မှတ်မှတ်ရရလေးဆိုတော့။ ကိုယ့်ကိုယ်လည်းမရှက်နိုင်ပါဘူး။ ကျောင်းတက်တဲ့အခါတိုင်း ဗိုက်ဆာတဲ့ရက်တွေက များတယ်။ ထမင်းချိုင့်ထည့်ဖို့ဟင်းကောင်းမချက်နိုင်တော့ ထည့်ရမှာရှက်တယ်။ ထမင်းချိုင်ကလည်း သူများတွေလို စတီးချိုင့်တို့၊ ကော်ချိုင့်လှလှ လေးတွေမဟုတ်ဘူး။
စစ်သားသားသမီးပီပီ အဖေရဲ့ အမွေဖြစ်တဲ့ ပိန်လိန်နေတဲ့ဟန်ကောကြီးနဲ့ဆိုတော့ ထမင်းထည့်ရမှာ ဖီးမလာဘူး။ မထည့်ရဲတော့ အိမ်မှာ ကျောင်းမတက်ခင်အ၀စားတယ်။ စားတဲ့အချိန်က မနက် ၈ နာရီ။ ညနေ သုံးနာခွဲထဘယ်လိုလုပ်ပြီးခံမှာလဲ။ ဒါ့ကြောင့် ဘာမှမစားဘဲနေခဲ့တဲ့ရက်တွေများတယ်။ အိမ်ရောက်မှ ပြန်စားပေါ့။
အိမ်မရောက်ခင် လမ်းမှာ အမေ ဟင်းကောင်းကောင်းချက်ထားပါစေလို့ ဆုတောင်းရတာအမောပါပဲ။ အိမ်ရောက်ရင်ထုံးစံအတိုင်း ကန်စွန်းရွက်ချည်ရည်ဟင်း နဲ့ ငပိကတော့ အိမ်ရဲ့ ကျေးဇူးရှင်တွေလေ။
မုန့်စားဆင်းချိန်၊ ထမင်းစားချိန်မှာ ပိုက်ဆံရှိတဲ့သူတွေစားနေသုံးနေတာကို ကြည့်ပီး အဖေ့ပေါ်ကို အထင်မှားအမြင်မှားခဲ့တာတွေအများကြီးပါ။ ငယ်သေးတော့မသိဘူးလေ။ ရိုးရိုးသားသားအဖေရှာကြွေးတာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး။ သူများအဖေတွေလို၊ ကျနော့်အဖေက ကားကောင်းကောင်းတွေနဲ့ သူတို့သားသမီးတွေကို ကျောင်းလာပို့တဲ့အခါ သိမ်ငယ်စိတ်က အလိုလိုရှိလာတယ်။
စားဝတ်နေရေးအဆင်မပြေတော့ ကျောင်းစာလည်းစိတ်မ၀င်စားပါဘူး။ ဗိုက်ဆာနေတာနဲ့ ဘယ်လိုလုပ်ပြီးစာကိုဖတ်နိုင်အုံးမှာလဲ။ ဒါ့ကြောင့် အခုထိခေါင်းထဲမှာစွဲနေတာက စားဝတ်နေရေးမပြေလည်ပဲနဲ့ ဘယ်တော့မှခလေးတွေပညာတက်မှာမဟုတ်ဘူးလို့။ ဒါ့ကြောင့်လည်းပဲ ကျနော် ၁၀ တန်းကို ၂-ခါကျပီး စားဝတ်နေရေးအဆင်ပြေအောင် အမေနဲ့အဖေကို ကူညီခဲ့ရတာပေါ့။
ငမွဲကငမွဲဖြစ်တာ ဘ၀ပေးကုသိုလ်ကံလား
ကျနော်တို့ဘ၀တွေက အသက်မသေယုံတမယ် စားရသောက်ရ ၊ နေရ။ ဒါက တပ်ထဲမှာရှိတဲ့ စစ်သားသမီးတိုင်းလိုလိုပါပဲ။ အဖေရတဲ့လစာနဲ့ ဘယ်လိုမှ အိမ်မှာမလောက်ငှ။ အစားအသောက်၊ အ၀တ်အစားချို့ တဲ့။ ပညာသင်ဖို့ငွေမရှိ။ ဒီလိုဖြစ်နေတဲ့ဘ၀မှာ အများစုကနောက်ဆုံး ၁၀ တန်းတောင်မအောင်ပဲ...ကျောင်းထွက် ရရအလုပ်ဝင်လုပ်၊ တပ်ထဲဝင်၊ ဒီလိုနဲ့ပဲ ဘ၀ကြီး ပြောင်းပြန်တပတ်ပြန်လည်။
စက်ရုံ၊ အလုပ်ရုံ၊ တပ်ထဲမှာ သွားရောက်လုပ်ကိုင်တဲ့လူတွေအားလုံး ကြားရတာက အဆင်မပြေတဲ့ဘ၀အမောတွေနဲ့။ သူတို့လေးတွေ မိသားစုတွေဖြစ်လာ၊ သားသမီးတွေရတဲ့အခါ သူတို့သားသမီးတွေ ကျနော်တို့ဘ၀တွေလို ပြန်ခံစားရ။ အော် ဒီလိုနဲ့ပဲ ဘ၀တွေ ချားရဟတ်လိုလည်ပတ်ပြီး နိဂုံးချုပ်ရတယ်။
ကျနော်ဆုံးဖြတ်ချက်ကို ရဲရဲကြီးချလိုက်တဲ့နေ့က အဖေထောင်ကျတဲ့နေ့ဖြစ်သွားတယ်။ ကျနော်ဆုံးဖြတ်က ကျနော့်သားသမီးတွေ ကျနော့်လို စုတ်ပြတ်နှံချာတဲ့ဘ၀မျိုးမရောက်ချင်လို့၊ မှားနေတဲ့အမှားကြီးကိုတော်လှန်ချင်လို့ ကျနော်တောခိုလိုက်ပါပြီ။
တောထဲကအကြောင်းဆက်ရေးပါ့မယ်။
No comments:
Post a Comment