ရှေ့ တန်းမှာ စစ်ကြောင်းလျှောက်ရင် ပြောစရာတွေတပုံကြီးရှိတယ်။ စစ်ကြောင်းလျှောက်တာဘာလုပ်ဖို့လဲ။ စစ်ကြောင်းလျှောက်ရင်း ဘယ်သူထမင်းကြွေးလဲဆိုတဲ့မေးခွန်းတွေဖြစ်တယ်။
စစ်ကြောင်းက တရွာဝင်တရွာထွက်သွားရတယ်။ ရန်သူသတင်းကြားရင် ချောင်းပစ်တယ်။ ပြီးရင်တော့ အသားကုန်ပြေးတယ်။ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ပဲ။ စစ်ကြောင်းကလည်း အဖွဲ့ပေါင်းစုံဆိုတော့ နအဖ စစ်ကြောင်းတွေလို အမိန့်နာခံမှုအားနည်းတယ်။ စည်းကမ်းက ဗြဲလရမ်းပဲ။ ကိုယ့်အဖွဲ့နဲ့ ကိုယ်ထိန်း ပဲလေ။
ရွာရောက်ရင် ရွာသားတွေကိုတရားဟောတယ်။ ခေါင်းဆောင်တွေကနေဟောတာ။ စစ်အာဏာရှင် စနစ်ကမကောင်းဘူးပေါ့...ဘာညာ..စသဖြင့် အသားကုန်လိမ့်ပွားတယ်။ နားထောင်တဲ့ရွာသားတွေက ကရင်၊ မွန်၊ ဗမာ ကျောင်းတောင်ကောင်းကောင်းမနေဘူးတဲ့လူတွေများတော့ စိတ်ဝင်စားလား၊ မ၀င်စားလားတော့မသိဘူး။
ရွာရဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ရွာသားတွေကို စုဝေးစေတယ်။ ပြီးရင် တဖွဲ့တစ်ယောက်က ခေါင်းဆောင်တွေ အသားကုန်ပွားပြီ။ ကျနော်ကတော့ ရဲဘော်လေ။ ဆိုတော့ ထုံးစံအတိုင်း ကင်းစောင့်ပေးတယ်၊ ထမင်းအိုးထမ်းတယ်၊ ထမင်းချက်တယ်။ အရက်ဘယ်နားမှာ ရနိုင်လဲ၊ ခွေးသား ဘယ်နားမှာရနိုင်လဲဆိုတာ ကိုစုံစမ်းတယ်။ အသားငါးပြတ်တော့ ခွေးသားကို အသားကုန်ဝါးတယ်။
ရွာရောက်ရင် ရွာက ရွာသားတွေဆီကနေ ခွေး လိုက်တောင်းတယ်။ ရရင် AK 47 နဲ့ အားရပါးရ ပစ်တယ်။ သေရင် ၀ါသနာတူတဲ့လူတွေစုပြီး ပေါ်တယ်။ စားတယ်။ အရက်နဲ့မြည်းတယ်။ တခါတလေ တချို့  ရွာတွေကခွေးတွေဆိုရင် ကျနော်တို့အဖွဲ့လာရင် အသားကုန်ဟောင်ပြီ....။ သူတို့လည်းသိတယ်ထင်တယ်။ ဒီကောင်လာရင် ငါတော့....အသက်နဲ့ဖတ် ထုတ်ထားရပြီဆိုတာ။
စားစရာ..ဆန်ကုန်ပြီဆိုရင်... ရွာကနေကေအန်ယူက တောင်းပေးတယ်။ ကေအန်ယူကလည်း တချက် ခုတ်နှစ်ချက်ပြတ်... အလုပ်ရှိတယ်။ စစ်ကြောင်းသွားရင်းနဲ့ ....အခွန်ကောက်တယ်။ ကွမ်းသီးခြံ၊ ရာဘာခြံ တွေကနေ တနှစ်ကို ဘယ်လောက်.... ကေအန်ယူကို အခွန်ပေးရတယ်။ ဒါမှ သူတို့ဝင်ငွေရတာမဟုတ်လား။ ကျနော်တို့ ကျောင်းသားသူပုန်ကတော့ အခွန်ဆိုလို့ နို့ဆီဗူးအခွန်တောင်မရှိတဲ့ ဘ၀လေ။
ရတဲ့ဆန်ကိုတခါတလေ တချို့ ရွာသားတွေက အရမ်းဆင်းရဲတော့ သူတို့ကိုပြန်လှူခဲ့ရတယ်။ ကျနော်က လှူတာကိုအရမ်းဝါသနာပါတယ်။ ဆန်ကြိုးကို ထမ်းရတာအရမ်းလေးတယ်။ ဆန်တပြည်လောက်တခါတလေ အကြာကြီးထမ်းရတာဆိုတော့ ကြာရင် လုံးဝမခံနိုင်ဘူး။ ပုခုံးတွေနာတယ်။ ရွာမှာအရမ်းငတ်တဲ့ လူတွေ တွေ့ရင် ကိုယ်လည်းသက်သာအောင် အကုန်လုံးလှူလိုက်လို့ ကျနော့်ရဲ့ တပ်မှုးကြီး ကိုမောင်မောင်ဦး ဆဲတာခဏခဏ ခံရတယ်။ သူက...ငါတို့ ငတ်လိမ့်မယ်ပေါ့။ ဒါလည်းမမှတ်ဘူး။ လှူလိုက်ရင် အထမ်းပေါ့တယ်ဆိုတော့။
တခါက ရန်သူစစ်ကြောင်းနဲ့ ကျနော်တို့စစ်ကြောင်း ထိပ်တိုက်တွေ့တယ်။ သူတို့အ၀င် ကျနော်တို့ကအထွက်။ ကျနော်တို့စစ်ကြောင်းရဲ့ ရှေ့ ဆုံးက ပွိုင့်က ရန်သူကို အရင်တွေ့တယ်။ သူက ပစ်တယ်။ စောက်တလွဲ။ ထိလည်းမထိဘူး။ ဟိုကလည်း ပြန်ပစ်ပေါ့။
ဒီလိုတိုက်ပွဲတွေဆူညံနေတဲ့အချိန်မှာ ကျနော်တို့ လူ့ဘောင်သစ်က အဖွဲ့ထမင်းစားဖို့ လက်ဘက်သုတ် သုတ်နေတဲ့အချိန်။ ကျနော်က ကျနော့်ရဲ့ ဓားကြီးကို ထုတ်ပြီးအားရပါးရ ကြတ်သွန်လှီးနေတယ်။ တိုက်ပွဲဖြစ်သံလည်း ကြားရော...လုံးဝ ရင်ထဲမှာ တထိတ်ထိတ်၊ ကြောက်ချီးပန်းပြီလေ။ ဒီမှာတင်လက်မှာ ကိုင်ထားတဲ့ဓားကို ဓားအိမ်ထဲထည့်တာ ငါးခါလောက် ထည့်ယူရတယ်။ လက်တုန်နေလို့။ တခါမှ တိုက်ပွဲဖြစ်တာ မတွေ့ဘူး၊ မကြားဘူး။
သူပုန်လုပ်တော့လည်း စစ်သင်တန်းလည်းမတက်ဘူး။ သေနတ်လည်းမပစ်တက်ဘူး။ AK 47 ပစ်နည်းကို တပ်မှုးကြီးက ငါးမိနစ်အတွင်း သင်ပေးထားတာပဲရှိတယ်။ ကျည်ဆံကလည်း ၂၅ တောင့်ရှိတယ်။ သေနတ်ကလည်း တချက်ပစ်ရင် တတောင့်ပဲထွက်တယ်။ အဲလောက်ကောင်းတဲ့သေနတ်။ ဒီလိုသေနတ်ကြီးကိုလွယ်...စစ်တိုက်တဲ့အခါတော့ ချီးပန်းပြီ။ ဟိုပုန်းဒီပုန်း၊ ဘယ်မှာလဲ ရန်သူ...တပ်မှုးကြီး နှစ်ယောက်ကိုမေးယူရတယ်။ ရန်သူလည်မတွေ့ဘူး။ ရွာထဲမှာတင် ပြေးဖို့စလုပ်နေပြီ။ တိုက်ပွဲတောင် မဖြစ်ရသေးဘူး။ ၉-လေးလုံးမှာ ချဖို့သွားတဲ့ကျနော်...၉-လေးလုံးမှာ တိုက်ပွဲဖြစ်တော့ အသားကုန်တုန်နေပြီ။ ဒီလိုမျိုးသတ္တိရှိတာ။
မိုးရွာထဲမှာ ကျနော်တို့အဖွဲ့ ဗြဲလရမ်းပြေးကြတယ်။ တစ်ယောက်တကွဲနဲ့။ တော်တော် စစ်ရေးမှာတော်တဲ့ သူပုန်တွေပါဗျာ....။ လူပြန်စုံရင်တော့ တစ်ယောက်တစ်ပေါက်ပြောကြရင်း အသားကုန်ရီကြတယ်။ တိုက်ပွဲဖြစ်တုံးကတော့ အရမ်းလန့်တယ်။ ဖြစ်ပြီးရင်တော့ ပြောပြောပီးရီရတာအမော။ တခါတလေ ရန်သူရဲ့  လက်နက်ကြီးအစအနက သူငယ်ချင်းဖင်ကိုမှန်တယ်။ သူ့ခဗျာ သေတော့မဲ့အတိုင်း အသံဗြဲလရန်းနဲ့ အော်တယ်...ငိုတယ်...။ ငါ...သေတော့မယ်ပေါ့။ ဒီလိုမျိုးလဲရှိတယ်။
ဆက်ရန်....။