ရန်ကုန်နိုင်ငံရေး
ပြည်တွင်းကလူတစ်ယောက်မဟုတ်တော့ အပြင်ကနေတွေ့ သမျှကို တင်ပြမယ်။ အပြင်ကဆိုတော့ မီဒီယာကိုပဲ အားကိုပြီးလေ့လာရတယ်ဆိုပါစို့ ။ ဒီတော့ မီဒီယာပေါ်မှာတွေ့ နေရတဲ့ နိုင်ငံရေးဖြစ်ရပ်တွေမှန်သမျှဟာ ရန်ကုန်တစ်ဝိုက်မှာပဲ ဖြစ်နေတယ်။
သံတမန်တွေကလည်း ရန်ကုန်ကလူတွေကိုပဲတွေ့ တယ်။ ရန်ကုန်ကအတိုက်အခံတွေကလည်း ဂေါ်လီလုံးလောက်ရှိတဲ့ရန်ကုန်တစ်ဝိုက်ကိုမှ တကယ့်နိုင်ငံရေးလို့ ယူဆနေတယ်။ လူမှုရေးလုပ်ငန်းတွေမှန်သမျှကိုလည်း ရန်ကုန်တစ်ဝိုက်မှာလုပ်တယ်။ ပြီးရင် မီဒီယာကလည်း ဒီလူ ဒီလူ ဒီအဖွဲ့ တွေချည်းပဲ ဖေါ်ပြတယ်။ ကြာလာတော့ မြန်မာတစ်ပြည်လုံးရဲ့ နိုင်ငံရေးက ရန်ကုန်လားလို့ တောင် မေးရမလိုဖြစ်နေပြီ။
အခြားမြို့ တွေ ပြည်နယ်တွေ တိုင်းတွေမှာ ဘာ့ကြောင့် ရန်ကုန်လိုမထင်ပေါ်တာလဲ။ မလုပ်လို့ လား။ အဖြေကတော့မဟုတ်ပါဘူး။ ရန်ကုန်က နိုင်ငံရေးသမားတွေဟာ မသွားမလာနိုင်လို့  အခြားနယ်တွေအထိမရောက်တာလို့ သုံးသပ်နိုင်တယ်။ အတိုက်အခံက ရန်ကုန်မှာနေတယ်။ အစိုးရက နေပြည်တော်မှာနေတယ်။ ဒီနယ်လေးနှစ်ခုက ဗမာပြည်တစ်ပြည်လုံးကို ကိုယ်စားလုံးဝမပြုသေးပါဘူး။ ဒါ့ကြောင့် ကျနော်တို့ အပြင်ကလူတွေထင်တာက ရန်ကုန်က အတိုက်အခံ၊ နေပြည်တော်ကအစိုးရဟာ မြန်မာတပြည်လုံးနဲ့ ပြည်ပကလူတွေကို လုံးဝကိုယ်စားမပြုသေးပါဘူး။ ကိုယ်စားပြုလာအောင် ဒီနှစ်ခုကလူတွေအနေနဲ့  ရန်ကုန်နဲ့ နေပြည်တော်မှာပဲ မနေပဲ သွားလာစည်းရုံးဆက်ဆံကြစေချင်တယ်။
မီဒီယာတွေကလည်း စွတ်ပြီးအားအားယားယား မမြှောက်ကြပါနဲ့ ။
အိုင်ဖုန်း၊ အိုင်ပတ်ထ် နဲ့  ပြည်ပက အတိုက်အခံ
လွန်ခဲ့တဲ့အချိန်က လက်တော့ ခေတ်စားတယ်။ အစည်းအဝေးတိုင်း၊ ၀က်ရှော့တိုင်းမှာ လက်တော့လေးပါလိုက်ရမှ ခေတ်မှီသလိုမျိုး။ ခေါင်းဆောင်ဟုခေါ်သော ခေါင်းဆောင်တိုင်း လက်တော့ကိုင်မှ ခေါင်းဆောင်ဖြစ်လေသလို။ အစည်းအဝေးတွေမှာ လက်တော့ကိုဖွင့်။ ပြီးရင် ဘာတွေရေးမှန်းမသိ။ ဒီလိုမျိုးဖက်ရှင်က လွန်ခဲ့တဲ့ ၁၀-နှစ်လောက်က မရှိမဖြစ် မတင့်တယ်သော ဖက်ရှင်။ ဒီလိုခေတ်မှီမှ ကျနော်မျိုးတို့ ပြည်ပအတိုက်အခံတွေအနေနဲ့  ဂလိုဘယ်လ်လိုက်ဇေးရှင်းနဲ့ အပြိုင် ခေတ်မှီတယ်လို့ ယူဆတယ်။ ဘိုလိုလေးလည်း ပွားတက်ရင် ပို့ လို့ တောင် စော်ကြည်သေး။
လက်တော့ဆိုရင် မဲမဲသဲသဲနဲ့ ဗလကြီးတဲ့ လက်တော့ခေတ်ပြီးတော့ မော်ဒယ်လက်တော့ဖြစ်ရမယ်။ လက်တော့သည်သေးရမယ်။ ပါးရမယ်။ လှရမယ်။ အခုခေတ်လက်တော့တွေထဲမှာ ပန်းသီးလက်တော့က ခေတ်အမှီဆုံး။ ဆိုနီ၊ ဖူဂျစ်စုလောက်တော့ အလုပ်မဖြစ်တော့ဘူး။ ဒါလေးရှိရင်တောင် နိုင်ငံရေးစကားပြောရင် တယ်ပြီးဂုဏ်သိက္ခာရှိတာပေါ့။
ကွန်ပြူတာထဲမှာ ဘာတွေရေးလဲတော့မသိဘူး။ ဘာမှမရေးလဲ ဒီပစ္စည်းတွေရှိဖို့ ကအဓိကပေါ့ဗျာ။
၂၀၁၁-ခေတ်မှာတော့ လက်တော့ခေတ်မဟုတ်။ အိုင်ဖုန်း နဲ့ အိုင်ပတ်ထ် ရှိရမယ်။ ဟုတ်ဟုတ်မဟုတ်ဟုတ် ဒါတွေရှိတဲ့လူကသာလျှုင် နိုင်ငံရေးကို ပိုသိပိုတက် ပိုပြီးဆရာကြီးဖြစ်တယ်။ အိုင်ပတ်ထ်နဲ့ အိုင်ဖုန်းဆိုတာကလည်း ဈေးကြီးတော့ အတော်များများ ငမွဲခေါင်းဆောင်တွေမကိုင်နိုင်။ ဒီတော့ ကိုင်နိုင်တဲ့ ခေါင်းဆောင်ကြီးတွေက ပိုပြီးမျက်နှာပွင့် ပိုပြီးလူအထင်ကြီးတယ်ပေါ့ဗျာ။ ဒီပစ္စည်းတွေကလည်း သုံးတက်အုံးမှ။ သူတို့ ခလုတ်တွေက မထိတထိပွတ်နိုင်မှ အလုပ်ဖြစ်တာကိုး။
အဲလိုပွတ်တာကို လူတွေကလည်း အထင်ကြီးတဲ့ ခေတ်မှာ ပွတ်နည်းကျွမ်းတဲ့ လူက ပိုပြီး စော်ကြည်တယ်။ ဒီလိုပွတ်တာကျွမ်းဖို့ အတွက် ခေါင်းဆောင်တိုင်း ကိုယ့်အိမ်မှာ ကြိတ်ပြီး အပွတ်လေ့ကျင့်ရတယ်။ လူကြားထဲရောက်ရင် အိုင်ပေါ့နဲ့ အိုင်ပတ်ထ်ကိုဖွင့် လူရှေ့ မှာ ဟိုပွတ်ဒီပွတ်လုပ်၊ လက်ရှိအစိုးရက စေတနာတွေ မေတ္တာတွေမရှိ၊ ငါတို့ ကသာလျှင် ပြည်ပကနေ အိုင်ပတ်ကိုပွတ်ပြီး တိုင်းပြည်ကိုအချစ်ဆုံး၊ ပညာအတက်အဆုံး၊ ငါတို့ လောက်သိတဲ့သူမရှိ။ သူတို့ ဒီလိုပြောနေရင်းနဲ့ အိုင်ပတ်နဲ့ အိုင်ဖုန်းကို တီထွင်သူ ဟိုလူကြီး ရှောသွားတာကိုတောင် မသိတဲ့လူများဖြစ်ကုန်ကြပါကောလား။
ကျနော်တို့ သြစတျေးလျက တောသားတွေ အိုင်ပတ်လည်း မကိုင်ဘူး။ မသုံးဘူးကြဘူး။ ကွန်ပြူတာတောင်ကောင်းကောင်းမသုံးတက်ဘူး။ ဒုက္ခသည်အဖြစ်နဲ့ လာကြတဲ့ မြန်မာတွေကိုပြောတာပါ။ တချို့ များဆိုရင် ဂျီတော့ကိုင်ရတာကို မျှောက်အုန်းသီးရသလိုမျိုး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်လို့ ဖြစ်။ အိမ်မှာကွန်ပြူတာရှိတာပဲအဖတ်တင်တယ်။
သူများတွေလို အိုင်ဖုန်း၊ အိုင်ပတ်ကိုတော့ ၀ယ်နိုင်တယ်။ ဒါပေမဲ့ ဒါတွေဝယ်ပြီး ဘာလုပ်ဖို့ လဲ။ လုပ်တဲ့အလုပ်က စက်ရုံမှာ ချွေးတွေနဲ့ ညစ်ပတ်ပေရေပြီး လုပ်နေတာ အိုင်ဖုန်းလို ပွတ်လို့ ရတဲ့ဟာကြီးနဲ့ တော့မတန်ပါဘူး။ အိမ်ရောက်မှာ မိန်းမရဲ့ ဗိုက်ကို ပြန်ပြီးပွတ်တာကမှ ဖီးလာသေးတယ်။ ဒါ့ကြောင့် သြစတျေးလျက မြန်မာတွေ အများစုဟာ ပိုက်ဆံရှိလည်း အိုင်ဖုန်းကို စိတ်မ၀င်စားနိုင်ပါဘူး။ အိုင်ပတ်လည်း မသိ။ အိုင်ပတ်တာဆိုလို့  ငါးပတ်တာလားလို့ တောင် မေးအုံးမယ်ထင်တယ်။
ကျနော့် တယ်လီဖုန်းဆိုရင် ဈေးအနဲဆုံး။ တယ်လီဖုန်းပါဆိုမှ ဆက်လို့ ရရင်တော်ပြီပေါ့ဗျာ။ အခုခေတ်တယ်လီဖုန်းတွေကလည်း ရှုပ်ရှက်ကိုခက်နေတာပဲ။ ဘာတွေထည့်ထားမှန်းကိုမသိဘူး။ ဒီလောက် အလုပ်ရှုပ်တဲ့ သြစတျေးလျနိုင်ငံမှာ ဒီလိုတယ်လီဖုန်းကိုသုံးဖို့ မပြောနဲ့  လှည့်တောင်မကြည့်အားဘူး။ ကွန်ပြူတာဆိုရင်လည်း ပန်းသီးလား လိမ္မောသီးလား၊ တခါမှ မကိုင်ဘူးဘူး။ မ၀ယ်နိုင်လို့ မဟုတ်။ အစကနေ ပြန်သင်နေရလို့ ။ ဈေးကလည်းကြီးသေး။ ဒါ့ကြောင့်ဈေးအပေါဆုံး ကွန်ပတ် လက်တော့လေးပဲ ၀ယ်ကိုင်တာ ကိုယ်နဲ့ အသင့်တော်ဆုံး။
ဈေးကြီးပစ္စည်း နောက်ဆုံးပေါ်ပစ္စည်းတွေကိုင်ပြီး လူကြားထဲမှာ ကြွားဖို့ လည်း မရှိဘူး။ ဘယ်သူမှလည်း အထင်မကြီးပါဘူးဗျာ။
အဲ....ဒါပေမဲ့ တချို့ သော လူတွေကတော့ ဒါလေးရှိမှ ခေတ်မှီတယ်။ အထင်ကြီးတယ်။ များများပွတ်နိုင်မှ စော်ကြည်တယ်ဆိုတော့ ပွတ်တဲ့ပစ္စည်းတွေပဲ ၀ယ်ပြီး လူကြားထဲမှ ပွတ်ကြလေတော့သတည်း။
အပွတ်ခေတ်လွန်
ပန်းသီးပြီး ဂွေးသီးခေတ်ရောက်တော့မယ်လို့ ပညာရှင်တွေဟောနေပြီ။ ပညာရှင်လို့ ပြောရင် နိုင်ငံခြားက ဒေါက်တာဘွဲ့ ရတဲ့ပညာရှင်ကိုပြောတာမဟုတ်ပါ။ ဝေဒဗေဒဗေဒင်ပညာရှင်ကိုပြောတာပါ။ သူက တက္ကသိုလ်ကြီးမှာ အလုပ်လုပ်နေတာမဟုတ်ဘူး။ သူ့ ရုံးခန်းက ရွှေတိဂုံဘုရားဆောင်းတန်းနားမှာဖြစ်တော့ လူလည်းအတော်စည်တယ်။
တခါဟောရင် မြန်မာငွေနှစ်ထောင်ရတယ်။ နိုင်ငံခြားက ဒေါက်တာဘွဲ့ ရတဲ့ပညာရှင်ကြီးရဲ့ နိုင်ငံရေးဟောစာတမ်းကို အောက်ခြေကလူတွေစိတ်မ၀င်စားဘူး။ ဘုရားဆောင်တန်းက ဗေဒင်ပညာရှင်ကြီးပြောတာကို အောက်ခြေက လက်လုပ်လက်စားတွေအရမ်းစိတ်ဝင်စားတယ်။ အားကိုးတယ်။ သူပြောတဲ့အတိုင်းလုပ်တယ်။ ဒီပညာရှင်နှစ်ဦးရဲ့ ကွာခြားချက်က ဒီလောက်ထိဖြစ်တော့ ဘယ်ပညာရှင်က ပြည်သူ့ အတွက်အသုံးဝင်လဲဆိုတာ သိလောက်ပြီ။
ဒီနှစ်ဦးမှာ ဘယ်သူက ပြည်သူ့ အကျိုးပြုလုပ်ငန်းကို လက်တွေ့ ကျကျ အကျိုးဆောင်ပေးလဲ။ လန်ဒန်တက္ကသိုလ်က ဒေါက်တာဇာနည်လား၊ ဘုရားဆောင်းတန်းက ဝေဒပညာရှင်လား။ ကျနော့်အထင်တော့ ဆောင်းတန်းက ပညာရှင်ကြီးက ပိုလိုတောင် လက်တွေ့ ကြတယ်လို့ ထင်တယ်။ အဲဒိပညာရှင်ကြီးကပြောတယ်။ ပန်းသီးခေတ်ကုန်ရင် ဂွေးသီးခေတ်ရောက်မယ်တဲ့ဗျာ။ ဒို့ မြန်မာပြည်ကြီးက ပန်းသီးနဲ့ တော့မတန်ဘူး။ ဂွေးသီးနဲ့ ပဲတန်တယ်။ ဂွေးသီးကို ငါးပိထောင်းလဲရတယ်။ ဟင်းချက်စားလည်းရတယ်။ ပန်းသီးက တမျိုးပဲ သုံးလို့ ရတယ်ဆိုတော့ ဂွေးသီးလောက် အသုံးမ၀င်ဘူးတဲ့ဗျာ။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းက ဂွေးသီးခေတ်ကိုသွားနေတာကွလို့  ဘုရားဆောင်တန်းက ပညာရှင်ကြီးကဟောလေပါတော့တယ်။
ရန်ကုန်ကနိုင်ငံရေးသမား၊ နေပြည်တော်က အစိုးရ၊ ပြည်ပက အပွတ်သည်များနှင့်သြစတျေလျရောက်တောသားများအတွက် အားနေလို့ ရေးခြင်း ဖြစ်ပါကြောင်း။
--
Thanks for sending!!!
Phone Kyaw