တကမ္ဘာလုံးမှာ စကားတစ်ခုပဲရှိရင် သိတ်ကောင်းမယ်။ ဒါဆိုရင် ဘာသာစကားသင်ကြားမှုအတွက် ပေးရတဲ့အချိန်တွေ သက်သာသွားမယ်။ နိုင်ငံတစ်ခုနဲ့တစ်ခု ပိုပြီး ဆက်ဆံလို့ကောင်းမယ်။ နည်းပညာ၊ ဗဟုသုတ စတဲ့ ဘာညာအီစီကလီတွေလည်း အလွယ်တကူဖလှယ်နိုင်မယ်။
အခုတော့ဗျာ သင်ရတဲ့အင်္ဂလိပ်စာ။ တက်ကိုမတက်နိုင်တော့ဘူး။
ဗမာပြည်ကလူတွေ ဗမာစကားမပြောပဲ အင်္ဂလိပ်လိုပြောရင် သိတ်ကောင်းမှာ။ ဒါမှမဟုတ် အင်္ဂလိပ်တွေ၊ ဂျပန်တွေ၊ တရုတ်တွေလည်း ဗမာစကားတစ်ခုတည်း ပြောရင်အရမ်းကောင်းမှာပဲ။ ဘာသာစကားတစ်ခုခုကို အားလုံးဝိုင်းပြောလိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးနေမိတယ်။
ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည်တို့စာ။ တို့စကားကို လေးစားပါဆိုတဲ့ ဟာကြီးနဲ့ ပက်သက်လို့လည်း စဉ်းစားမိတာက ဒီလိုပါ။ အထူးသဖြင့် စကား နဲ့ စာပေ ကိစ္စ။ ဒီဟာတွေက ဘယ်လောက် ကြာရှည်ခံမှာလဲ။ဘာ့ကြောင့် ကျနော်တို့ အရမ်းကို ဖက်တွယ်ထားကြတာလဲ။ မရှိတော့ကော ဘာဖြစ်လဲ။ ရှိနေတော့ကော ဘာဖြစ်လဲ။ သူများစကားနဲ့စာပေကိုသုံးတော့ကော ဘာဖြစ်လဲ။
ဗမာစကား၊ ဗမာစာ မရှိတော့ ဘာမှမဖြစ်ဘူးလို့ ကျနော်ထင်တယ်။ ဘာမှ သွားပြီး အသားလွတ်အထင်ကြီးပြီး လျှောက်ပြောနေစရာ မလိုတော့ဘူးလို့ထင်တယ်။ မွန်ကလည်း မွန်စကားမှ မွန်စကား။ ထိန်းသိမ်းစောင့်ရှောက်ရမှာတို့ ဘာတို့။ အခြားတိုင်းရင်းသားတွေကလည်း သူတို့ စကားမှစကား။ ဗမာပြည်မှာ ဘာသာစကားတွေက မှိုလိုပေါက်၊ လူမျိုးတွေကလည်း မိုးတွင်းမှာပ်ါတဲ့ ဂဏန်းလုံးတွေလို များမှများ။
နောင်ဆိုရင် အနာဂတ်တိုင်းပြည်မှာ အင်္ဂလိပ်စာကို နိုင်ငံသုံးဘာသာတစ်ခုအနေနဲ့ လုပ်ထားရင် ပိုပြီးကောင်းမယ်။ ဒါမှ လူတိုင်းအင်္ဂလိပ်လိုတက်ပြီး နိုင်ငံတကာမှာ ဘာဖြစ်နေတယ်ဆိုတာကို လိုက်မှီကြမှာ။ အခုကြတော့ဗျာ ဘာမှသုံးစားလို့ မရတဲ့ မွန်စကား၊ ကရင်စကား၊ ရှမ်းစကား၊ ပအိုဝ်စကားတွေပဲ တိုင်းပြည်မှာ ရှိနေတယ်။ ဒီစကားတွေက တကယ်တမ်းပြောရရင် နယ်မြေကွက်ကွက်လေးတစ်ခုထဲမှာ သုံးလို့ရနေတယ်။
အဓိက အင်္ဂလိပ်စာနဲ့စကားကို လက်တလောမှာ လူတွေ အဓိကသုံးနေကြပြီဆိုတော့ နောင်လည်း ဒီစကားပဲ ကမ္ဘာသုံးစကားဖြစ်မှာပဲ။ သူများလူမျိုး၊ သူများစာပေတွေက လွှမ်းမိုးတာကို မခံနိုင်ရင် ကိုယ့်ရဲ့ စာပေနဲ့ စကားကို ပြန့်ပွားအောင် ကျိုးစားကြပေါ့။ ကရင်တွေ၊ မွန်တွေ၊ ဗမာတွေ နိုင်ငံခြားမှာ ကရင်စကားပြောသင်တန်း၊ မွန်စကားပြောသင်တန်း၊ ဗမာစကားပြောသင်တန်းဆိုပြီး အခမဲ့ဖွင့်ကြည့်ပါလား။ ကိုယ့်စာကို ပြန့် ပွားအောင်အနေနဲ့။ ဦးသိန်းစိန်တို့ ဒီလောက်ကိုယ့်တိုင်းပြည်ကို အထင်ကြီးနေရင် ကျနော်ပြောတဲ့အတိုင်းလုပ်ကြည့်။ ဘယ်သူမှ စိတ်ဝင်စားမှမဟုတ်ဘူး။
ဒီနေ့ကစပြီး ကျနော်တို့ရဲ့ ဗမာစကားကို ကမ္ဘာသုံးဖြစ်အောင် ကျိုးစားကြစို့။ ဒါမှ မဟုတ်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးစားပေးတဲ့အနေနဲ့ ရှမ်းစကားကို ကမ္ဘာသုံးဖြစ်အောင်လုပ်ကြစို့။ အင်္ဂလိပ်တွေလည်း ရှမ်းစကားပြော၊ ဂျပန်တွေလည်း ရှမ်းစကားပြော။ ဒါဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။
တွေးနေတာပါ။
ကဲ...ဒီတော့ဗျာ။ တလွဲမတွေးပါနဲ့။ ဒါမှမဟုတ် ကျနော်ပဲ တလွဲတွေးနေလားမသိ။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲပြောပြော လေက လေပါပဲ။