလုံး စိတ်လှုပ်ရှားခံစားမှုတွေ ဝေေ၀ဆာဆာ ထွေထွေကာကာနဲ့ အုန်းအုန်းထထ လှုပ်လှုပ်ရွရွဖြစ်ခဲ့ကြရတဲ့ ၂၀၁၀-ကမ္ဘာ့ဖလားဘောလုံးဗိုလ်လုပွဲကြီးကတော့ “ပြီးပါပြီ”စာတမ်းထိုး တစခန်း သိမ်းသွားခဲ့ပြီပေါ့ဗျာ။ တစီစီညံနေတဲ့ ဘူဘူဇီလာဟွန်းမှုတ်သံတွေကြားမှာ ရွှေရောင်တဖိတ်ဖိတ်လဲ့ထနေပြီး အစဉ်အလာနဲ့ ဂုဏ်သိမ်ကြီးမားလှတဲ့ကမ္ဘာ့ဖလားကြီးကို ဥရောပတိုက်က စပိန်အသင်း ထိုက်ထိုက်တန် တန်ကိုင်မြှောက်ပြီး အောင်ပွဲခံ ချန်ပီယံကြီး ဖြစ်သွားခဲ့ပါပြီ။
စပိန်အသင်းဟာ ကမ္ဘာ့ဖလားဘောလုံးပွဲကြီး စတင်ကျင်းပခဲ့တဲ့ ၁၉၃၀- ခုနှစ်ထဲကနေ အခု ၂၀၁၀-ခု (၁၉) ကြိမ်မြောက်အထိ တခါသားကမှ ဖလားကိုင်ခဲ့ဖူးခြင်းမရှိလို့ ချန်ပီယံအသစ်စက်စက်လို့လည်းဆိုနိုင်တာပေါ့။
ဒါကိုက တခါလာ မဲပြာပုဆိုးဆိုသလို ဘောလုံးအင်အားကြီး အင်အားလွန်တွေလို့တောင်ဆိုရမယ့် ဘရာဇီး တို့၊ အာဂျင်တီးနားတို့၊ အီတလီ၊ ဂျာမဏီတို့ အစရှိသည်ဖြင့် ဖြစ်နေကျကိစ္စတခုလို မြင်နေကျမောင်တွေ တွေ့နေကျ မျက်နှာဟောင်းတွေမဟုတ်တော့လို့ ဒီတကြိမ် ချန်ပီယံအသစ်စက်စက်စပိန်အသင်းကို ကျနော် တော့ တော်တော်နှစ်ထောင်းအားရ ဖြစ်မိသဗျ။
[ချန်ပီယံဆိုတာလည်း ဆက်တိုက်လိုဖြစ်ပါများရင် “အီ”လာတတ်တယ်ထင်ပါရဲ့။ (ဤကား စကားချပ်)]
ဒီနေရာမှာ သာမန်ဘောလုံးဝါသနာအိုးတွေမပြောနဲ့ ကမ္ဘာ့ထိပ်သီးဘောလုံးဂုရုကြီးတွေကအစ ကွာတားဖိုင် နယ်လို့ခေါ်တဲ့ (၈)သင်းရှုံးထွက်အဆင့်ရောက်တော့ ထင်ကြေးတွေ တစ်ကြိုဟောကိန်းတွေထုတ်ခဲ့ကြတာ တက်တက်စင်အောင် လွဲပါကြရောလားခင်ဗျာ။
ဒီတကြိမ်ကမ္ဘာ့ဖလားကတော့ ဥရောပကိုဆန်ပြီး တောင် အမေရိကားကို ပါသွားတော့မတဲ့။ အင်း! တကယ်ကိုဆိုရလောက်အောင်လည်း အဆင်က လှခဲ့တာကိုးဗျ။ ဘောလုံးမှာ ဘုရားထူးရလောက်တဲ့ စူပါပါဝါ ဘရာဇီးတို့၊ ဘောလုံးရာဇာ အာဂျင်တီးနားတို့၊ ချန်ပီယံနှစ် ကြိမ်ဖြစ်ဖူးခဲ့တဲ့ ဥရုဂွေးနဲ့ နောက် ပါရာဂွေးတို့တွေ ကွာတာဖိုင်နယ်အဆင့်ထိ အုံနဲ့ကျင်းနဲ့ အုပ်စုဖွဲ့ပျံသန်း လာကြတာကိုး။
ပြီးတော့ ကမ္ဘာ့ဖလားပွဲကို ကိုယ်တိုင်ကစားသမားအဖြစ်ပါဝင်ဆင်နွှဲပြီး ဖလားကိုင်မြှောက် နိုင်ခဲ့ကြတဲ့ ဘရာဇီးက ဒွန်ဂါတို့၊ အာဂျင်တီးနားကဆိုရင် ကမ္ဘာ့ဘောလုံးပရိတ်သတ်များအသည်းကျော် စူပါ စတား မာရာဒိုနာတို့က အသင်းမန်နေဂျာကြီးတွေအဖြစ်နဲ့ပါနေကြလေတော့ ထင်ကြေးတွေ တစ်ကြို ဟော ကိန်းတွေက တောင်အာဖရိကတိုက်ဘက်ဆီကို သာသာထိုးထိုးလေး တွက်ခဲ့ကြသပေါ့ဗျာ။
မာရာဒိုနာကြီးဆိုရင် သူ့အသင်းကမ္ဘာ့ဖလားပိုက်လာလို့ကတော့ အာဂျင်တီးနားရဲ့မြို့တော် (Buenos Aries) မှာ ကိုယ်တုံးလုံးချွတ်ကြီးပြေးပြီး အောင်ပွဲခံမယ်ဆိုပဲ။ ဒါပေမယ့် သူဝမ်းသာလုံးဆို့အောင်ပွဲခဲ့မယ့်ပုံကို မြို့ တော်စောင့် နတ်မင်းကြီးကပဲ မကြိုက်လေသား ကမ္ဘာ့ဖလားကိုစောင့်ကြပ်တဲ့ နတ်ဘုရားများကပဲ မနှစ်မြို့ လေသလားတော့မသိ၊ အာဂျင်တီးနားနိုင်ငံသားတွေ စိတ်နုလုံးမချမ်းမသာမျက်စေ့နောက်ရမဲ့ဘေးက သက် သာရာ ရသွားခဲ့ရသဗျ။ သို့ပေတဲ့လို့ ကိုယ့်နိုင်ငံအသင်း ကမ္ဘာ့ဖလားကြီးပိုက်ပြီး အောင်ပွဲဆင်မြန်းလာမှာကို တော့ ဘယ်သူမမြင်ချင်ဘဲ ရှိပါ့မလဲပေါ့ဗျာ။
ပါရာဂွေးနိုင်ငံက အသက် ၂၄ နှစ်သာရှိသေးတဲ့ အတွင်းခံဖက်ရှင်မယ်မယ်လေး Larissa Riquel ဆိုတာက လည်း သူတို့အသင်းသာ ကမ္ဘာ့ဖလားရရင် အ၀တ်မပါဘဲ ၀စ်လစ်စလစ် မိမွေးတိုင်းဖမွေးတိုင်းအလှနဲ့ လမ်း မပေါ်မှာ ခုန်ပေါက် အောင်ပွဲခံပြမယ်လို့တောင် ကတိပေးခဲ့သတဲ့။ ကမ္ဘာ့ဘောလုံးပွဲပရိတ်သတ်ကြီး အလယ် မှာ ခန္ဓာကိုယ်အပေါ်ပိုင်းအလှကို တ၀က်မကဖော်ထားပြီး ရင်နှစ်မွှာအစုံကြား လက်ကိုင်ဖုန်းညှပ်ထားတဲ့ သူ့ ရဲ့အော်ဟစ် ခုန်ပေါက်အားပေးနေဟန်က မီဒီယာမျက်နှာစာမှာ ဘောလုံးပွဲနဲ့အပြိုင် ရင်ဖိုစိတ်လှုပ်ရှားစရာ။ ဘောလုံးပွဲကိုတိုက်ရိုက် တီဗွီရိုက် ထုတ်လွှင့်ပေးနေတဲ့ကင်မရာမင်းများကလည်း ရုပ်မြင်သံကြားပရိတ်သတ် အတွက် အဖက်ဖက်ကအာရုံခံစားစေချင်တဲ့ စေတနာနဲ့ပြကြထင်ပါရဲ့။ ဒီလိုဆိုတော့ ပါရာဂွေးကို ဖလားရ စေချင်တဲ့သူများရှိနေရင်တောင် စာနာချင်သလိုလိုတော့ ဖြစ်မိသားဗျာ။
ပြောမယ့်သာပြောတယ်၊ ဒီနှစ်ကမ္ဘာ့ဖလားဘောလုံးပွဲက မဖြစ်စဖူး အာဖရိကတိုက်မှာကျင်းပခဲ့လို့လားတော့ မဆိုနိုင်ဘူး။ ထူးထူးထွေထွေဖြစ်ရပ်တွေကြားရသိရတာအများသား။ မီဒီယာတွေရဲ့အားကောင်းချက်ကြောင့် ပေလားတော့မသိ။ စိတ်လှုပ်ရှားစရာအဖြစ်တွေ အများသားနဲ့ပါဗျာ။ ကျနော်တို့ချစ်ကြည်ညိုတဲ့ ငြိမ်းချမ်း ရေးနိုဘယ်လ်ဆုရှင်ကြီးနယ်လ်ဆင်မင်ဒဲလားကို ကမ္ဘာ့ဖလားဘောလုံးပွဲအဖွင့်နေ့မှာ ပြုံးပြုံးကြီးကျေနပ်ပီတိ ဖြစ်နေမှာကိုမျှော်လင့်နေမိပေမယ့် ပွဲမစမီနေ့မှာ သူ့မြေးမလေး ကားမတော်တဆဖြစ်မှုနဲ့ သေဆုံးသွားခဲ့လေ တော့ ဖွင့်ပွဲအခမ်းအနားကို သူ့ခမျာ မတက်လိုက်နိုင်ရှာဘူးလေ။ ဒီလွဲချော်မှုက အသက်(၉၂)နှစ် ရှိပြီဖြစ်တဲ့ ကမ္ဘာ့ဂုဏ်ဆောင် ကမ္ဘာပြည်သူတို့ရဲ့မေတ္တာခံပုဂ္ဂိုလ်ကြီး နောင်တကြိမ်ပြန်မရနိုင်တော့တဲ့အဖြစ်ကိုးဗျ။
နောက်တခုက တောင်အာဖရိကဆိုတာ ကျနော်တို့နိုင်ငံရဲ့နိုင်ငံရေးကံကြမ္မာနဲ့ယှဉ်တွဲပြီး ရင်းနှီးရင်းစွဲရှိနေခဲ့ ပေမယ့် အာဖရိကတိုက်သားတွေ ဘောလုံးပွဲကိုအားတက်သရော အားပေးနေပုံတွေက ကျနော်တို့မြင်ကွင်း မှာ ထူးပေ့ဆန်းပေ့ဆိုတာမျိုးလည်း ခံစားရသဗျ။ ဒီပွဲကြီးမစမီက အကြမ်းဖက်သမားတွေရဲ့အန္တရာယ်က စိုး ရိမ်ရတယ်လို့တွက်ဆထားပေမယ့် အာဖရိကသားတွေ တခြားနိုင်ငံသားတွေနဲ့အပြိုင် လွတ်လပ်မြူးတူးပြီး အားပေးနေကြပုံက ကျနော်တို့လို မလွတ်လပ်မှုအပေါင်းနဲ့ အသားကျနေရတဲ့လူများအဖို့ အားကျစရာပါဗျာ။
ဘူဘူဇီလာတွေကိုမှုတ်ရင်း၊ ဆေးရောင်စုံကြောင်ကြောင်ကျားကျားတွေ မျက်နှာနဲ့ခန္ဓာကိုယ်အနှံ့မှာ သုတ် လိမ်းခြယ်သရင်း၊ သူတို့ခန္ဓာကိုယ်ကြီးတွေကို မနားတမ်းယိမ်းနွဲ့လှုပ်ယမ်း ကခုန်နေကြပုံဟာ အာဖရိကဗုံသံ တွေတောင် အတိုင်းသားကြားလာရတဲ့အထိ။ သူတို့အားပေးမှုက မသကာ ကွင်းထဲက ဘောသမားတွေ လောက် မပင်ပန်းရင်တောင် အတော်ကို တက်တက်ကြွကြွ အပင်ပန်းခံ အားပေးကြတာကလားဗျာ။
ကျနော်စိတ်ဝင်တစားအဖြစ်ဆုံးတခုကတော့ မြောက်ကိုရီးယားဘောလုံးအသင်းခင်ဗျ။
လတ်တလော ကမ္ဘာ့ ရေးရာတွေမှာ တရွာလုံးနဲ့တယောက်ဆိုတာမျိုးဖြစ်နေတဲ့ ငပွကြီးပေါ့၊ ပြိုင်ပွဲမစမီ ဆိုင်ရာကစားသမားတွေ ဟာ ကိုယ့်နိုင်ငံတော်အလံရှေ့မှာ သီချင်းဆိုကြရတယ်မဟုတ်လား။ ဒီနေရာမှာ မြန်မာပြည်တွင်းက လေးဇီး ကလပ်မြူးဇစ်ဘန်က ဂစ်တာအကျော်အမော် ကိုနိုင်ဇော်ပြောတာလေး သဘောကျမိသဗျ။
မြောက်ကိုရီးယားရှေ့တန်းတိုက်စစ်မှူးတယောက်ဟာ (မြောက်ကိုရီးယား ၀ိန်းရွန်နီလို့တင်စားကြတဲ့ နံပါတ် ၉ ထင်ပါ့ဗျာ) မျက်ရည်စီးထွေကျနေရင်း နိုင်ငံတော်သီချင်းကိုဆိုနေပုံကို သူ စိတ်အလှုပ်ရှားဆုံးပဲတဲ့။ ဒီမှာ ကျနော်နဲ့တိုက်ဆိုင်လိုက်ပုံများ။ ကျနော်ဟာ မြောက်ကိုရီးယားကို နအဖရဲ့နျူကလီးယားအရေးမှာ အဓိက ပါဝင်ပတ်သက်နေတာကြောင့် မလိုစိတ်ကြီးကြီးမားမားရှိနေပေမယ့် အဲဒီ့ကစားသမား မျက်ရည်တွေတွေကျ ပြီး နိုင်ငံတော်သီချင်းဆိုနေပုံကိုမြင်ရတော့ ကြက်သီးဖြန်းဖြန်းထမိတော့တာပဲဗျာ။
မြောက်ကိုရီးယားဟာ တံခါးပိတ်ဝါဒနဲ့ အထီးကျန်ဖြစ်နေတဲ့နိုင်ငံဖြစ်တာနဲ့အမျှ ကမ္ဘာ့ဘောလုံးဖြစ်စဉ်မှာ မျက်နှာပန်းမလှခဲ့ရပါဘူး။ ဇာတိသွေးဇာတိမာန်နဲ့ မနည်းကြိုးစားခဲ့ကြပေမယ့် တပွဲတလေမှအောင်မြင်မှု မရ ခဲ့ရှာပါဘူး။ ပေါ်တူဂီအသင်းနဲ့ပွဲမှာဆို (၇)ဂိုးလောက်အသွင်းခံလိုက်ရတော့ မြောက်ကိုရီးယားကစားသမား တွေ ငိုတော့မတတ်မျက်နှာလေးငယ်နေရရှာပုံဟာ စစ်အကျဉ်းစခန်းတခုထဲမှာ သုံ့ပန်းတွေ အညှဉ်းဆဲခံနေ ရတဲ့ပုံထက် မလျော့ပါဘူး။ ဒီကြားထဲ ဘောလုံးပွဲအတူကြည့်တဦးက ဒီကောင်တော့ သူ့နိုင်ငံပြန်ရောက်ရင် စစ်ခုံရုံးတင်ပြီး သေဒဏ်အပေးခံရမယ်ထင်တယ်။ ပြိုင်ပွဲကို လွှတ်လိုက်ကတဲက (၃)ဂိုးအထက်ရှုံးရင် သေ ဒဏ်လို့ အမိန့်ပေးထားပုံရတယ်လို့အရွှန်းဖောက်နေသေးတော့ အာဏာရှင်လက်အောက် အားကစားသမား သမားတဦးရဲ့ဘ၀ကို ပြေးမြင်ယောင်လိုက်ပါသေးတယ်။
တကယ်တော့ ကမ္ဘာနဲ့ယှဉ်ပြီး ပြိုင်ကြဆိုင်ကြရတဲ့ပွဲမှာ ပရိတ်သတ်ဆိုတာကလည်း အရေးပါဆုံးနေရာကပါ ပါတယ်။ သူတို့ခမျာ လူသိန်းသောင်းချီဆူညံ့အော်ဟစ်ခုန်ပေါက်အားပေးနေကြတဲ့အထဲမှာ စုပေါင်းလိုက်မှ ဆယ်ဂဏန်းမရှိတရှိလူစုလေးနဲ့ လူပုံအလယ်မျက်စေ့သူငယ်နဲ့အားပေးကြရတာပါ။ ဒီကြားထဲ ကိုယ့်အသင်း က ၀က်ဝက်ကွဲအရှုံးကြီးရှုံးပြန်တော့ ငြိမ်ပြီးကုပ်နေကြပုံဟာဖြင့် ကျနော့်ကို တော်တော်ရင်နင့်စေပါတယ်။
တကယ်တော့ အစိုးရတရပ်မကောင်းလိုက်တာနဲ့ အဲဒီနိုင်ငံ အဲဒြီ့ပည်သူတွေဟာ အလိုလို မျက်နှာငယ်ကြရ တာပါ။ အားကစားသမားတယောက် အမိနိုင်ငံတော်သီချင်းဆိုပြီးမျက်ရည်ကျတာဟာ နိုင်ငံချစ်စိတ်ကြောင့် လို့ ဆိုနိုင်တာမှန်ပေမယ့် ကိုယ့်နိုင်ငံသားတွေ ကမ္ဘာပုံအလယ်မှာ အခုလို အစစအရာရာ မျက်နှာငယ်နေရ တာကို အခြားကမ္ဘာနိုင်ငံကပြည်သူတွေနဲ့နှိုင်းယှဉ်မြင်တွေးမိပြီး ကြေကြေကွဲကွဲမျက်ရည်ကျနေတာများလား လို့လဲ မဆိုနိုင်ပေဘူးလား။ သူ့အာရုံထဲရှိနေတာကိုတော့ ဘယ်သူပြောနိုင်မှာလဲ။
ကျနော်ယုံပါတယ်။ တကယ်တော့ အာဏာရှင်စနစ်တခုအောက်မှာ အားကစားသမား၊ အနုပညာစာပေ ပညာရှင်၊ အခြားအခြားသော နယ်ပယ်အသီးသီးက အတတ်ပညာရှင်၊ အသိပညာရှင် စသဖြင့် ဘယ်သူ မဆို ကမ္ဘာပေါ်က ဘယ်နေရာမှမဆို မျက်နှာပန်းမလှရုံမျှမက မျက်ရည်ကျလောက်အောင် အားငယ်ရကြ ရှာမှာပါ။ ဒီနေ့ကမ္ဘာ့နိုင်ငံအသီးသီးကို ကျနော်တို့နိုင်ငံသားတွေ နည်းလမ်းအဖုံဖုံ၊ ဘ၀ရပ်တည်ပုံအထွေထွေ နဲ့ရောက်နေကြပေမယ့် မျက်နှာမော်ကြွားနေနိုင်ခဲ့ကြရဲ့လား။ ကျနော်တော့ ဘ၀တူပြည်သူချင်းအဖြစ်နဲ့ မြောက် ကိုရီးယားဘောလုံးသမားတွေကို စာနာနေမိတာပါပဲ။
ကဲ ကျနော်တို့ဆိုရင်လည်း ကျနော်တို့အမိနိုင်ငံတော်ရဲ့သီချင်းကို မူရင်းအနှစ်သာရအစစ်အမှန်အတိုင်းနဲ့ လှိုက်လှိုက်လှဲလှဲ မဆိုကြရတာ ဘယ်လောက်များကြာနေခဲ့ပြီလဲ။ ကျနော်ဖြင့်... ကမ္ဘာပုံအလယ်မှာ ထည် ထည်ဝါ၀ါ ၀ံ့ဝံ့ကြွားကြွားနဲ့ ကိုယ့်နိုင်ငံတော်သီချင်းကို ကိုယ့်နိုင်ငံသားတွေနဲ့အတူ... သံပြိုင်သာအော်ဟစ်ဆို ချင်နေမိတော့တာပါပဲ။ အာဏာရှင်စနစ်အောက် အမြန်ဆုံးလွတ်မြောက်ပြီး နိုင်ငံတော်သီချင်းမူရင်းအတိုင်း မဖြတ်မတောက်မသုတ်သင်ထားဘဲ မိတ်ဆွေတို့ကျနော်တို့ သံပြိုင်ဆိုကြဖို့ အချိန်တန်ရုံတောင် မကတော့ ဘူး မဟုတ်လားဗျာ။
မျက်ရည်တွေကျနေရင်တောင် စီးပလေစေ ချစ်သူရေ မသုတ်လိုက်နဲ့ပေါ့။
ခင်လွန်း