ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

8/31/11

သူခိုးဘုန်းကျော်

ပိုးဟပ်စားတဲ့ကျနော်

ကျနော် (၇) နှစ်သားလောက်မှာ တပ်ထဲက ၀ါးလိုင်းမှာနေရတယ်။ ၀ါးလိုင်းဆိုတာက အခန်းတွဲအရှည်ကြီးတွေတစ်ခုပါ။ ၀ါး တွေနဲ့ဆောက်ထားလို့ ၀ါးလိုင်းလို့ခေါ်ပါတယ်။ ကျနော်တို့အိမ်မှာ ထင်းရှုး သေတ္တာအစုတ်ကြီးရှိတယ်။ စာအုပ်တွေထည့်ထားတဲ့ သေတ္တာတစ်ခုပါ။ မနက်တိုင်း မီးရှို့ ပြီး ၀ါးလိုင်းအရှေ့ မှာ ကျနော်တို့မီးလှုံရတယ်။ ဆောင်းတွင်းဆိုရင် အရမ်းအေးတော့။ ဒီလိုအချိန်ရောက်ပြီးဆိုရင် ကျနော် သေတ္တာထဲက ပိုးဟပ်တွေကို မီးဖုတ်ပြီးစားလေ့ရှိတယ်။ ဘေးက လူတွေကလည်း ကျနော်စားတာကိုကြည့်ပြီး အံ့သြကြတယ်။ သူတို့တော့မစားဘူး။ တအားရွံ့ လို့ပါ။ ကျနော့်စိတ်ထဲမှာ ပိုးဟပ်ကို မီးကင်းစားတဲ့အရသာက အရမ်းကောင်းတယ်လို့ထင်တယ်။ ဒီတော့ ပိုးဟပ်တွေ့တာနဲ့ ပိုးဟပ်ကို တုတ်နဲ့ဖင်ဆုံးခေါင်းဆုံးထိုး၊ သီတန်းပြီး မီးဖုတ်စားတယ်။ မီးကင်တဲ့ အနံ့က မွှေးနေတာပဲ။ အရသာလည်းရှိတယ်။ ပရစ်စားရသလို။ 

တောစပယ်ပန်းရောင်းတဲ့ ကျနော်

လေးငါးတန်းလောက်မှာ ကျောင်းမုန့်ဖိုးရဖို့အတွက် တောထဲက တောစပယ်ပန်းတွေကို ညနေတိုင်းသွားခူးတယ်။ ညကြရင် ပန်းသီပြီး မနက်ဖက်မှာ လိုက်ရောင်းတယ်။ ရတဲ့ပိုက်ဆံကို မုန့်ဟင်းခါးဝယ်စားတယ်။ အမေက မုန့်ဖိုးကောင်းကောင်းမပေးနိုင်တော့ ကိုယ့်ပိုက်ဆံကိုယ်ရှာတယ်။ တစ်ရက်ကို တစ်ကျပ်နှစ်ကျပ်ရတယ်။ ကျောင်းစာအုပ်ထဲမှာ သေချာထုတ်ပိုးပြီး တယုတယ သိမ်းထားတယ်။ မနက်ပိုင်း ကျောင်းစာအုပ်ကိုဖွင့်ကြည့်တဲ့အခါမှာ ကိုယ်ရှာထားတဲ့ပိုက်ဆံကို တွေ့တော့ တအားကို ပီတိဖြစ်ရတယ်။ တောစပယ်ပန်းခူးတယ်ဆိုတာကလည်း အရမ်းပင်ပန်းတယ်။ နေပူထဲမှာ ခြုံတွေထဲမှာ လိုက်ခူးတာဆိုတော့ မွေပေါက်ရင် သေတက်တယ်။ ခြေထောက်တွေလက်တွေမှာ အဆူးခြစ်ရာတွေချည်းပဲ။ ပန်းသီပြီဆိုရင်လည်း လက်မှာ အက်ထိုးမိတဲ့အရာတွေနဲ့။ ဒီလိုမျိုးကိုယ့်ပိုက်ဆံကိုယ်ရှာပါတယ်။ 


ငါးဖမ်းပြီးရောင်းတဲ့ ကျနော်

စနေ တနင်္ဂနွေကျောင်းပိတ်ရက်ဆိုရင် သူငယ်ချင်းတွေကို ခေါ်ပြီး ပေါက်တူးနဲ့ရေပုံးထမ်းပြီး တပ်ဘေးက ချောင်းတွေမြောင်းတွေမှာ ငါးဖမ်းထွက်တယ်။ ငါရံ့ ခေါင်းတိုဆိုရင်တော့ မဖမ်းတာများတယ်။ ဒီငါးကို ကျနော်အတော်ရွံတယ်။ ချီးစားလို့။ နောက်ပြီးငါးဇင်းရိုင်းလဲ ဒီအတိုင်းပဲ။ ကျန်တဲ့ငါးဆိုရင်တော့ ဖမ်းတယ်။ အဓိက မိုးရာသီနဲ့နွေဦးပေါက်စဆိုရင် ငါးဖမ်းတဲ့ဂွင်က ကျနော့်ဂွင်။ ဘယ်သူမှ မသိတဲ့ ဂွင်တွေကို ကျနော်သိတယ်။ ငါးမရရင် ဇရစ်ရိုးခူးတယ်။ ကန်ဇွန်ရွက်ကိုခူးတယ်။ အိမ်ပြန်လာရင် တခုမဟုတ်တခုရကိုရရမယ်။ အိမ်ရောက်ရင် အမေ့ကိုလည်းပေးတယ်။ ပိုတဲ့ဟာကို ရောင်းတယ်။ 


ဘုန်းကြီးကျောင်းက မျှစ်, ခိုးတူးပြီးရောင်းတဲ့ ကျနော်

ဘုန်းကြီးကျောင်းက မျှစ်တွေက ကျနော့်အတွက် ၀င်ငွေပဲ။ သူတို့ဆီမှာ ၀ါးဘိုးမျှစ်တွေအများကြီးပဲ။ ဘုန်းကြီးကျောင်းဆိုတော့ ဒီမျှစ်တွေကို ဘယ်သူမှ မတူးရဲဘူး။ ကျနော်တော့ ခိုးပြီးတူးတယ်။ မိုးအရမ်းရွာတဲ့အချိန်ကို စောင့်ရတယ်။ မိုးရွာပြီဆိုရင် ဘုန်းကြီးတွေတွေ့လည်း မိုးရေအစိုခံပြီးမလိုက်ရဲဘူး။ ဒါပေမဲ့ တချို့ ကပ်စေးနဲတဲ့ဘုန်းကြီးကတော့ လိုက်တယ်။ တခါတုန်းက ဘုန်းကြီးက ကျနော့်ကို ဓားနဲ့လိုက်တယ်။ ဓားနဲ့လိုက်တဲ့ဘုန်းကြီးကို ဓားနဲ့မိုက်ကြည့်ပြန်ကြည့်တော့ ဘုန်းကြီးလည်း မခုတ်ရဲဘူး။ တခါတလေ ဘုန်းကြီးက မိရင် ကြိမ်တုတ်နဲ့ တအားရိုက်တယ်။ ပြီးရင် ဒဏ်ပေးတယ်။ တချို့ ဘုန်းကြီးတွေက အရမ်းဆိုးတယ်။ ဒါလည်း ကျနော် ဂရုမစိုက်။ ခိုးတူးတာပဲ။ ရတဲ့မျှစ်ကို အမေ့အတွက်တစ်ဝက်၊ ကျနော့်တစ်ဝက်။ ကျနော့်ဟာကိုတော့ ရောင်းစားပြီး ကျောင်းမုန့်ဘိုးလုပ်တယ်။ 

ကျည်ဆံထိပ်ဖူးတွေ တူးပြီးရောင်းတဲ့ ကျနော်

ကျနော့်တပ်ထဲမှာ သေနတ်ပစ်ကွင်းရှိတယ်။ ကျောင်းပိတ်ရက်ဆိုရင် ခလေးတွေ သေနတ်ပစ်ကွင်းကိုသွားပြီး ကျည်ဆံတူးတယ်။ မတူးခင် သူတို့သေနတ်ပစ်ပြီးတာကို စောင့်ရတယ်။ တခါတလေ ကိုယ်လဲ သေနတ်ဝင်ပစ်တယ်။ အများဆုံးကတော့ ကိုးမမ လို့ခေါ်တဲ့ပစ္စတိုပေါ့။ ကြည်ရေလေသေနတ်ပစ်ပြိုင်ပွဲအတွက် လေ့ကျင့်တဲ့အချိန်မှာဆိုရင် ကျနော်တို့ထောပြီ။ ရလာတဲ့ကျည်ဆံထိပ်ဖူးတွေကို နို့ဆီခွက်နဲ့ကျိုတယ်။ ကျည်ဆံထဲက ခဲတွေက အရည်ပျော်ပြီးထွက်လာတယ်။ ကျည်ဆံအခွံတွေကို တခုချင်းဆီ ဆယ်ထုတ်ပြီး ခဲတွေကိုငရုတ်ဆုံထဲထည့်တယ်။ အေးပြီးဆိုရင် အခွက်လိုက် ခဲအတုံးထွက်လာပြီ။ ပြီးရင် မင်္ဂလာဒုံဈေးမှာရောင်းစားတယ်။ ဒါလည်း ကျနော့်အတွက် သုံးဖို့ရတယ်။ 

ပန်းရံလုပ်တဲ့ ကျနော်

တခါတလေ ပန်းရံလူကြမ်းလုပ်တယ်။ အခုလက်ရှိ မင်္ဂလာဒုံက ငါးထပ်တိုက်အရိုးကုဆေးရုံကြီးကို ဆောက်တဲ့လူတွေထဲမှာ ကျနော်ပါတယ်။ သုံးလလောက် လုပ်ဘူးတယ်။ နောက်ပြီးတော့ အင်းယားကန်ဘောင်ပေါ်ကနေ မြင်နေရတဲ့ ၁၉-ထပ်လောက်မြင့်တဲ့ တိုက်ညီနောင်မှာလည်း လုပ်ဘူးတယ်။ တပ်ထဲက လိုင်းခန်းတွေကိုဆောက်တဲ့နေရာမှာလည်း လုပ်ဘူးတယ်။ လက်ရှိ ရန်ကုန်က စစ်ရုံးချုပ်အဆောက်အဦးထဲမှာ အရာရှိကြီးများရိပ်သာဆောက်တုန်းကလည်း ကျနော်ပါတယ်။ အလုပ်တွေထဲမှာ ပန်းရံလူကြမ်းအလုပ်ကိုတော့ အမုန်းဆုံးပဲ။ ညစ်ပတ်တယ်။ ပင်ပန်းတယ်။ နေပူထဲမှာ မိုးရွာထဲမှာ စုတ်ပြတ်သတ်နေတာပဲ။ ရလာတဲ့ပိုက်ဆံကို အိမ်တစ်ဝက် ကျနော်တစ်ဝက်။

အထည်ချုပ်စက်ရုံက အထည်တွေကို ခိုး, ပြီးရောင်းတဲ့ကျနော်

အထည်ချုပ်စက်ရုံလေးရုံလောက်မှာ လုပ်ဘူးတယ်။ ရန်ကုန်မှာတုန်းကပါ။ စတိုဌာနမှာလုပ်ရတယ်။ ပိတ်လိပ်ထမ်းပေါ့။ နွေရာသီကျောင်းပိတ်ရက်ဆိုရင် ဒီအလုပ်က ၀င်ငွေအကောင်းဆုံးပဲ။ စတိုဌာနမှာနေတော့ ပိတ်တွေကို ကပ်ကြေးနဲ့ဖြတ်၊ ပြီးရင် ခန္ဒာကိုယ်မှာပတ်ပြီး ခိုးထုတ်တယ်။ လုံခြုံရေးလုပ်တဲ့သူကို ဆေးလိပ်တစ်ဘူးပေးလိုက်ရင် ပွဲက ပြီးတယ်။ စက်ရုံအလုပ်သမားအားလုံး ဒီလိုခိုးတဲ့ အကျင့်ရှိတယ်။ တချို့ တော့မလုပ်ဘူး။ ကျနော်ကတော့ ပေါ်တင်ခိုးတယ်။ လုံခြုံရေးလည်းပေးတယ်။ Supervisor ကိုလည်းပေးတယ်။ ဒါမှ ကိုယ့်အတွက် အပိုဝင်ငွေရမှာ။ လစာကမလောက်ဘူး။ ချစ်စရာကောင်းတဲ့ဓလေ့က ဘယ်အလုပ်သမားမှ ဒုက္ခရောက်အောင် ရဲတိုင်တာ မလုပ်ဘူး။ အကုန်လုံးသိတယ်။ အလုပ်သမားအချင်းချင်း ညီညွတ်တယ်။ အထည်ခိုးထုတ်လို့ရတဲ့ပိုက်ဆံနဲ့လစာကို အိမ်တစ်ဝက် ကျနော်တစ်ဝက်။ ဒီငွေကတော့ ကျနော် ဖဲ ရိုက်ဖို့အတွက် အဓိကသုံးတယ်။ 

အိမ်က ဆန်ကို ခိုးရောင်းပြီး ဖဲ ရိုက်တဲ့ကျနော်

သုံးလေးတန်းနှစ်တုန်းက သူများတွေ ဒိုးဇတ်ကစားကြတယ်။ ကျနော်လည်း ပန်းရောင်းလို့ရတဲ့ပိုက်ဆံ၊ ငါးဖမ်းလို့ရတဲ့ပိုက်ဆံ၊ မျှစ်တူးလို့ရတဲ့ ပိုက်ဆံနဲ့ မလောက်ဘူးဆိုရင် အိမ်က ဆန်ကိုတောင် ခိုးရောင်းပြီး ဒိုးဇတ်ကစားတယ်။ ဖဲရိုက်တယ်။ နိုင်ရင်တော့ အိမ်အတွက်ပေါ့။ ရှုံးရင်တော့ လုပ်နေကြအလုပ်တွေကို ပြန်လုပ်တယ်။ ဒီလိုနဲ့ပဲ တပ်ထဲမှာ သံသယာလည်တယ်။ ဒါက ငယ်ငယ်တုန်းက ဘ၀ပါ။ အခု ပြန်တွေးကြည့်တော့ပျော်စရာကောင်းတယ်။ ကျနော်နဲ့အတူတူ မျှစ်ခိုးတူးတဲ့ သူငယ်ချင်းတွေ၊ အထည်ခိုးထုတ်တဲ့သူငယ်ချင်းတွေ၊ ငါးခိုးပတ်တဲ့သူငယ်ချင်းတွေထဲက တစ်ချို့  ၊ လက်ရှိ ရှေ့ တန်းစစ်မျက်နှာပြင်မှာ တပ်ခွဲမှုးဖြစ်တဲ့သူကဖြစ်၊ ရန်ကုန်တိုင်း လက်ရွေးစင် ဘောလုံးသမားဖြစ်တဲ့သူကဖြစ်၊ နိုင်ငံခြားကို ဆန်ပို့တဲ့သူက ဆန်ပို့ဖြစ်နေပြီ။ ကျနော်တော့သိတဲ့အတိုင်း သြစတျေးလျမှာနေပြီး ပေါက်ကရစာတွေကိုရေးပေါ့ဗျာ။ 

ဘာ့ကြောင့် ဒီလိုဖြစ်တာလဲ

အခုမှ ငယ်ငယ်တုန်းက ဘ၀ကို ပြန်ပြီးတွေးကြည့်တော့ ငါ ငယ်ငယ်တုန်းက ဆိုးခဲ့တာတွေဟာ ငါ့အတွက် ပညာအတော်ရတယ်လို့။ နောက်ပြီးပတ်ဝန်းကျင်ကလည်း ကိုယ့် ကိုယ် ဒါတွေပဲလုပ်ဖို့ တွန်းအားပေးသလိုဖြစ်နေတဲ့ပတ်ဝန်းကျင်။ ကျနော်သာ အဲဒိပတ်ဝန်းကျင်မှာ ဆက်လက်ပြီးနေထိုင်ကြီးပြင်းခဲ့မယ်ဆိုရင် လူ့ဘောင်ချစ်ဘုန်းကျော်တောင်ဖြစ်မှာ မဟုတ်ဘူး။ အခုတော့ ဘာပဲဖြစ်ဖြစ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ နိုင်ငံရေးဝန်းကျင်ကို အထူးကျေးဇူးတင်ပါတယ်။ ကျနော့်ကိုပြုပြင်ပြောင်းလဲပေးလိုက်တဲ့ ကျေးဇူးရှင်တွေပါလို့ တစ်သက်လုံးအသိအမှတ်ပြုပါတယ်။ တခါတလေ အင်တာနက်က ဆဲတာကတော့ ခွင့်လွှတ်ပေါ့ဗျာ။ ခိုးတက်တဲ့အကျင့်နဲ့အထာကို ငယ်ငယ်ကတည်းက ကောင်းကောင်းလက်တွေ့ကျင့်လာတာဆိုတော့ ကြီးလာတဲ့အခါမှာ သူများခိုးတာ၊ ဘတ်တာကို အလွယ်တကူသိပါတယ်။ နောက်ပြီး တအားမုန်းပါတယ်။ဘာလို့လဲဆိုတော့ ကျနော်ခိုးတုန်းက ငတ်လို့ခိုးတာပါ။ မသိလို့ခိုးတာပါ။ အခု လူကြီးတွေက ချမ်းသာရဲ့ သားနဲ့ပညာတက်ရဲ့ သားနဲ့ ခိုးတာကိုတော့ အတော်ရွံပါတယ်။ မနာလိုအရမ်းဖြစ်တယ်။ ဒါ့ကြောင့် ခိုးတာကို ရှောင်ကြပါလို့ ပြောချင်ပါတယ်။ ပြောလို့မရလဲ ဆက်သာခိုးကြဗျာ။

ကျနော့်ဘော်ဒါတစ်ယောက်က လက်ရှိရှေ့ တန်းမှာ ကေအန်ယူနဲ့ စစ်တိုက်ကြတယ်။ ပြီးခဲ့သုံးနှစ်လောက်က သူက နအဖ ဘက်ကတပ်စုမှုး။ ကျနော်နဲ့ဖုန်းဆက်တော့ ဟေ့ကောင် မင်းသေနေအုံးမယ်။ ကြည့်လဲရှောင်အုံးကွာလို့ပြောလိုက်တယ်။ သူကလည်း ငါလည်း ဘယ်တိုက်ချင်မလဲကွတဲ့။ မလုပ်ရင် ငတ်မှာစိုးလို့ လုပ်နေရတာကွတဲ့။ ဒါနဲ့ကျနော်လည်း ပိုက်ဆံတစ်သိန်းပို့လိုက်တယ်။ မင်းအလုပ်ကို မင်း, ဆက်ပြီးသာလုပ်ပါကွာလို့ပဲနောက်ဆုံးပြောဖြစ်တယ်။ ဒီကောင်နဲ့ကျနော်က ငယ်ငယ်တုန်းက ခိုးအတူဆိုးအတူ။ သူက တပ်ထဲဝင်တယ်။ ကျနော်က သူပုန်လုပ်တယ်။ သူငယ်ချင်းအချင်းအချင်းဆိုတော့ တဦးနဲ့တဦး စိတ်မနာကြဘူး။ ဒါကြောင့် ကျနော်တခါတလေ အချင်းချင်း သတ်နေတာကို စိတ်နာတာပေါ့။ နောက်ဆုံးတော့ ဘာမှလည်းမဟုတ်ဘူး။ သေတာပဲ အဖတ်တင်တယ်။ လူတစ်ဦးတစ်ယောက်ကြောင့် အကုန်လုံးဒုက္ခရောက်ရတယ်။

ဘုရင်စိတ်တွေ

သြစတျေးလျနိုင်ငံကို စတင်အခြေချတဲ့လူတွေက Aborigines ခေါ် ဌာနေတိုင်းရင်းသားတွေပဲဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း လေးသောင်းလောက်ကတည်းက သူတို့ဟာ သြစတျေးလျကိုစတင်အခြေချတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြတယ်။ ဒီလူတွေ ဘယ်ကလာလဲမေးရင် ပညာရှင်တွေက အိန္ဒိယတိုက်ကနေ လာတယ်လို့ဆိုတယ်။ လွန်ခဲ့နှစ်သန်းပေါင်းများစွာက သြစတျေးလျနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ဟာ ကုန်းကြီးတစ်ခုထဲမှာပဲ ဆက်စပ်ပြီးရှိနေကြတယ်။ အင်္ဂလိပ်ခေါ်ရင် Gondwana လို့ခေါ်တယ်။

၁၂၀၀-၁၅၀၀ ခုနှစ်ကာလတွေအတွင်းမှာ ပေါ်တူဂီ၊ စပိန်၊ အင်္ဂလန်၊ ပြင်သစ်၊ နယ်သာလန် စတဲ့ ဥရောပနိုင်ငံတွေမှာ သင်္ဘောတီထွင်တဲ့နည်းပညာအားကောင်းလာတယ်။ သူတို့ရွက်လှေတွေနဲ့ တကမ္ဘာလုံးမှာရှိတဲ့ နယ်သစ်ပယ်သစ်တွေကို ရှာဖွေကြလာတယ်။ ကိုလိုနီပြုဖို့ပါ။ ဒီဘက်ခေတ်လို ဟော်လီးဒေး လာတာမဟုတ်ပါ။

သူတို့ဒီလို သင်္ဘောနဲ့ကမ္ဘာပတ်နေတဲ့အချိန်မှာ မြန်မာပြည်က ဘုရင်တွေ ဘာလုပ်နေကြလဲဆိုတော့ မိန်းမတွေ တစ်ပုံကြီးယူပြီး ပျော်ပါးသောက်စားမှုးယစ်ပြီး အာဏာမက်နေကြတုန်းပါ။ အဲဓိက ဒါကိုပဲ ခေါင်းထဲမှာ ထည့်ထားပုံရတယ်။ အသေးစိတ်မသိပါ။

သြစတျေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်ကို ၁၇၈၆-ခုနှစ် သြဂုတ်လမှာ ပထမဆုံး အင်္ဂလိပ်က စတင် ကိုလိုနီပြုခဲ့တယ်။ ရွက်လှေ ၁၁ စီးနဲ့ အတူ အကျဉ်းသား ၁၅၀၀-လောက် ဒုက္ခအမျိုးမျိုး အခက်အခဲမျိုးမျိုးကို ရင်ဆိုင်ပြီး သြစတျေးလျမှာ နေဖို့ အင်္ဂလိပ်အစိုးရက စေလွှတ်လိုက်တယ်။ ဒီလူ ၁၅၀၀-ထဲမှာ မိန်းမ၊ ခလေး တွေနဲ့ ယောက်ျားတွေပါတယ်။ လာတဲ့လမ်းမှာတင် လူအယောက်လေး ဆယ်နီးပါလောက် သေဆုံးကုန်တယ်။ ဘယ်လောက်ထိ ခက်ထန်ကြမ်းတမ်းတဲ့ လမ်းခရီးလဲ။ အခုခေတ်လို ဒုက္ခသည်စခန်းတွေထဲကနေ လေယျာဉ်နဲ့ လာရတဲ့ခရီးဆိုရင် ဘယ်လောက်တောင် ပါကြမလဲမသိဘူး။ အခုတော့ ၁၅၀၀ လောက်ရှိတဲ့ လူဦးရေ။ သူတို့တွေအားလုံးဟာ သူခိုးတွေချည်းပဲ။

သူတို့ဘ၀တွေကို သြစတျေးလျမှာ ထူထောင်ကြတဲ့ အချိန်မှာ ဘာရှိလဲဆိုတာတွေးကြည့်ပါ။ ဘာမှ အဆင်သင့်မဖြစ်သေးပါဘူး။ အဲဒိအချိန်မှာ Centerlink လို့ခေါ်တဲ့ အစိုးရထောက်ပံ့ကြေးပေးတဲ့ ဌာနမရှိ။ ဆောက်ပြီးသား အိမ်၊ ကျောင်းသွားဖို့အတွက် မော်တော်ကား၊ အပျင်းပြေသောက်ဖို့အတွက် ဘီယာရှိတယ်ထင်လား။ တခုမှမရှိပါ။ ရှိတာက သူတို့ကို ဆော်ပလော်တီးဖို့ ချောင်းနေတဲ့ ဌာနေတိုင်းရင်းသားတွေပဲရှိတယ်။ အဲဒိအချိန်မှာ ဌာနေတိုင်းရင်းသားတွေက ဂျီတော့၊ အင်တာနက်နဲ့ Facebook သုံးနေတဲ့ ယဉ်ကျေးမှု မရှိတော့ အင်္ဂလိပ်သူခိုးတွေကို လေးမြားနဲ့ပစ်၊ လှံနဲ့ထိုးပြီး ပြန်မောင်းထုတ်ကြတယ်။

ရာသီဥတုကလည်းဆိုးရွား၊ ရေကလည်းရှားနဲ့ စတင်အခြေချလာတဲ့ အင်္ဂလိပ်ဒုက္ခသည်တွေဟာ သူတို့အခက်အခဲကို ဖြစ်သလိုကြိတ်မှိတ်ပြီး ရင်ဆိုင်ကြတယ်။ တုန့်ပြန်ကြတယ်။

သူတို့တွေဟာ တဖြည်းဖြည်းနဲ့ သူတို့ဘ၀တွေကို တည်ထောင်ကြတယ်။ နောက်ပိုင်းသူတို့အဆင်ပြေလာ ကြတော့ အင်္ဂလန်က သူခိုးတွေ၊ ဒမြ တွေကို တသုတ်ပြီးတသုတ် အင်္ဂလန်အစိုးရက ထပ်ပို့လာတယ်။ လူတွေများလာတယ်ပေါ့။ ဒီလိုနဲ့ သြစတျေးလျကို စတင်တည်ထောင်ကြတာပါ။

သူတို့ဒီလိုတည်ထောင်ကြတဲ့အချိန်မှာ IMF ဆီကလည်း ငွေအထောက်အပံ့မရပါ။ အမေရိကဆီကလည်း ချေးလို့မရပါ။ ရှင်းရှင်းပြောရရင် ဘယ်နိုင်ငံဆီကမှ အထောက်အပံ့မရပါ။

နှစ်ပေါင်း နှစ်ရာလောက်ကြာတဲ့အချိန်မှာ သြစတျေးလျနိုင်ငံဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးစာရင်းဝင်ဖြစ်လာတယ်။ သူတို့နိုင်ငံကနေ ဆင်းရဲတဲ့နှိင်ငံတွေကို ကူညီတယ်။ ဒုက္ခသည်တွေကို လက်ခံပေးတယ်။ မြန်မာပြည်က ဒုက္ခသည်တွေသောင်းနဲ့ချီပြီး သြစတျေးလျကို လာကြတယ်။ ဗီယမ်နမ်တွေ၊ အီရန်တွေလည်း လာကြတယ်။ သူတို့လာတဲ့အချိန်မှာ အိမ်အဆင်သင့်၊ အစိုးရထောက်ပံ့ကြေးအဆင်သင့်၊ စားစရာ အဆင်သင့်၊ အားလုံးအသင့်ပါပဲ။

သြစတျေးလျတွေ စားဖို့သောက်ဖို့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀-လောက်က ရုန်းကန်ရသလို ဒီဘက်ခေတ်သြစတျေးလျတွေ ခက်ခက်ခဲခဲမရုန်းကန်ရတော့ဘူး။

ဒါတွေဟာ ဘယ်သူ့ကြောင့်လဲဆိုတော့ သူတို့လူကြီးတွေကြောင့်ပဲ။ အဖိုးအဘွားတွေကြောင့်ပဲ။ သူတို့တွေဟာ ဘ၀နာတဲ့အခါကြတော့ အလုပ်ကျိုးစားတယ်။ သားတွေသမီးတွေ၊ နောင်လာနောင်သားတွေအတွက် စံနမှုနာဖြစ်စေတယ်။ နိုင်ငံရေးစနစ်ကို ကောင်းအောင်လုပ်တယ်။ ပွင့်လင်းမှုရှိမှ တရားမျှတမှုရှိမှ တိုးတက်မယ်ဆိုတာကိုသိတယ်။ အချင်းအချင်းလည်း ကိုယ်ထိလက်ရောက် ရန်မဖြစ်ဘူး။ ပါးစပ်နဲ့ပြောတဲ့ နိုင်ငံရေးကိုပဲ ကောင်းအောင် အားထုတ်တယ်။ နောက်ဆုံး သူတို့ဘာ့ကြောင့် ဒီလိုဖြစ်လာတာလဲဆိုတော့ သူတို့လူမျိုးရဲ့ စိတ်ဓာတ်တွေက ဗမာလူမျိုးတွေရဲ့  စိတ်ဓာတ်ထက် အဆင့်အတန်းမြင့်လို့ပါ။ အချောင်လိုက်ချင်တဲ့စိတ်၊ ခိုးချင်တဲ့စိတ်၊ ပျင်းတဲ့စိတ်၊ စတဲ့မကောင်းတဲ့ စိတ်ဓာတ်တွေဟာ ဘ၀နာတဲ့အတွက် မထားသင့်ဘူးလို့ သူတို့ယူဆတယ်။ အလုပ်လုပ်တယ်။ မိဘလုပ်စာကို ထိုင်ပြီးသုံးဖြုန်းတဲ့ အကျင့်ကို ဖျောက်တယ်။

သူတို့ အဘိုးအဘွားတွေက အရမ်းကို ဂုဏ်ယူစရာကောင်းတယ်။ ကျနော်တို့တိုင်းပြည်ရဲ့  အဘိုးအဘွားတွေကတော့ သိတဲ့အတိုင်းပဲ။ ကျနော်တို့ကို ဆင်းရဲအောင်လုပ်ခဲ့တယ်။ သူတို့ အဘိုးအဘွားတွေက သူတို့ချမ်းသာအောင်လုပ်ပေးခဲ့တယ်။ ဆိုတော့ သူတို့လူကြီးတွေက ဂုဏ်ယူစရာအရမ်းကောင်းတယ်ဗျာ။

ကျနော်တို့တိုင်းပြည်က ဘုရင်တွေကိုလည်းကြည့်ပါအုံး။ သမိုင်းတခုလုံးမှာ ကောင်းတဲ့ဘုရင်က လက်ချိုးရေလို့တယ်။ တခါလာလည်း စစ်တိုက်၊ တစ်ခါလာလည်း ဘုရားတည်ကျောင်းဆောက်။ ဒါနဲ့ပဲ အချိန်ကုန်နေခဲ့တယ်။ လူတွေရဲ့  အသိပညာကိုတိုးတက်အောင် လူတွေရဲ့ အကျင့်စာရိတ္တ ကောင်းအောင်နေထိုင်မပြကြဘူး။ မိန်းမတွေလည်း တစ်ပုံကြီးယူလို့ယူ။

ဘုရင်တွေအပြင် အစိုးရတွေလည်း ကြည့်ပါအုံး။ တချိန်လုံးကိုယ့်အချင်းချင်း ချ ဖို့လောက်စဉ်းစားနေတယ်။ သူများတိုင်းပြည်တွေ ဂလိုဘယ်လိုက်ဇေးရှင်းပြောနေတဲ့အချိန်၊ တတိယလှိုင်းနဲ့ လစ်ဘရယ်ဒီမိုကရေစီပြော နေတဲ့အချိန်မှာ ဆိုရှယ်လစ်စီးပွားရေးနဲ့တံခါးပိတ်မှုဝါဒသုံးလို့သုံး။ သူများတွေ ခရက်ဒစ်ကတ်နဲ့အွန်လိုင်းပေါ်ကနေ ဈေးဝယ်နေတဲ့အချိန်မှာ မြန်မာတွေကတော့ စုတ်ပြတ်နေတဲ့ငွေစက္ကူကို ကိုင်ပြီး ဈေးဝယ်နေရတုန်း။ သူများတွေက ကမ္ဘာကြီးပူနွေးလာပြီ၊ ကာဘွန်လျှော့ချမယ်၊ သဘာပတ်ဝန်းကျင်ကို ဦးစားပေးရမယ်လို့ပြောနေတဲ့အချိန်မှာ သူတို့က ရေကာတာတွေ ဆောက်လို့ဆောက်။ သစ်တောတွေကို ခုတ်လို့ခုတ်။ အကုန်လုံးသူများတိုင်းပြည်တွေနဲ့မတူတဲ့ ပြောင်းပြန်စနစ်တွေကိုပဲ လုပ်နေကြတယ်။

အခုလည်းကြည့် ဥပဒေပြုတဲ့အဆင့်မှာရှိသေးတယ်။ ဆွေးနွေးနေကြတဲ့အဆင့်မှာရှိသေးတယ်။ ဘာမှ လက်တွေ့အကောင်အထည်မဖော်ကြသေးဘူး။ တိုင်းပြည်ငြိမ်းချမ်းရေးရမှာကို အစိုးရအဆက်ဆက်က အသေကြောက်နေလားမသိဘူး။ ဘာဖြစ်လဲဗျာ....နိုင်ငံတကာနဲ့တန်းတူ မြန်မာတွေကိုလည်း အခွင့်အရေးပေးလိုက်ပေါ့။ အဓိကပြသနာက ကမ္ဘာ့ပေါ်မှာဖြစ်ပျက်နေတာတွေကိုအတုမယူတက်ကြဘူး။ ဒါ့ကြောင့်လည်းပဲ တိုင်းပြည်က အခုထက်ထိ ဒုံရင်းကဒုံရင်းဖြစ်နေတာပေါ့။

တကယ်တမ်း တိုင်းပြည်ရဲ့  ပြသနာကို ဖြေရှင်းချင်ရင် လွယ်လွယ်ပေးပဲ။ တစ်ရက်ထဲနဲ့တောင်ပြတ်တယ်။ လွှတ်တော်မှာ ဆွေးနွေးနေတာတောင် ကြာသေးတယ်။ ကျနော်သာဆိုရင် ဒီလိုလုပ်မယ်။

သူပုန်တွေကော၊ အစိုးရကော၊ အားလုံးသော နိုင်ငံရေးအင်အားစုတွေရဲ့  ကိုယ်စားလှယ်တွေလာကြ၊ ဆွေးနွေးကြ။ သူတို့ဆွေးနွေးချက်တွေကို တိုက်ရိုက်အသံလွှင့်ပေးမယ်။ ပြီးရင် ဆုံးဖြတ်ချက်ချ။ ဒါပဲ လုပ်ရမှာကိုများ ဒီလောက်ကြာရလားမသိဘူး။

မြန်မြန်လုပ်ကြပါဗျာ။

ရည်ညွန်း- http://www.australianhistory.org/landing


View My Stats