အရက်
ခုတလော အရက်မသောက်၊ ဆေးလိပ်မသောက်ဖြစ်အောင်နေမိတယ်။ ဒီဟာတွေကို လုပ်လာတာလွန်ခဲ့တဲ့
၁၀-နှစ်ကျော်ကတည်းက ဖြစ်တယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှာ စတင်တာဝန်ထမ်းတဲ့အချိန်က စပြီး အရက်ကိုသောက်တက်လာခဲ့တယ်။ အဲဒိတုန်းက အသက်က ၁၉-နှစ်။ အခုဆိုရင် ၃၁-နှစ်ပြည့်တော့ မယ်။
ကျနော်တို့ပတ်ဝန်းကျင်ကလည်း အသောက်များတဲ့ပတ်ဝန်းကျင်ဆိုတော့ ကိုယ်လဲတံငါးနားနီးတံငါ မုဆိုးနားနီးမုဆိုးဖြစ်ခဲ့တယ်။ သူသောက်ကိုယ်သောက်ပေါ့။ သိပ်တော့ အများကြီးမသောက်နိုင်ပါဘူး။ ငွေမှမရှိတာ။ နောက်ပိုင်းတဖြည်းဖြည်းနဲ့သောက်ရင်း အရက်စွဲသလိုဖြစ်လာတယ်။ နေ့တိုင်းမသောက်ရရင် မနေနိုင်တော့ဘူး။ သြစတျေးရောက်တော့ ပိုဆိုးသွားတယ်။ နေ့ရော ညရော တခါတလေသောက်ဖြစ်လာ တယ်။ ကြာတော့ ရင်ဘတ်တွေအောင့်လာ၊ အန်လာတော့မှ အရက်ရဲ့ ဆိုးကျိုးကို သိလာတယ်။ ဒါနဲ့ဆေး စစ်၊ ဆေးသောက်နဲ့ အရက်ကိုမသောက်ဖြစ်အောင်ကျိုးစားလာမိတယ်။ ဆေးလိပ်အပါအ၀င်ပေါ့။
တခါတလေအရက်သောက်တာကို အရမ်းရှက်မိတယ်။ ဘယ်အချိန်မှာရှက်မိလဲဆိုတော့ ကိုယ်နဲ့ သက်တူရွယ်တူတွေ အရက်မသောက်၊ ဆေးလိပ်မသောက်နဲ့ ကျန်းမာရေးကိုလိုက်စားနေတဲ့အချိန်မှာ ကိုယ်ကခွက်ကလေးတကိုင်ကိုင်နဲ့။ ဒါကို တွေးပြီးရှက်မိတယ်။ ဘယ်နေရာရောက်ရောက် မြန်မာလူငယ် အတော်များများပေါ့၊ ကျနော်တို့အရွယ်တွေ ကျနော့်လိုအရက်မသောက်ကြဘူး။ သူငယ်ချင်းအပေါင်းအပင်း နဲ့တွေ့မှ သောက်ကြစားကြ၊ ပျော်ကြားပါးကြနဲ့။ ဒီအချိန်မှာပဲ သူတို့အရက်သောက်ကြတယ်။
ကျနော်ဘာ့ကြောင့်အရက်သောက်ရလဲဆိုတဲ့ အကြောင်းရင်းကို ရှာမိတယ်။ အဓိကတော့ ဘယ်သူမပြုမိမိ အမှုပေါ့။ ကိုယ်ကြိုက်လို့ကိုယ်သောက်တယ်လို့ပဲ ၀န်ခံပါတယ်။ ကွယ်လွန်သွားပြီးဖြစ်တဲ့ ကဗျာဆရာ သူပုန်ကြီး ကိုမောင်မောင်ငြိမ်းပြောသလိုပါပဲ.."မိုက်လို့သောက်တာမဟုတ် ကြိုက်လို့သောက်တာ" ပါလို့။ သို့သော် ဘေးက,တွန်းအားလည်းပါတယ်။ ကိုယ်နေခဲ့တဲ့ပတ်ဝန်းကျင်က အရက်သမားပတ်ဝန်းကျင်၊ အရက်သောက်ပြီး အချင်းချင်းစိတ်အပန်းဖြေရတဲ့ပတ်ဝန်းကျင်ဆိုတော့ ကိုယ်လည်းသူတို့နဲ့ရောယောင်ပြီး အရက်သမားဖြစ်မှန်းမသိ လုံးလုံးဖြစ်ခဲ့ရတယ်။
သောက်လို့ကုန်ခဲ့တဲ့ငွေ၊ ဖြစ်လိုက်တဲ့ပြသနာ၊ တွေ့လိုက်ရတဲ့အသက်အန္တရာယ်၊ ဒါတွေက ရေတွက် လို့တောင်မရနိုင်ခဲ့ဘူး။ နောက်ဆုံး အရက်ကြောင့် ဘာပြန်ရလဲဆိုတော့ ကျန်းမာရေချို့ တဲ့လာတာပဲ အဖတ်တင်တယ်။ သြ...ဒီတော့ အရက်နဲ့ဆေးလိပ်ဟာ ဘယ်တော့မှကောင်းကျိုးမပြုခဲ့ပါလားလို့...အခုမှ နိဂုံးချုပ်မိတယ်။
စနစ်ဆိုးရဲ့ သားကောင်တွေ
အလုပ်သမားတစ်ယောက်ဟာ အလုပ်လုပ်ပြီး သူ့ဘ၀အတွက် အာမခံချက်ရှိသင့်ပါတယ်။ အာမခံချက် ရှိဖို့ အတွက်ဆိုရင် စနစ်ကောင်းတခုက ရှိရမယ်။ ဒီစနစ်ကောင်းကို အစိုးရက လုံးဝဖန်တီးပေးရမဲ့တာဝန် ရှိတယ် ။ စနစ်ဆိုတာကို လူကဖန်တီးတယ်။ စနစ်ကို ကောင်းအောင်မဖန်တီးနိုင်တဲ့လူတွေဟာ စောက်သုံးမကျတဲ့ လူတွေလို့ ပြောရမလိုဖြစ်နေပြီ။ ကိုယ်က စနစ်ကို မဖန်တီးတက်ရင် သူများဆီကအတုခိုး လို့ရနိုင်တယ်။ သူများနိုင်ငံက ကောင်းတဲ့စနစ်ကိုအတုခိုးလို့ရနိုင်တယ်။ အခုပြောချင်တဲ့စနစ်က အလုပ်သမားတွေအတွက် ဘ၀အာမခံချက်ရှိရေးစနစ်ဖြစ်တယ်။ ကျနော့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံနဲ့ တင်ပြ ပေးမယ်။ ကြွားတယ်လို့တော့ မထင်နဲ့ ပေါ့။ အဓိကပြောချင်တဲ့အကြောင်းအရာက လုပ်ခလစာ၊ ပင်စင် နဲ့ အလုပ်သမားတစ်ယောက်ရဲ့ ဘ၀နှင့်မိသားစု ဖူလုံမှုရှိရေး၊ အာမခံရှိရေး ဖြစ်တယ်။
ထိုင်း၊ မြန်မာပြည်၊ မလေးရှားရှိ မြန်မာအလုပ်သမားတွေရဲ့ ခံစားခွင့်
အရမ်းသနားဖို့ကောင်းတဲ့ အလုပ်သမားတွေပဲဖြစ်တယ်။ အဓိကတော့ သြစတျေးလျနိုင်ငံရဲ့ အလုပ်သမား တစ်ယောက်ခံစားခွင့်လိုမျိုး သူတို့မရရှိလို့ပဲ။ ဒီကိစ္စတော့ ရှည်ရှည်ဝေးဝေးမပြောချင်တော့ဘူး။ ဒါကို လူတိုင်းသိတယ်။
သြစတျေးလျနိုင်ငံရဲ့ အလုပ်သမားခံစားခွင့်
ကျနော့်၏ ၁၀-စာ အခကြေးငွေ |
ကျနော်သြစတျေးလျနိုင်ငံရဲ့ မိုင်း (သတ္တုတွင်းရှာဖွေရေး) Company တခုမှာ အလုပ်လုပ်တယ်။ ရတဲ့လစာ ကတော့ ထားတော့။ သူတို့ပေးတဲ့ လုပ်ခလစာက ကျနော့်မိသားစုအတွက် စားဝတ်နေရေးကို ဖူလုံစေတဲ့ အပြင် စုဆောင်းနိုင်တဲ့အထိဖြစ်တယ်။ အလုပ်သမားတစ်ယောက်ရဲ့ လုံခြုံရေး၊ ကျန်းမာရေးနဲ့ အခွင့် အလမ်းတွေကို လုံးဝအာမခံချက်အပြည့်ပေးတယ်။
ကျနော့်လစာအပြင် Superannuation လို့ခေါ်တဲ ပင်စင်လည်းရှိတယ်။ ကျနော့်ရဲ့ လစာထဲကနေ ၉-ရာခိုင်နှုံး အစိုးရက မစုမနေရစုခိုင်းတယ်။ တရားဝင်လစာထဲကနေဖြတ်ထားတယ်။ အသက်ခြောက်ဆယ် ပြည့်တဲ့အချိန်မှာ ပြန်ထုတ်နိုင်တယ်။ အဲဒိအချိန်ဆိုရင် ကျနော်ရဲ့ ပင်စင်ဟာ ဒေါ်လာသုံးသိန်းနီးပါးရှိပြီ။ သေတဲ့အထိ အဲဒိငွေနဲ့ ကောင်းကောင်းလည်ပတ်နိုင်တယ်။ မြန်မာနိုင်ငံ၊ ထိုင်း၊ မလေးရှား နဲ့ အချို့ နိုင်ငံ တွေမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ သြစတျေးလျက စနစ်လိုမျိုး မရနိုင်တာကို ထောက်ပြချင်လို့ ဒီစာကိုရေးတာပါ။ လူချင်းတူပေမဲ့ စနစ်မကောင်းတော့ အလုပ်သမားတွေဟာ ကျွန်သာသာလောက်ပဲရှိ တော့တာကို ပြောချင်လို့ပါ။
Superannuation အပြင်၊ လျှော်ကြေးငွေ၊ အာမခံကြေး ဆိုတာတွေကလည်း အလုပ် သမား တွေရဲ့ ဘ၀ကို အပြည့်အ၀အာမခံပေးထားတယ်လို့ ပြောပါရစေ။ ဒီလိုမျိုးအလုပ်သမားဘ၀မှာ အလုပ်လုပ်ပျော်ပါတယ်။ လုပ်ငန်းခွင်မှာ ခိုးခြင်း၊ လိမ်ခြင်းလည်း မရှိပါဘူး။ ဒီလို စနစ်မျိုးကို ကျနော်တို့တိုင်းပြည်မှာ ဘာ့ကြောင့် အကောင်အထည်ဖော်လို့မရလည်း မသိ။ သြစတျေးလျတွေလူ၊ ကျနော်တို့တွေလည်း လူတွေပါပဲ။
No comments:
Post a Comment