ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/20/10

ပြည်ပက အလုပ်သမားတစ်ယောက်ရဲ့ ခံစားချက်

ပြည်ပက အလုပ်သမားတစ်ယောက်ရဲ့ ဘ၀ကို ရင်ဖွင့်ချင်လို့ ဒီလိုရေးတယ်။ ရန်ကုန်မှာ အလုပ်မျိုးစုံလုပ်ဖူးပါတယ်။

ပန်းရံလူကြမ်း အလုပ်သမားဘ၀ကစလို့၊ လက်သမားအကူအဆုံး လုပ်ဘူးပါတယ်။

ထိုင်းကိုရောက်တော့လည်း အထည်ချုပ်စက်ရုံမှာ လုပ်ဘူးတယ်။

သြစတျေးလျမှာလည်း စက်ရုံအလုပ်သမားဘ၀၊ သန့်ရှင်းရေးသမား၊ ကားမောင်းသင်ပေးတဲ့သူ၊ Geological Field Assistant လည်းလုပ်ဘူးတယ်။

ဒီလို အလုပ်မျိုးစုံ နေရာမျိုးစုံမှာ လူမျိုးစုံနဲ့တွေ့ဆုံ ဆက်ဆံဘူးတာတော့ ပြောနေစရာမလိုပါဘူး။ တွေးကြည့်ရင် သိနိုင်ပါတယ်။ ဒီနေရာမှာ အခကြေးငွေကတော့ နိုင်ငံအခြေအနေအပေါ်မူတည်ပြီးကွဲပြားခြားနားမှုတော့ သိတဲ့အတိုင်း အရမ်းကွာပါတယ်။

အခကြေးငွေထက်စာရင် စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှု၊ တန်ဖိုးထားမှုတွေကို ပြောချင်လို့ အခုလိုရေးရတာပါ။ ပြည်ပက အလုပ်သမားတစ်ယောက်ရဲ့ ခံစားချက်ပေါ့ဗျာ။

ရန်ကုန်က အလုပ်သမားဘဝ


ရန်ကုန်မှာနေတုန်းက အလုပ်မျိုးစုံလုပ်ဘူးတယ်။ အလုပ်လုပ်ပြီး ငွေ,ရတာကနည်းတော့ အဆင်တော့မပြေဘူးပေါ့။

သို့သော် ကိုယ့်နိုင်ငံမှာ ကိုယ့်လူမျိုးနဲ့ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ရတာဆိုတော့ ပိုက်ဆံနည်းလည်း ပျော်ရွှင်မှုရှိခဲ့တယ်။ အလုပ်သမားတွေအချင်းအချင်း ပျော်စရာရှိရင် အတူတူပျော်၊ နောက်စရာရှိရင် အတူတူနောက်ပြီး အလုပ်ချိန်ကုန်မှန်းမသိ ပျော်ရွှင်ခဲ့ရတဲ့ကာလတွေရှိခဲ့တယ်။ ဘာသာစကား၊ ယဉ်ကျေးမှုက တူတာကိုး။

အလုပ်ပိတ်လို့ မိသားစုနဲ့အလည်အပတ်သွား၊ သူငယ်ချင်းတွေနဲ့လျှောက်လည်ရတဲ့ ဘ၀တွေလည်း ပျော်စရာကောင်းခဲ့တယ်။

ဘာသာစကားအရ ခွဲခြားဆက်ဆံခံရမှု၊ လူမျိုးရေးအရ အနှိမ်ကျင့်ခံရမှုမရှိတော့ ပင်ပန်းရကျိုးနပ်တယ်လို့တော့ ပြောချင်တယ်။ ငွေရတာတော့ နည်းတာပေါ့ဗျာ။ ဒါပေမဲ့ ကိုယ့်အရည်အချင်းရှိသလောက်၊ ဖားနိုင်သလောက် မိမိကျိုးစားအားထုတ်မှုအတွက် ရာထူးနေရာလေးလည်း အကျိုးခံစားခွင့်ရှိတယ်။

သင်္ကြန်လိုကာလ၊ သတင်းကျွတ်လိုကာလာတွေမှာလည်း ကြည်နှုးစရာ၊ ပျော်ရွှင်စရာတွေနဲ့ ဘ၀အမောတွေကို မိမိမြေပေါ်မှာ ဖြေသိမ့်လို့ရတယ်။

သို့သော် ပြည်ပက အလုပ်သမားတစ်ယောက်ရဲ့ ဘ၀ ဒီလိုမဟုတ်။

တရားဝင်,တရားမ၀င် အလုပ်သမားဘဝ


ထိုင်းကိုရောက်တော့ တရားမ၀င်အလုပ်သမားဘ၀၊ နေထိုင်ခွင့်၊ လုပ်ပိုင်ခွင့် လက်မှတ်မရှိ။ လုံခြုံမှုမရှိ။

ဘာသာစကားအခက်အခဲ။ အနှိမ်ကျင့်စော်ကားခံရမှု၊ စတာတွေကို နေ့စဉ်၊ ရင်နဲ့မမျှ ခံစားခဲ့ရဘူးတယ်။ အခပ်မသင့်ရင် အသက်ပါ ဘယ်ကထွက်ရမှန်းမသိ ဖြစ်သွားနိုင်တယ်။ နေရထိုင်ရ၊ သွားရလာရတဲ့ကိစ္စမှာလည်း ခိုးကြောင်ခိုးဝှက်နဲ့ တန်ဖိုးမဲ့တဲ့ လူတစ်ယောက်လိုပဲ။

အလုပ်ထဲမှာ အလုပ်ရှင်ကအနိုင်ကကျင့်၊ မိမိအချင်းချင်းလည်းအနိုင်ကျင့်၊ ရတဲ့ပိုက်ဆံကလည်း မဖြစ်စလောက်လေးနဲ့ ဘ၀ပျက်သွားတဲ့လူတွေလည်း အများကြီး။ ဘ၀ပျက်တဲ့လူတွေအများထဲမှာ အသက် ၂၅-နှစ်အောက် တန်ဖိုးမဖြတ်နိုင်တဲ့ လူငယ်တွေရဲ့ ဘ၀တွေ ပျက်စီး၊ သေကြေတာတွေအများကြီး။

ဖာ,ဖြစ်တဲ့လူက ဖာ,ဖြစ်။ ဆေးစွဲတဲ့လူက ဆေးစွဲ အဆင့်အတန်းနဲ့တန်ဖိုးမရှိတဲ့ လူငယ်တွေရဲ့ ဘ၀ကို ထိုင်းနိုင်ငံမှာ နေဖူး၊ လုပ်ခဲ့ဖူးတဲ့လူတိုင်းသိမှာပါ။

အပျော်အပါးဆိုတာကလည်း သိတဲ့အတိုင်း၊ မှုးလို့ရှုစရာတောင်မရှိတဲ့ ဘ၀။ မြန်မာတွေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့လည်း မနီးစပ်ခဲ့တာတွေအများကြီးပါ။

ဒီအခြေအနေတွေက ထိုင်းမှာတင်ပဲလားဆိုတော့မဟုတ်။ နိုင်ငံကြီးတွေမှာလည်း အလားတူကိစ္စတွေနဲ့ ကြုံခဲ့ရသေးတယ်။

သြစတျေးလျရောက် မြန်မာအလုပ်သမားတွေရဲ့ ဘဝ

ငွေ,တော့ရတယ်။ တလကို ဒေါ်လာ ၁၅၀၀ တော့ အလုပ်သမားတိုင်း စားပြီးသောက်ပြီးရပါတယ်။ အဆင်တော့ပြေကြတာပေါ့။ မိုးလင်းက မိုးချုပ်အလုပ်,လုပ်။ ညနေပြန်လာ။ ပိတ်ရက်တွေမှာ ဟိုလည်ဒီလည်။ ထမင်းစား။ အိပ်။ ပြီးရင်တော့ အလုပ်ပြန်ဆင်း။ ဒါနဲ့ပဲလည်ပတ်။

ခွဲခြားဆက်ဆံခံမှုကတော့ အထွေအထူးမရှိဘူး။ သို့သော် ကိုယ်က ငပိစားတဲ့အသံနဲ့ အင်္ဂလိပ်လိုပြောရတော့ ဘယ်လောက်တော်တော်၊ ဘယ်လောက်ပဲကြိုစား သူ့နိုင်ငံသားတွေကိုပဲ ဦးစားပေးခန့်အပ်ပြီး ရာထူးကြီး၊ နေရာကောင်းတွေပေးပါတယ်။

ပြီးတော့ လူမှုပတ်ဝန်းကျင်မှာလည်း ပျော်စရာကောင်းတဲ့ဘ၀မဟုတ်။ မြန်မာ့ဓလေ့ထုံတမ်းအစဉ်အလာမတွေ့။ အလုပ်ထဲမှာလည်း လူမျိုးပေါင်းစုံ နဲ့ ဆိုတော့ ရန်ကုန်မှာလုပ်တုန်းကလို ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင် ဘ၀မရှိ။ တခါလာလည်း စက်ရုပ်တွေလို ပါးစပ်ပိတ်၊ တနေကုန်မတ်တပ်ရပ်ပြီး ငွေ,ရဖို့အတွက် အသွေးအသား၊ ဘ၀တွေကို ရင်းနှီးမြုပ်နှံနေရတယ်။

ဒီလိုဘ၀မျိုးကို ဘယ်သူမှ မပျော်ကြပါဘူး။ ဆိုတော့ မြန်မာတွေဟာ မိမိတိုင်းပြည်မှာပဲ လုပ်,ချင်ကြပါတယ်။ မတက်သာလို့သာ နေရပေမဲ့ မြန်မာတွေဟာ ငပိ,တော့ ထမင်းချိုင့်တိုင်းမှာရှိတက်ကြတယ်။ ဒါက တကယ်လက်တွေ့ မြန်မာဟာ မြန်မာ့ဓလေ့ကို ချစ်တက်တယ်ဆိုတာကို ပြပါတယ်။

ဘယ်တော့များမှ ရန်ကုန်မှာ လုပ်,ရမလဲ

အထက်က နိုင်ငံနှစ်ခုမှာ နေဘူး၊ လုပ်ဘူး၊ ခံစားရတာကိုပြောချင်လို့ပါ။ ဖြစ်နိုင်ရင် ပြည်ပက မြန်မာတွေအကုန်လုံး မိမိတိုင်းပြည်မှာပဲ အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်ချင် ကြမှာပါ။

ပြည်ပမှာ ဘာသာစကား၊ လူမျိုးရေး၊ စတဲ့ ခွဲခြားဆက်ဆံခံရမှုတွေက တကယ်တန်းတော့ ငွေ,ရတာနဲ့မကာမိဘူး။ မိမိတိုင်းပြည်မှာ မိမိလူမျိုးနဲ့ အတူတူလုပ်ပြီး ပျော်ရွှင်ခဲ့ရတဲ့ဘ၀ကို လွမ်းဆွတ်မိတယ်။ တခါတလေ ဒီလိုစဉ်စားမိတယ်။ ကျနော်တို့ဘ၀တွေဟာ ငွေ,နဲ့ အရောင်းဝယ်လုပ်ခံရတဲ့ စကားပြောတဲ့ကုန်ပစ္စည်းတွေပဲလို့။

ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့အတွက် ကျနော်တို့တွေအတူတူညီညီညာညာ ဆက်လက်ကျိုးစားကြရအုံးမှာပါ။

ကျနော် သြစတျေးလျမှာ ရောက်နေတဲ့ အလုပ်သမားတစ်ယောက်ပါ။

No comments:


View My Stats