ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

8/29/11

လွတ်ငြိမ်းချမ်းသာခွင့်ပေးလည်း မပျော်နိုင်ပါ

လွန်ခဲ့တဲ့အပတ်က နို့ဘိုးဒုက္ခသည် စခန်းထဲမှာနေနေတဲ့ အမေနဲ့အဖေကို စကားပြောဖြစ်တယ်။ အမေ သားတို့ပြန်လို့ရပြီ။ အမေနဲ့အဖေလည်း ပြန်လို့ရပြီလို့ ပြောမိတယ်။ အမေက ပြောတယ်။ သူများတွေပြန်လည်း ငါတို့တော့ မပြန်ဘူး။ မဲ့ဆောက်ဈေးထဲမှာပဲ မုန့်ဟင်းခါးဆိုင်ဖွင့်ပြီး နေခဲ့မယ်တဲ့။

သူတို့အမြင်မှာ ရန်ကုန်ပြန်ရင် နေစရာအိမ်ကလည်းမရှိ။ လုပ်စားဖို့အတွက်လည်း အဆင်မပြေ။ ဒီတော့ သူတို့အတွက် အသင့်တော်ဆုံးက လက်ရှိအနေအထားပဲ။ ဒါ့ကြောင့် မဲ့ဆောက်က ပိုပြီးသူတို့အတွက် သင့်တော်တဲ့သဘောပါ။

ကျနော့်မိဘတွေအပြင် တခြားသူတွေရဲ့  ဘ၀တွေကို တွေးမိတယ်။ ဒုက္ခသည်စခန်းထဲမှာနေလာတာ ၁၀-နှစ်ကျော်နေပြီ။ ဒုက္ခသည်စခန်းနဲ့ ထိုင်းနိုင်ငံဟာသူတို့အတွက် ပိုပြီးသင့်တော်တယ်။ ဆန်ဆီးဆားငရုတ် အလကားရတယ်။ ဆေးကုတာအခမဲ့။ ကျောင်းတက်လည်း ငွေ မကုန်။ ပြည်တွင်း ပြန်တဲ့အခါ ဘယ်မှာ နေရမှန်းမသိတဲ့ဘ၀တွေ များတယ်။ ဘ၀သစ်ကို ပြန်ပြီး စရမယ်။

တကယ်လို့လွတ်ငြိမ်းချမ်းသာခွင့်သာကြေငြာလိုက်ရင် ဒုက္ခသည်တွေအားလုံး နိုင်ငံခြားကိုထွက်ဖို့ဆိုတဲ့ အခွင့်အလမ်းရမှာမဟုတ်တော့ဘူး။ တတိယနိုင်ငံထွက်ချင်လို့ ပြည်တွင်းက ရှိသမျှအိမ်တွေခြံတွေရောင်းပြီး ထွက်လာတဲ့လူတွေအတွက်တော့ လွတ်ငြိမ်းချမ်းသာခွင့်က တကယ့်သတင်းဆိုးပဲ။ နိုင်ငံခြားတိုင်းပြည်တွေ ကလည်း မင်းတို့အားလုံးပြန်လို့ရပြီဆိုတော့ ပြန်ကြပေါ့လို့ တိုက်တွန်းကြမှာပဲ။

ကောင်းပါတယ်။ ဒီအခွင့်အရေးက တစ်သက်မှာ တစ်ခါလောက်ရတဲ့အခွင့်အရေးဆိုတော့ ယူထား သင့်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကို မပျော်တဲ့လူတွေထဲမှာလည်း နယ်စပ်က အန်ဂျီအိုနဲ့ ကြီးပွားနေတဲ့လူတွေ အဆင်ပြေနေတဲ့လူတွေလည်းပါနိုင်တယ်။ ကျနော့်အသိမိတ်ဆွေတွေထဲမှာ သူတို့ကိုသူတို့ညာနေတဲ့လူတွေ ရှိတယ်။ ကျနော်ပြောတယ်။ ခင်ဗျားတို့ ထိုင်းနိုင်ငံမှာနေပြီး အန်ဂျီအိုကျွေးတာကို စားနေကြတာဆိုတော့ တိုင်းပြည်ထဲပြန်ရင် ဘယ်မှာနေကြမလဲ။ ဘာလုပ်ကြမလဲ။ ပြည်တွင်းမှာလည်း အိမ်ပိုင်ယာပိုင်မရှိ။ စီးပွားရေးလုပ်ငန်းမရှိ။ လက်ရှိအနေအထားမှာလည်း ငွေကမချမ်းသာ။ အတက်ပညာဆိုလို့ ဆွေးနွေးပွဲမှာ ပွားနိုင်တဲ့အရည်အချင်းနဲ့ နိုင်ငံရေးအသိပညာပဲရှိတယ်။ အသက်မွေးဝမ်းကျောင်းပညာလည်း မတက်ကြဘူး။ ဒီလိုလူတွေက တော်လှန်ရေးလောကမှာအများကြီး။ အသက်တွေလည်း ကြီးလာကြပြီ။ သူများတွေလို ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်နိုင်တဲ့ အင်အားမရှိကြဘူး။

နောက်ပြီး တစ်သက်လုံးနီးပါးနိုင်ငံရေး တော်လှန်ရေးလုပ်လာကြတော့ ဆန်မရှိပဲ အစားကြီးတဲ့ ဘ၀င်မြှင့်ချင်တဲ့စိတ်က ရှိနေတော့ သူများတွေလို ကူလီထမ်း၊ ဆိုက်ကားနင်းတဲ့ အလုပ်မျိုးလည်း လုပ်ချင်မှာမဟုတ်ကြဘူး။ ဒီလို ကျနော်ပြောတော့ သူတို့စိတ်အရမ်းဆိုးကြတယ်။ လက်ရှိကာလမှာ မျက်စိမှိတ်ပြီး လက်တွေ့ဘ၀ကို ငြင်းလို့မရပါ။ ဆိုတော့ လူအတော်များများက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီ ဆိုရင်တောင် ပြန်ကြမှာမဟုတ်ဘူးလို့ ထင်တယ်။ သူတို့အတွက် ရင်လေးမိတယ်။

နိုင်ငံခြားလည်း ထွက်ဖို့အခွင့်အလမ်းလည်းရမှာမဟုတ်တော့ဘူး။ နောက်ဆုံးတော့ သူတို့လုပ်ခဲ့တဲ့ အလုပ်အတွက်၊ ကိုယ်ကျိုးစွန့်တဲ့အတွက် ဘာများအကျိုးခံစားခွင့်ရှိလဲ။ နောက်ဆုံးတော့ အသက်ကြီးတာပဲအဖတ်တင်တယ်။ ဒါ့ကြောင့်ကျနော်ပြောတာပေါ့ သစ္စာတွေ မေတ္တာတွေ တော်လှန်ရေးတွေ နိုင်ငံရေးတွေဘယ်လောက်ပဲ ပြောပြော နောက်ဆုံးကိုယ့်ထမင်းကိုယ်ရှာစား
ရပါတယ်။

ဘုရားသုံးဆူဘက်မှာ ကျနော့်အသိမိတ်ဆွေတွေရှိတယ်။ သူတို့က အဖွဲ့အစည်းတွေမှာလုပ်ခဲ့ဘူးတယ်။ ရှေ့ တန်းစစ်မျက်နှာပြင်မှာ အသက်ကိုရင်းပြီးတိုက်ပွဲဝင်ခဲ့တယ်။ ငပိစားပြီး အခမဲ့ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ဘူးတယ်။ လုပ်သက်က အနဲဆုံး ၁၀-နှစ်ရှိကြတဲ့လူများတယ်။ အခုလောလောဆယ်ကာလမှာ သူတို့ခင်ဗျား ဒုက္ခသည်စခန်းတွေထဲမှာ၊ တောတောင်တွေထဲမှာ ဆင်းရဲ စုတ်ပြတ်သတ်ပြီး ဘ၀ကို ရုန်းကန်နေရတုန်း။ သူတို့ခလေးတွေလည်း ကျောင်းကောင်းကောင်းမတက်နိုင်ဘူး။ စားဝတ်နေရေးအတွက် နေ့စဉ်ပူပန်နေရတဲ့ဘ၀တွေ။ တိုင်းပြည်မှာ အားလုံးအချင်းချင်းသင့်မြတ်ပြီး ငြိမ်းချမ်းသွားရင်တောင် သူတို့လုပ်ခဲ့တဲ့ အလုပ်အတွက် အကျိုးအမြတ် ဘာများရလဲ။

တကယ်လို့များ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ တစ်ယောက်ကိုခြံတစ်ကွက်၊ အိမ်တစ်လုံးနဲ့ရင်းနှီးစားဖို့ ငွေ များအစိုးရက ခွင့်ပြုပေးရင် ဘယ်လောက်ကောင်းမလဲ။ ဒီလိုမျိုးစဉ်းစားချက်မျိုးတော့ အစိုးဆီမှာ ရှိမှာမဟုတ်ပါဘူး။

ရဲဘော်တွေဆင်းရဲနေတဲ့အချိန်မှာ ဂွင် ရိုက်တက်တဲ့ခေါင်းဆောင်တွေကတော့ စင်ပေါ်ကပဲ။ သူတို့မှာ ငွေရှိတယ်။ ပညာရှိတယ်။ အဆက်အသွယ်ကောင်းနေတယ်။ တတိယနိုင်ငံတွေက ပတ်(စ်)ပို့တွေကိုင်ထားတယ်။ တော်လှန်ရေးကြောင့် အဖွဲ့အစည်းကြောင့် ဒီလူတွေဒီလိုဖြစ်နေတာပါ။ လက်ရှိကာလမှာ ရဲဘော်တွေအနေနဲ့ ပြတ်ပြတ်သားသားမြင်တက်ပြောတက်တဲ့ အကျင့်ရှိဖို့ကောင်းနေပြီ။ အခု ဒီလူတွေ ဘယ်သူတွေလဲဆိုတာ ပြောပြမယ်။ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းက ကိုဘိုကြည်ဟာ မဲ့ဆောက်ကို ရောက်ခါစက ပိန်လိန်ပြီးစုတ်ပြတ်သတ်နေတဲ့ရုပ်ပါ။ အခုတော့ ၀လို့လှလို့။ နိုင်ငံတကာကပေးတဲ့ဆုတွေလည်း ရထားတယ်။ အဖွဲ့အစည်းကပေးတဲ့လစာလည်းရတယ်။ ဘာပဲဖြစ်ဖြစ် သူက လွတ်ငြိမ်းချမ်းသာခွင့်မပေးလည်း ဂရုမစိုက်ဘူး။ သူ့ဘ၀အတွက် ခိုင်နေပြီ။ အနဲဆုံး ဘတ်ငွေသန်းနဲ့ချီပြီးချမ်းသာနေပြီ။ လူ့ဘောင်သစ်က ဥက္ကဌကိုအောင်မိုးဇော်၊ ဧရာဝတီမဂ္ဂဇင်းက ကိုအောင်ဇော်၊ ဦးမောင်မောင်၊ ဒေါက်တာနိုင်အောင်၊ မခင်ဥမ္မာ၊ ကစောဝါး၊ ကိုအောင်မျိုးမင်း စတဲ့လူတွေဟာ အရမ်းကိုကောင်းစားနေတဲ့လူတွေပါ။ ဒီလူတွေ ဒီလိုဖြစ်လာအောင် ဘယ်သူတွေက ထမ်းပေးရတာလဲ။ နောက်ဆုံးတော့ ကောင်းစားတဲ့လူတစ်စုက လက်ချိုးရေလို့ရပြီး မကောင်းစားတဲ့လူတွေက တစ်ပုံကြီးပါ။ ဒါ့ကြောင့် ကျနော်ပြောချင်တာက နောက်ဆုံးတော့ ရိုးသားတဲ့လူတွေ၊ မလည်တဲ့လူတွေဟာ လူလည်တွေကို လုပ်ကျွေးရသလိုပဲ။

ဆိုတော့ သူငယ်ချင်းတို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရင် ပြန်ကြပါ။ ဆင်းရဲလည်း ပြောင်ပြောင်ပဲဆင်းရဲပါ။ ဖြစ်နိုင်ရင် ဒီလူတွေနဲ့ကင်းအောင်နေကြပါ။ တော်လှန်ရေးတွေ ဘာတွေစဉ်းစားမနေနဲ့။ အဓိက ကိုယ့်ဘ၀ကိုယ်ပဲ ထူထောင်ရပါတယ်။

အခု ကျနော်စာရေးနေတဲ့အချိန်မှာ နို့ဘိုးဒုက္ခသည်စခန်းထဲမှာ အစည်းအဝေးလုပ်နေပါတယ်။ ထိုင်းက ဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ပြောလာပါတယ်။ ကဲ....အချိန်တန်တော့ အိမ်ပြန်ကြတာပေါ့ဗျာ။ ပြန်တဲ့အချိန်မှာ တချို့ က မာစီဒီးနဲ့ပြန်တယ်။ အများစုက လိုင်းကားတိုးစီးပြီး ပျော်ပျော်ပါးပါးပြန်ကြတာပေါ့။ အားလုံးအတွက် ကျနော်စိတ်မကောင်းပါဘူး။ လောကမှာ လူလည်တွေကို သတိထားကြပါ။









No comments:


View My Stats