ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

8/4/10

အပျင်းပြေရေးတဲ့စာ

အချိန်ကနေ့လည် ၁၂-နာရီ။

နေရာက Edit Cowan University ရဲ့  E-Lab တစ်နေရာ။ ချောင်အကျဆုံးစားပွဲ တစ်ခုမှာထိုင်တယ်။ နေ့လည်စာကို ငါးဟင်းရေပေါလောချက်နဲ့ ကြိတ်လိုက်တယ်။ ညက မိန်းမချက်ထားတဲ့ဟင်းလေ။ ထမင်းဘူးကို နှစ်ဒေါ်လာတန်ကော်ဘူးနဲ့ထည်၊့ စားခါနီးမှ ကျောင်းက မိုင်ကရေဝေ့ထဲမှာ နှစ်မိနစ်လောက်အပူပေးပြီး ခုံတန်းရှည်နားမှာ ထိုင်ခုံမရှိလို့ မတ်တပ်ရပ်စားတယ်။

နေ့လည်စာ စားတဲ့အချိန်ဆိုတော့ကန်တင်းက လူတွေပြည့်နေပြီ။ မျက်နှာချင်းဆိုင်မှာ ဗီယမ်နမ်တစ်ကောင်က ထမင်းဖြူနဲ့ ခေါက်ဆွဲပြုတ်ကို ဆလက်ရွက်နဲ့ ၀ါးနေတယ်။ သြော်..မေ့နေလို့…ကျက်တောင်ပံကြော်လည်းပါသေးတယ်။ ဗီယမ်နမ်အသံဝဲ၀ဲနဲ့ သူ့ဘေးနားက ကုလားမတစ်ယောက်ကို ဘိုလို , စားနေရင်းနဲ့ပွားနေတယ်။ ညာဘက်အခြမ်းမှာ တရုတ်မနှစ်ကောင်။ ထမင်းစားရင်း သူတို့အချင်းအချင်း သူတို့စကားနဲ့ပွားနေပုံက တရုတ်သိုင်းကားကြည့်ရသလိုပဲ။ ရွှီးရွှမ်း…ရွှီးရွမ်း နဲ့။ ဘာတွေပြောနေလဲမသိဘူး။ မျက်စောင်းထိုးနားမှာ အဖြူတစ်ကောင်က Chip (အားလူးကြော်) စားနေတယ်။ အားလူးကို အချောင်းလိုက်ကြော်ထားပြီး၊ အားလူးပေါ်ကနေ ဘာအရည်လည်းမသိဘူး…ဖြန်းထားတယ်။ ဒါက သူ့ရဲ့ နေ့လည်စာ။

နေ့လည်စာစားပြီးတော့။ ဆေးလိပ်သောက်တဲ့အလှည့်။ ဆေးလိပ်တစ်ဘူးကို ၁၄-ဒေါ်လာပေးရတော့ ဆေးလိပ်ကို ဆေးသား၊ ဖင်ဆီခံ၊ စက်က္ကူဝယ်ပြီး ကိုယ့်ဟာကိုယ်လိပ်သောက်တယ်။ ဆေးလိပ်သောက်ပြီး E-lab ထဲကို ပြန်ဝင်လာပြီး၊ ကိုယ့်နေရာမှာ စာဖက်တယ်။ ကွန်ပြူတာလက်တော့ကိုဖွင့်တယ်။ ၀ိုင်ယာလက်စ်အင်တာနက်က ကျောင်းမှာဘယ်နေရာသွားသွား ကျောင်းသားတွေအားလုံးအခမဲ့ သုံးခွင့်ရှိတော့  အဆင်ပြေလိုက်တဲ့ဖြစ်ခြင်း။ စာအုပ်၊ စာတမ်းမလို။ ကျောင်းက ၀က်ဆိုက်ကိုတက်။ Blackboard ကိုဖွင့်လိုက်ရင် ဖက်ရမဲ့စာတွေ၊ လေ့ကျင့်ရမဲ့သင်ခန်းစာတွေကို အဆင်သင့်လုပ်ထားတယ်။ Blackboard က ငယ်ငယ်တုန်းကလို မြေဖြူနဲ့ ရေးရတဲ့ ဘလက်ဘုတ်လိုမဟုတ်။ မိုက်တယ်။ ဒီတစ်ခါတော့ ကျနော်တောသား မကိုင်ဘူးတာ ကိုင်နေရပြီ။

လုပ်ရမဲ့သင်ခန်းစာက Abate (Temephos) ဟာ အသုံးများရင် ရေထဲကငါးတွေ၊ အပင်တွေ သေစေနိုင်တယ်။ ဒါကိုရေးရမယ်။ ရေးရမှာက စာမျက်နှာ ၁၀ မျက်နှာ။ အချိန်နှစ်ပတ်ပေးတယ်။ Abate (Temephos) ဆိုတာက ခြင်သတ်ဆေးပေါ့။ အိမ်ဘေးနားက ရေအိုင်ထဲမှာရှိတဲ့ ပိုးလောက်လန်းတွေ၊ ခြင်ပေါက်စလေးတွေကို Abate နဲ့ရေ ရောပြီး လောင်းလိုက်ရင် ခြင်တွေသေပြီ။ ဒါပေမဲ့အသုံးများရင် ဘာဖြစ်နိုင်လဲ။ အထူးသဖြင့် ရေကန်ထဲက အကောင်ပလောင်တွေအဆိပ်မိနိုင်တယ်။ အရင်တုန်းက Abate အစား DDT ကိုသုံးတယ်။ ဒုတိယကမ္ဘာစစ်မှာ ခြင်တွေကိုသေအောင်လို့ လေယာဉ်ပေါ်ကနေဖြန်းတယ်၊ ကျောပိုးပြီးဖြန်းတယ်။ ခြင်တော့သေတယ်။ ဒါပေမဲ့ကြာလာတော့ ရေထဲကငါး၊ ကုန်းပေါ်က သတ္တ၀ါ၊ အပင်တွေပါ အဆိပ်မိတော့ DDT ကို အခုနောက်ပိုင်း နိုင်ငံအတော်များများမသုံးတော့ဘူး။ မြန်မာပြည်မှာကော သုံးနေသေးလားမသိဘူး။ DDT အစား၊ အန္တရာယ်နည်းတဲ့ Abate ကို ဒီနေ့မှာသုံးလာပြီ။ သို့သော် Abate ကိုလည်း လိုအပ်တာထက်ပိုသုံးရင် ဒုက္ခတွေ့နိုင်တယ်။ ဒီလိုဥပမာကို မြန်မာပြည်က အင်းလေးကန် ကိစ္စမှာတွေ့နိုင်တယ်။ ခရမ်းချဉ်သီးတွေကိုဖြန်းနေတဲ့ပိုးသတ်ဆေးက Abate အမျိုးအစားထဲက ဖြစ်ဖို့များတယ်။ ကြာရင်တော့ မလွယ်ဘူး။

ဒီအကြောင်းကို လက်တွေ့ ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်ရတယ်။ စမ်းသပ်ပြီးတော့ ရလာတဲ့တွေ့ရှိချက်ကို မှတ်တမ်းတင်ထားတယ်။ အဲဒိအပေါ်အခြေခံပြီးတော့ Abate ရဲ့ ဖြစ်ပေါ်လာပုံ၊ ဘေးဥပါဒ်စတာတွေကို စာမျက် ၁၀ မျက်နှာ ရေးစေသတည်းလို့ ဆရာကအမိန့်ချတယ်။ ဒါကိုရေးနေတုံး…ဒီစာကိုရေးပါ၏။ ဘိုလိုရေးရတာပျင်းလာတော့ ဗမာလိုရေးတယ်။ စကားပြောဖော်လည်းမရှိ။ ဗမာကျောင်းသားလည်းမတွေ့။ ဒါက Australia နိုင်ငံမှာ တက္ကသိုလ်တက်နေတဲ့ ဗမာကျောင်းသားတစ်ယောက်ရဲ့  ပညာသင်ကြားရပုံဖြစ်တယ်။ ရုပ်ရှင်ထဲက မြန်မာပြည်ကတက္ကသိုလ်ကြီးတွေလို ဟေးလားဝါးလားပျော်စရာကောင်းတဲ့ ဘ၀မဟုတ်။ တနေ့လာလည်း ကွန်ပြူတာရှေ့ ထိုင်၊ ဟိုရှာဒီရှာလုပ်။ နောက်နေ့လည်း ဒီအတိုင်းပဲ။

ဒီနေ့လည်းဒီအတိုင်းပဲ…လေ့ကျင့်ခန်းအတွက် အင်တာနက်မှာရှာ၊ စာအုပ်တွေရှာ၊ ဂျာနယ်တွေဖက်ရတယ်။ ကိုယ်တက်တဲ့ဘိုလိုကလည်း ကမျှောက်ကခြောက်နဲ့ အပြည့်အ၀နားလည်ဘူး။ ဖတ်ရတဲ့စာကလည်း ရိုးရိုးတန်းတန်းစာမဟုတ်။ သိပ္ပံဆိုင်ရာစကားလုံးတွေ။ ခက်လိုက်တဲ့အဖြစ်။ ရှစ်…။ ယူမိတာမှားပြီလားမသိဘူး။ ဒီစာကိုရေးပြီး သွားရင်တော့ ဘိုလိုရေးတဲ့အလှည့်ပေါ့။

ဘေးနားက ကျောင်းသားအဖွားကြီးကလည်း သူ့ရဲ့ လက်တော့ကွန်ပြူတာကို ရိုက်နေတာ ဗျောင်းကနဲ၊ ဗျောင်းကနဲအသံတောင်ကြားရတယ်။ သြော်..သူက အဖြူဆိုတော့ သူ့စာကိုသူကောင်းကောင်းရေးနိုင်တာပေါ့နော်။ ကိုယ်ကြတော့ စာတစ်ကြောင်းဖြစ်ဖို့အတွက် ဟိုတစ်စ၊ဒီတစ်စလိုက်ကောက်ပြီးတွဲနေရသလိုပဲ။

ကျောင်သူ၊ ကျောင်းသားတွေအားလုံးက ဟေးလားဝါးလားမရှိ။ စကားပြောရင်တိုးတိုးသက်သာနဲ့ သူများကိုမထိခိုက်အောင်၊ အနှောက်အယှက်မဖြစ်အောင်ပြောနေကြတယ်။ အားလုံးက ကွန်ပြူတာအရှေ့ မှာ ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြတယ်။ တချို့ ကျောင်းသားတွေက Facebook ကိုဖွင့်။ ဟိုကြည့်ဒီကြည့်။ ဒါကို ကြည့်တဲ့လူအများစု မိန်းခလေးတွေ။ ယောက်ျားလေးအများစု Youtube မှာ သီးချင်းနားထောင်တယ်။ တရုတ်ပြည်က တရုတ်ကျောင်းသားတွေက တရုတ်ဝက်ဆိုက်မှာ တရုတ်စာတွေနဲ့ အလုပ်ရှုပ်နေတယ်။ ကုလားပြည်မှကုလားကတော့ ကုလားဝက်ဆိုက်နဲ့။ အီရန်က ကုလားက ခေါင်းစွပ်အီရန်ကျောင်းသူလေးနဲ့ အီစကလီလုပ်လို့။ သြော်…သူ့ဟာနဲ့သူပါလား။

ဗမာပြည်က ဗမာတစ်ယောက်ဖြစ်တဲ့ ကျနော်ကောလို့မေးလိုက်မယ်။ ပျင်းတဲ့အခါ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိလို့ ဘလော့ဂ်အတွက် အပျင်းပြေဒီစာလေးကိုရေးမိပါတော့တယ်။ ၁၂-ခွဲကနေ ဒီစာကိုရေးလိုက်တာ ၁-နာရီခွဲမှာပြီးတယ်။ ဒါပီးသွားရင်တော့ Abate အလှည့်ပေါ့။

View My Stats