ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

7/5/10

ပြည်ပမီဒီယာ၊ ပြည်ပအဖွဲ့အစည်း၊ ပြည်ပနိုင်ငံရေး နှင့် ပြည်ပ ဘလော့ဂ်ဂါ

အဝေးကနေမြင်ရသည့်အမြင်ဖြစ်ပါကြောင်း ကြိုတင်ပြောပါရစေ။ အသေးစိတ်တော့ စာရေးသူ မသိပါ။ နိုင်ငံရေးကို စိတ်ဝင်စားသည့်လူငယ်တစ်ယောက်၊ တော်လှန်ရေးကိုစိတ်ဝင်စားသည့်လူငယ်တစ်ယောက်အနေဖြင့် မိမိအမြင်ကိုရေးခြင်းဖြစ်ပါသည်။ အထူးသဖြင့် မိမိအယူအဆ၊ အတွေးအမြင်များအား ရေးပါသည်။ မည်သည့်အဖွဲ့အစည်း၊ တစ်ဦးချင်းအား ထိခိုက်ခြင်း၊ မြှောက်ပင့်ပေးခြင်း ဆန္ဒမရှိပါ။

ပြည်ပမီဒီယာ

ပြည်ပ မီဒီယာတွင် အမျိုးမျိုးရှိသည်။ လေလှိုင်း၊ အင်တာနက်မီဒီယာ၊ Printed Media ဟုခေါ်သော စာစောင်၊ ဂျာနယ်များ နှင့် ရုပ်မြင်သံကြားအစီစဉ် ရှိသည်။ RFA BBC DVB VOA တို့သည်လေလှိုင်းဖြစ်သည်။ ခေတ်ပြိုင်၊ Irrawaddy၊ Mizzima စသည့်တို့သည် အလုပ်အမျိုးမျိုးလုပ်သော မီဒီယာများဖြစ်သည်။ ထိုသူတို့သည် အကုန်လုပ်သည်။ TV၊ အင်တာနက်၊ ဂျာနယ် အများအပြားလုပ်သည်။ အထူးသဖြင့် Internet အပေါ်အခြေခံသော မီဒီယာကို ပိုမိုအာရုံစိုက်သည်။ ဒါ့အပြင် အခြားသော တိုင်းရင်းသားများတည်ထောင်ထားသော မီဒီယာများလည်းရှိသည်။ အားလုံးနီးပါး Internet ကိစ္စကို ပိုမိုအာရုံစိုက်သည်။ အင်တာနက်သည် အခြားသော မီဒီယာများထက်ထိရောက်သောကြောင့်ဖြစ်သည်။ ပြည်တွင်းပြည်ပမှ လူများအချိန်မရွေးဖက်နိုင်သည့် အားသာချက်ရှိသည်။

မီဒီယာတွေ ဘယ်လိုရပ်တည်ကြလဲ။

ပြည်ပအဖွဲ့အစည်းများ၊ မီဒီယာများသည် နိုင်ငံတကာအဖွဲ့အစည်းများ၊ အလှူရှင်များ၏ အလှူငွေများအပေါ်တွင် မှီခိုနေရပါသည်။ အထူးသဖြင့် အမေရိကန်ပိုင်ဖြစ်သော National Endowment for Democracy (NED) မှ အလှူငွေအများစုပေးသည်။ Open Society ခေါ် OSI မှလည်း အတော်များများထောက်ပံ့ပေးသည်။ ယခုအလှူငွေများသည် အမေရိကန်ပြည်သူများ(တနည်း) Tax payer များမှရရှိသည့်ငွေများဖြစ်ပါတယ်။ အကယ်၍သာ ယခုအလှူငွေများအား ဖြတ်တောက်ခံရပါက ပြည်ပအခြေစိုက် မီဒီယာများ၊ အဖွဲ့အစည်းများ မည်သို့ဖြစ်လာနိုင်ပါသလဲ။ အနည်းဆုံးတော့ အထည်ကြီးပျက် ဖြစ်သလိုမျိုးဖြစ်ပါလိမ့်မယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကုန်တော့မည်။ အဘယ့်ကြောင့်ဆိုသော သူများအားကိုပြီး ရပ်တည်နေသောကြောင့်ဖြစ်သည်။

ဘလော့ဂ်များ


နိုင်ယှဉ်ချက်အနေဖြင့် မိမိခြေထောက်ပေါ်ရပ်တည်ပြီး ၀ါသနာအရလုပ်သော မီဒီယာအသေးစား (ဘလော့ဂ်ဂါ)များသည် ရေရှည်ရပ်တည်နိုင်ပြီးအောင်မြင်သူများဖြစ်လာနိုင်ပါသည်။ မိမိအမြင်၊ အယူအဆ များအား ရှင်းရှင်းလင်းလင်း တင်ပြနိုင်သည်။ သူများအပေါ်မှီခိုမှု ကင်းသောကြောင့် မည်သည့်မျက်နှာမှ ငဲ့ညာရန်မလို၊ အားကိုးရန်မလိုပဲ အလုပ်လုပ်နိုင်သည်။ အုပ်စုနှင့် ၀ိုင်းကိုက်သည့်ခွေးလိုလည်း သူတို့မလုပ်။

အောင်မြင်သည့်ဘလော့ဂ်ဂါများ အများအပြားရှိသည်။ ထိုသူများထဲမှ တဦးဖော်ပြရသော် ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်သည် အတော်အောင်မြင်သောဘလော့ဂ်ဖြစ်သည်။ ပြည်တွင်းပြည်ပမှ အဖတ်များသည့် ဘလော့ဂ်ဖြစ်သည်။ ဒေါက်တာလွဏ်းဆွေဘလော့ဂ်သည် NED OSI မှ အလှူငွေအပေါ်ရပ်တည်ခြင်းမဟုတ်။ ၀ါသနာဖြင့်အရင်းတည်၍ လုပ်ထားခြင်းဖြစ်သည်။ အချိန်အကုန်ခံရသည်။ ဆောင်းပါးတပုဒ်၊ ကဗျာတပုဒ်ရေး၍ ဧရာဝတီ၊ Mizzima၊ ခေတ်ပြိုင် သို့ပို့လျှင် ငွေရသည်။ ဘလော့ဂ်မှာတင်လျှင် ငွေရသည်မဟုတ်။ ပီတိကိုစားပြီး အောင်မြင်နေသောဘလော့ဂ်ဖြစ်သည်။ အကျိုးစီးပွားအပေါ်အခြေခံသော အခြားမီဒီယာများထက် တန်ဖိုးရှိသည်။ လူအများအသိအမှတ်ပြုခံရသည်။ ဒေါက်တာလွဏ်းဆွေဘလောဂ်အပြင်၊ ညီလင်းဆက်၊ ကိုမိုးသီး၊ နစ်နေမန်းစသည့်အောင်မြင်နေသော ဘလောဂ့်ပိုင်ရှင်များသည် NED OSI စသည်တို့မှလစာမရ၊ ပင်စင်မရှိသော်လည်း လူအများမှ အလုပ်လုပ်သည့်ဘလော့ဂ်များဖြစ်ကြောင်း အသိအမှတ်ပြုသည်။

ရေစိမ်ခံသော ဘလော့ဂ်ပိုင်ရှင်များ


NGO မှ ငွေရရှိနေသော မီဒီယာများနှင့် ဘလော့ဂ်ပိုင်ရှင်များယှဉ်လျှင် ဆီနှင့်ရေလိုကွာခြားသည်။ သူများအားမကိုးသော ဘလော့ဂ်တခုသည် ရေရှည်ခံသည်။ သူများနှာခေါင်းနှင့်အသက်ရှုသော မီဒီယာကြီးများသည် ရေရှည်မခံ။ တချိန်ချိန်ငွေမရလျှင် ပျက်စီးမည်ဖြစ်သည်။ ယနေ့ခေတ်ရေစိမ်ခံသော ဘလော့ဂ်များကြောင့် မကြားဘူး၊ မတွေ့ဘူး၊ မမြင်ဘူးသော သတင်းများ၊ စာများဖတ်ရှု့ နေရသည်။ တန်ဖိုးကြီးလေစွ။

မိမိအမျိုးကိုလိုင်းတင်သည့်မီဒီယာများ

ဘီဘီစီအပါအ၀င် သတင်းဌာနများသည် မိမိနီးစပ်ရာသူငယ်ချင်း၊ အမျိုး၊ မိမိဆရာသမား၊ တပည့်သားသမီးများအား လိုင်း,တင်ပေးသည့်အလေ့အထရှိသည်။ အလုပ်ပေးသည့် အလေ့အထရှိသည်။ ဥပမာ... ဘီဘီစီမှ မောင်နီသည်၊ မိမိသူငယ်ချင်းမောင်ဖြူအား အင်တာဗျူးလုပ်သည်။ Mizzima မှ မောင်ဝါသည်၊ ညီတော်မောင် မောင်ပြာအား ရာထူးကြီးကြီးပေးသည်။ RFA မှ မောင်ဝါသည် မိမိအမျိုးမောင်လှအား မြှောက်ပင့်ပေးသည်။ စသဖြင့်...အမျိုးမျိုးရှိသည်။ ထိုအခြေအနေများသည် ဘက်မလိုက်သည့်အခြေအနေမျိုးဖြစ်ပါသလား။ မဖြစ်ပါ။ အကျိုးစီးပွားအပေါ်အခြေခံသည့် မီဒီယာများဖြစ်ကြောင်းကောက်ချက်ဆွဲသည်။ ဧရာဝတီမှ မောင်ဦးသည် ဒိုနာဆီမှ ငွေများများရရန် OSI၊NED နှင့်နီးစပ်သည့် မောင်အာ, အားဖားရသည်။ ဟိုအဖွဲ၊၊ ဒီအဖွဲ့နှင့်ပေါင်းရသည်။ နိုင်ငံရေးအဖွဲ့အစည်းများသည် မီဒီယာများမှ မိမိအဖွဲ့အစည်းအား လူသိစေရန် မီဒီယာဆရာကြီးများအား တောအရက်ကောင်းကောင်းနှင့် မစရသည်။ မီဒီယာကြီးများသည် နိုင်ငံရေးအဖွဲ့အစည်းများမှ ထောက်ခံမှု ရရှိစေရန် လေလှိုင်းမှ မြှောက်ပင့်ပေးရသည်။ ထိုကဲ့သို ရှုပ်ထွေးလှသည့် အခြေအနေအောက်တွင် မီဒီယာသမားများသည် ဘလော့ဂ်ဂါများလို သတင်းအမှန်၊ အယူအဆ၊ အတွေးအမြင်များအား ဘက်လိုက်မှုမရှိ ဖော်ပြန်ရန် မည်သို့မှမဖြစ်နိုင်ပါ။

သနားစရာကောင်းသည့် မီဒီယာပိုင်ရှင်များ

တတိယနိုင်ငံများတွင်ရောက်ရှိနေသော ပြည်သူများ၊ နိုင်ငံရေးသမားများသည် ပြည်ပအခြေစိုက် မီဒီယာသမားများအပေါ်အထင်ကြီးစိတ်မရှိပါ။ အဘယ့်ကြောင့်ဆိုသော် ထိုင်းအခြေစိုက်၊ အိန္ဒိယအခြေစိုက် သတင်းဌာနများသည် အချောင်ရသည့် ငွေ, များအပေါ်သာယာနေသည်ဟု ထင်မြင်ယူဆသောကြောင့်ဖြစ်သည်။ မီဒီယာတခုသည် အထောက်အပံ့ကင်းကင်းနှင့် မိမိခြေထောက်ပေါ်ရပ်တည်နိုင်ရမည်။ဥပမာ...ကြော်ငြာဝင်ငွေအပေါ်ရပ်တည်သည့်သတင်းဌာနများ၊ ရောင်းအားအပေါ်အမှီပြုသည့် သတင်းဌာနများဖြစ်စေချင်သည်။ အထူးသဖြင့် အမြတ်ငွေအပေါ်အခြေခံသည့် မီဒီယာမျိုးဖြစ်ရမည်။ သို့မှသာ သတင်း၊ ဆောင်းပါး၊ စသည်များသည် အရည်အသွေးကောင်းကောင်းပေါ်ထွန်းပေလိမ့်မည်။ ယခု..လက်ရှိ ပြည်ပမီဒီယာများသည် ဒီလိုမဟုတ်။ အလကားရသည့် ငွေ, ဖြင့်လည်ပတ်နေသောကြောင့် ရေသာခိုအချောင်လိုက်သည့်၊ အချောင်စားရသည့် မီဒီယာသမားမျိုးဖြစ်နေသည်။ ဧရာဝတီ၊ ခေတ်ပြိုင်၊ Mizzima စသည့် ထိုင်းအခြေစိုက် သတင်းဌာနများသည် အနူတောက လူချောလုပ်သည့် အဆင့်မျိုးဖြစ်နေသည်။ ရောင်းအားအပေါ်အခြေမခံ၊ တောင်းအားအပေါ်အခြေခံသောကြောင့် မြန်မာပြည်သူများရဲ့ အထင်ကြီးလေးစားမှု ကင်းမဲ့သည်မှာ ပြောစရာမလို။ ဥပမာ..ဒီကောင်တွေ သတင်းရောင်းစားမှာပါကွာ...။ ဒီကောင်တွေလုပ်စားတွေပါကွာ..စသဖြင့်..ထိုကဲ့သို့စကားများအား စာရေးသူမကြခဏ ပြည်သူကြားမှကြားရသည်။ ယခုအခြေအနေသည် ကောင်းသည့်အလားအလာမဟုတ်ပါ။ အယုံအကြည်ကင်းမဲ့သည့်စကားဖြစ်သည်။

ပြည်ပမီဒီယာများတန်ဖိုး...


ပြည်ပမီဒီယာကြောင့် မျက်စိပိတ်၊ နားပိတ်၊ ဖြစ်နေသည့် ပြည်သူများ မကြားဘူး၊ မမြင်ဘူး၊ မတွေ့ဘူးသည့် သတင်းများကြားရသည်။ တန်ဖိုးရှိလှပါသည်။ ပြည်ပမီဒီယာကြောင့် မြန်မာ့ဒီမိုကရေစီအရေးသည် တစုံတရာပြောရေးဆိုခွင့်ရှိနေပါသည်။ ပြည်ပ မီဒီယာရဲ့ တန်ဖိုး ကြီးမားကြောင်းရေးမည်ဆိုလျှင် ပြီးတော့မည်မဟုတ်။ တွေးကြည့်လျှင် သိနိုင်သည်။

အမှီအခိုကင်းသည့် ပြည်ပအဖွဲ့အစည်း၊ ပြည်ပမီဒီယာ ဖြစ်ပါစေ

ယနေ့ခေတ် ပြည်ပအခြစိုက် နိုင်ငံရေးအဖွဲ့အစည်းများ၊ မီဒီယာများသည် အမှီအခိုကင်းနိုင်ရပါမည်။ အမှီအခိုမကင်းလျှင် အရည်အသွေး၊ ယုံကြည်မှု ရရှိနိုင်မည်မဟုတ်။ ရေရှည်ရပ်တည်နိုင်မည်လည်းမဟုတ်ပါ။ ပြည်တွင်းအခြေစိုက် ဂျာနယ်များ၊ မဂဇင်းများသည် အမှီအခိုကင်းသည်။ ရောင်းအား နှင့် ကြော်ငြာအပေါ်အခြေခံ၍ လည်ပတ်သည်။ ထို့ကြောင့် ပိုင်ရှင်များသည် အောင်မြင်ရေး၊ ငွေရရှိရေးအား အထူးအာရုံစိုက်သည်။ ပြည်ပမီဒီယာသည် ဒီလိုမဟုတ်။ ထိုင်း၊ အိန္ဒိယ၊ မလေးရှား စသည့်နိုင်ငံများတွင် မြန်မာလူဦးရေ သန်းနဲ့ချီရှိသည်။ စီးပွားရေးလုပ်ငန်းများရှိသည်။ ထိုသူတို့ရဲ့ ဝယ်အားအပေါ်အခြေခံ၍ သတ္တိရှိရှိ လုပ်သည့် ပြည်ပမီဒီယာ ဖြစ်ဖို့ကောင်းသည်။ ဧရာဝတီ၊ Mizzima စသည့် သတင်းဌာနများအနေဖြင့် ထိုကဲ့သို့ဖြစ်သင့်သည်။ သို့သော်...ပြည်ပ မီဒီယာများသည် ရောင်းစားသော မီဒီယာမဟုတ်၊ တောင်းစားသော မီဒီယာအဆင့်အတန်းဖြင့် ရပ်နေသည်။ မိမိ စိတ်ဓာတ်ကို မိမိမှ ဖျက်စီးနေသည်နှင့်တူပေတော့သည်။ အကျိုးအမြတ်အပေါ်အခြေမခံသည် မည်သည့်အဖွဲ့အစည်း၊ မည်သည့်မီဒီယာမရှိပါ။ လုပ်ခ၊ လစာသည် အကျိုးအမြတ်ဖြစ်သည်။ အကျိုးအမြတ်ကိုအခြေမခံသည့်မီဒီယာသစ်ရှိသည်။ ထိုမီဒီယာသည် ဘလော့ဂ်များသည်ဖြစ်ကြောင်း နိဂုံးချုပ်ပါသည်။

No comments:


View My Stats