ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

12/24/11

တောနက်ထဲမှာ ဟင်းစားရှာပုံတော်

စခန်းထဲမှာ နေရတာ လေးငါးခြောက်လရှိနေပြီ။ တနေ့ လာလည်း တောင်ယာတဲက ကျောက်ဖရုံသီး၊ ငရုတ်သီးစိမ်းနဲ့ ငပိထောင်း။ မျှစ်ပြုတ်နဲ့ တို့ စရာ။ ဒါကိုပဲ နေ့ တိုင်းစားနေရတော့ အသားလေးငါးလေး စားချင်လာတယ်။ သွေးက ပရိုတိန်းဓာတ်ကို တောင်းနေပြီ။ လူကလည်း ပိန်လှီဖျော့လျှော့နေပြီ။ ဒီကြားထဲ ငှက်ဖျားကမိသေးတယ်။ နှစ်ပတ်လောက် စခန်းပေါ်မှာ ချည်ထားတဲ့ ပုခတ်ပေါ်မှာ အိပ်လိုက်ရတယ်။

ထားဝယ်သားဆေးမှုးက ငှက်ဖျားဆေး အာဆင်နိတ်နဲ့ မရတော့လို့ အကြောထဲကို အာဆင်နိတ်အရည်တွေထိုးထည့်ပေးတယ်။ ဒါနဲ့ သက်သာလာတယ်။

ကွီနီးနဲ့ ကျနော်မတည့်ဘူး။ သွေးက ဆာဖာနဲ့ ထိရင် ယားနာတွေ အဖုအပိတ်တွေပေါက်လာတယ်။ မျက်နှာတစ်ခုလုံးပူထူပြီး ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ ဒါ့ကြောင့် ကွီနီးအစား တရုတ်နိုင်ငံထုတ် အာဆင်နိတ် ငှက်ဖျားပျောက်ဆေးကိုပဲ ဆေးမှုးဆီကတောင်းတယ်။ သူကလည်း သဘောကောင်းတဲ့ထားဝယ်သားဖြစ်တော့ ကိုယ်အကြိုက်သူပေးရှာပါတယ်။ အာဆင်းနိတ်အရည်ကို အကြောထဲထိုးထည့်တော့မှ ကိုယ်တော်ချော ငှက်ဖျားက ထွက်ပြေးတော့တယ်။ ဒါနဲ့ သက်သာလာတယ်ဆိုပါစို့ ။

ငှက်ဖျားနလံထတွေအားလုံး အဖျားပျောက်တဲ့နေကစပြီး အစားအစာကို အရမ်းတောင့်တတယ်။ တွေ့ ကရာ စားချင်တဲ့စိတ်ရှိတယ်လို့ ပြောလို့ ရတယ်။ ကိုယ့်ဘ၀က စားတော့စားချင်တယ်။ စားဖို့ အတွက် စခန်းထဲမှာ ဘာမှ မယ်မယ်ရရမရှိဘူး။ ရှိတာက ကျောက်ဖရုံသီးနဲ့ မျှစ်ပဲရှိတယ်။ ဒီအစားအစာတွေနဲ့ ဘယ်လိုမှ အဟာရမဖြစ်နိုင်ဘူး။ အသားငါးကို အရမ်းစားချင်လာတယ်။ ဒါနဲ့  သူငယ်ချင်းတစ်စုတောပစ်ထွက်ကြမယ်ဆိုပြီး စီစဉ်ကြတယ်။ စခန်းမှုးကို သတင်းပို့ ပြီး ခွင့်ပြုချက်ယူရတယ်။ သူက ခွင့်မပြုရင် သွားလို့ မရဘူးဆိုတော့။ ဒီအချိန်မှာ ရန်သူ့ သတင်းကလည်း အေးနေတဲ့အချိန်။ ဆိုတော့ သိတ်ပြီး ပူပင်စရာမရှိဘူး။

စခန်းမှာ အင်အားအားလုံးပေါင်းရင် သုံးဆယ်လောက်တော့ရှိတယ်။ စခန်းကို တောင်ထိပ်နားမှာ ကပ်ပြီးတည်ထားတယ်။ နေရောင်တောင် မမြင်ရဘူး။ ရဲဘော်တွေအားလုံး ၀ါးနဲ့ သက်ကယ်တွေကို ကိုယ်တိုင်လုပ်ပြီး တည်ထားတဲ့စခန်းလေးဖြစ်ပါတယ်။ စခန်းတည်တဲ့နေရာမှာ ရန်ကုန်သားတွေက အသုံးမ၀င်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ လက်ကြောမတင်ဘူး။ နှီးမဖျာတက်ဘူး။ ၀ါးလည်းခုတ်တက်လားဆိုတော့ ဓားတောင်ဖြောင့်အောင် မကိုင်တက်ဘူး။ ထားဝယ်သားတွေကတော့ အတော်ကျွမ်းတယ်။ သူတို့ ပဲ ဦးဆောင်ဦးရွက်ပြုပြီး လုပ်ကြတယ်။ ကိုယ်က အနောက်က သူတို့ ခိုင်းတာကို လုပ်ပေါ့။

တောပစ်ထွက်ရင် အနဲဆုံးသုံးလေးရက်ကြာတယ်။ လိုအပ်တဲ့ သေနတ်ကိုယူတယ်။ သေနတ်ကလည်း ကောင်းအုံးမှ။ ဒါ့ကြောင့် သေနတ်ကောင်းကောင်းကို ရွေးယူရတယ်။ အေကေ ၄၇ ကမျှောက်ပစ်ရင် အသုံးမ၀င်ဘူး။ အမ်(၁၆) တော့အတော်အသုံးဝင်တယ်။ ဒါနဲ့ အမ် (၁၆) နှစ်လက် နဲ့ အေကေ နှစ်လက်ကို ထမ်းပြီး သူငယ်ချင်းလေးယောက် ဟင်းစားရှာထွက်ကြတယ်။

တောလည်တဲ့အခါမှာ အရေးကြီးဆုံးက လမ်းပြသမား။ သူက မျှောက်ရှိတဲ့နေရာ၊ ဖားရှိတဲ့နေရာ၊ ငါးရှိတဲ့နေရာကို သိတဲ့သူဖြစ်ရမယ်။ မုဆိုးလုပ်တဲ့သက်တမ်းရင့်တဲ့သူဖြစ်ရမယ်။ ဆိုတော့ ဒီလိုမုဆိုးကို ရအောင်ကျနော်တို့ တောမထွက်ခင် အရင်ရှာရပါတယ်။

ကံကောင်းချင်တော့ စခန်းနားက ရွာမှာ အသက် (၃၀) အရွယ် ကရင်တစ်ယောက်ရှိတယ်။ သူက တောပုန်းသေနတ်နဲ့ အမဲလိုက်ပြီး မိသားစုကို ရှာဖွေကျွေးနေတဲ့လူဆိုတော့ သူ့ မှာ အတွေ့ အကြုံကောင်းကောင်းရှိနိုင်မယ်ဆိုပြီး သူ့ ဆီကနေ အကူအညီတောင်းတယ်။

ဝေးးးးးးမောင်ကျော် ကျနော်တို့ တောလည်ထွက်ရအောင်လို့ မေးတော့ ချက်ချင်းပဲ
ဘယ်နေ့ သွားချင်လဲဆိုပြီး အဖြေပေးတယ်။

"မနက်ဖန်သွားမယ်"

မနက်အစောကြီး သူကစခန်းထဲကို ရောက်လာတယ်။ သူလာတဲ့အချိန်မှာ မိုးလေးတွေဖွဲဖွဲရွာနေပြီ။ တောထဲမှာမိုးရွာရင် ချင်ကိုက်ဖြုတ်ကိုက်တာအရမ်းပဲ။ ဒါပေမဲ့ ကျနော်တို့ နေသားကျနေပြီဆိုတော့ သိတ်မမှုပါဘူး။ မနက်အစောကြီး ထမင်းအိုးတည်။ နံနက်စာကို ငပိရည်နဲ့ မျှစ်ပြုတ်ကိုစားပြီး ခရီးထွက်ဖို့ တောလည်တဲ့အဖွဲ့ တွေပြင်ကြတယ်။

ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် နဲ့ အချိုမှုန်ထည့်တယ်။ ဓား၊ ဖယောင်းတိုင်၊ မီးခြစ် နဲ့ အ၀တ်အစား နှစ်စုံလောက်ထည့်တယ်။ တောထဲအိပ်ဖို့ အတွက် စစ်သုံးပုခတ်နဲ့ မိုးကာအပြင် ငွေရည်ခွံအိတ်ထည့်တယ်။ မိလာတဲ့ငါးတွေ၊ ဖားတွေ၊ မျှောက်တွေကို ထည့်ဖို့ အတွက်။ ဒီလိုခရီးထွက်ရင် စခန်းနဲ့ အဆက်အသွယ်မပြတ်အောင် စခန်းမှုးက စိတ်ပူစွာနဲ့  လမ်းလျှောက်စခန်းပြောစက်ယူသွားလို့ ပြောတယ်။

"အမြဲတမ်းသုံးနာရီတစ်ခါ လိုင်းပေါ်တက်ခဲ့။ ငါတို့ အမြဲတမ်းစက်ကိုဖွင့်ထားမယ်။ တစ်ခုခုဖြစ်ရင် ချက်ချင်းသတင်းပို့ ကြားလား..."

"ဟုတ်ကဲ့"

တက်တက်ကြွကြွနဲ့ တောပစ်မဲ့အဖွဲ့ စခန်းထဲကနေ ထွက်ခွာကြတယ်။ မိုးကလည်းရွာနေတော့ လမ်းလျှောက်ရတာ အရမ်းမပင်ပန်းဘူး။

ဝေးးးမောင်ကျော်...ကျနော်တို့ ဘယ်နေရာမှာ တောပစ်ထွက်မှာလဲ....လို့ လမ်းပြမုဆိုးကိုမေးတော့...သူက သူများတွေ မပစ်ဘူးတဲ့နေရာ မရောက်ဘူးတဲ့နေရာကို သွားမယ်။ အဲဒိမှာ ကျောက်ငါးတွေ၊ ကျောက်ဖါးတွေလည်းအများကြီးရှိတယ်။ မျှောက်လည်းပေါတယ်ဆိုပြီး အားတက်သရောနဲ့ ပြောတယ်။

စခန်းနဲ့ တောပစ်မဲ့နေရာက တစ်ညအိပ်ခရီးသွားရတယ်။ စခန်းပတ်ဝန်းကျင်မှာလည်း တောပစ်တဲ့ရွာသားတွေရှိတော့ သားကောင်က ကြောက်ပြီး နေရာပြောင်းကုန်ကြတော့ ကျနော်တို့ စခန်းနားမှာက သားကောင်ရှားတယ်။ ဒါ့ကြောင့် ပေါနိုင်မဲ့နေရာကို သွားကြတာပါ။

တောင်တွေကိုကျော်ဖြတ်တယ်။ မြစ်ချောင်းတွေကို ကူးခတ်ပြီး တဘက်ကမ်းကိုရောက်အောင် ရေတွေစိုရွှဲပြီး တောပစ်မဲ့အဖွဲ့ က ကူးခတ်သွားရတယ်။ ရန်သူနဲ့  ပျောက်ကြားပစ်သွားတာမဟုတ်တဲ့အတွက် သိတ်ပြီး စိတ်ပူစရာ အထူးသတိထားစရာမလိုဘူး။ ဘေးပတ်ဝန်းကျင်မှာက ကေအန်ယူအဖွဲ့ ၊ မွန်ပြည်သည်ပါတီအဖွဲ့ နဲ့ ရခိုင်လွတ်မြောက်ရေးအဖွဲ့ က စခန်းတွေရှိတယ်။ ဒါပေမဲ့သူတို့ က ကိုယ်နဲ့ ရန်သူမှမဟုတ်တော့ အားလုံးစိတ်အေးလက်အေး ခရီးသွားနိုင်တယ်။

ချောင်းကြီးကြီးတွေ့ ရင် ခဏနားတယ်။ ချောင်းဘေးမှာ ထမင်းချက်တယ်။ ချောင်းဘေးမှာ တို့ စရာအရွက်ပေါင်းစုံရှိတယ်။ ကောက်ကောက်ညွန့် ဆိုတဲ့အရွက်ကတော့ အတော်စားကောင်းတယ်။ ချောင်းလေးတွေက ဒူးလောက်ပဲရှိတော့ ချောင်းထဲမှာ ကူးခတ်နေတဲ့ငါးတွေကို ကောင်းကောင်းမြင်နိုင်တယ်။ လမ်းပြမုဆိုးက ငါးပစ်တဲ့မျှားကို သူ့ အိမ်ကနေယူလာတော့ ဒီနေရာမှာ ကောင်းကောင်းအသုံးဝယ်တယ်။ မျက်လုံးအုပ်တဲ့ မျက်မှန်ကိုဝတ်ပြီး ရေနက်ထဲကိုဆင်းပြီး ကျောက်ငါးကြင်းတွေကို မျှားနဲ့ ပစ်တယ်။ အတော်လက်ဖြောင့်တဲ့ မုဆိုး။ ငါးဆယ်သားအရွယ်လောက်ရှိတဲ့ကျောက်ငါးကြင်းတွေ တစ်ကောင်ပြီးတစ်ကောင်ရတယ်။

ငါးတွေရတော့ ချက်ဖို့ အတွက် ရဲဘော်တွေပြင်ဆင်ကြတယ်။ ပါလာတဲ့ ငရုတ်သီးမှုန့် ၊ အချိုမှုန့် ၊ ဆား၊ ဆီတွေကို ကျောပိုးအိတ်ထဲထုတ်ပြီးငါးကို ရောပေါ်လောဟင်းချက်လိုက်တယ်။ ချောင်းဘေးက ကောက်ကောက်ညွန့် တွေကို တို့ စရာလုပ်တယ်။ ငပိထောင်းကတော့ မပါမဖြစ်။ မောမောနဲ့ အားလုံးဖတ်ရွက်ပေါ်မှာထမင်း စုစားရတဲ့အရသာက အတော်ကောင်းတယ်။ ကျောက်ငါးကြင်းက လက်ဆက်တော့ အတော်လေးစားကောင်းတယ်။ ပိုတဲ့ငါးဟင်းကို ညနေစာအတွက် ထုတ်ပိုးပြီး ခရီးဆက်ကြပြန်တယ်။

ညနေဆောင်းတော့ ချောင်းဘေးတစ်ခု ညဖက်စခန်းချရပြန်ပြီ။ လူတွေလည်းအတော်လေးကို ပင်ပန်းနေပြီ။ ချောင်းထဲမှာ ရေချိုးတယ်။ ပြီးရင် ပုခတ်ကို သစ်ပင်ကောင်းကောင်းနှစ်ပင်မှာ ချည်လိုက်တယ်။ ပုခတ်ပေါ်ကနေ မိုးမစိုအောင် မိုးကာကို အုပ်ထားတယ်။ ပုခတ်ပေါ်မှာ ဆေးလိပ်အတိုကိုဖွာ၊ ရေဒီယိုသေးသေးလေးကို ဖွင့်ပြီး နားထောင်ရတဲ့ အရသာက အရမ်းကောင်းပါတယ်။ ကျနော်တို့ အတွက် ဒါက အပန်းဖြေနည်းတစ်ခုပါ။ ခဏလောက်မှေးပြီးတော့ နေ့ လည်က ချက်ထားတဲ့ငါးဟင်းနဲ့ ထမင်းစားကြတယ်။

ညဖတ်မှာ ကျောက်ဖားတွေထွက်တယ်။ ချောင်းထဲမှာ စားလို့ ရတဲ့ကျောက်ဖားတွေကို ဖမ်းရတာ အတော်လွယ်ကူလှပါတယ်။ လူတိုင်းမှာ သုံးထောင့်ထိုးဓာတ်မီးတစ်ခုဆီ ယူလာ့ကြတယ်။ တစ်ယောက်က စခန်းမှာစောင့်ပြီး ကျနေခဲ့။ ကျန်တဲ့လေးယောက်က နှစ်ယောက်တစ်တွဲနဲ့ ဆန့် ကျင်ဘက်ကို ထွက်ပြီး ဖားဖမ်း။ ဖားဖမ်းတဲ့အခါမှာ အထူးသဖြင့် ခြေသံမကြားမိဖို့ အထူးအရေးကြီးတယ်။ မှောင်ပြီဆိုရင် တောထဲမှာ အပြင်နဲ့ မတူတောင် အတော်လေးကိုမှောင်မဲလှပါတယ်။ ဒီအချိန်မှာ ဓာတ်မီးနဲ့ ချောင်းထဲကို ထိုးလိုက်ရင် မျက်လုံးစိမ်းစိမ်း နဲ့ မျက်လုံးနီနီတွေကို မြင်ရတယ်။ မျက်လုံးစိမ်းပြီဆိုရင် အဲဒါစားလို့ ရတဲ့ဖားဖြစ်တယ်။ မျက်လုံးနီပြီဆိုရင် ဖားပြုတ်။ ဒီလိုဖားဆိုရင် ဘယ်သူမှ မဖမ်းဘူး။ သူတို့ အနားကို အသာလေးကပ်သွားပြီး လက်နဲ့ ဖမ်းလိုက်တာနဲ့ ဖားရပြီဆိုပါတော့။

ပေါလိုက်တဲ့ ဖားတွေ။ နာရီဝက်အတွင်း လေးငါးပိသာလောက်အနဲဆုံးရတယ်။ ကြာလာတော့ ဖားတွေကို သနားလာတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ရလာတဲ့ဖားကို သေမှာဆိုးလို့ ခြေထောက်တွေကို ချိုးပြီး၊ အိပ်ထဲထည့်တယ်။ ဒါမှ သူတို့ ထွက်မပြေးနိုင်မှာ။ ဖားတွေအားလုံး ခြေထောက်တွေကျိုးနေလို့ ပါ။

မနက်မိုးလင်းတော့ ဖားသားဟင်းဆီပြန်နဲ့ ရဲဘော်တွေ တ၀တပြဲစားရပြီ။ အရသာက ကျက်သားလိုပဲ။ တစ်ကောင်တစ်ကောင်က အကြီးကြီးတွေဆိုတော့ တော်တော်စားကောင်းတယ်။ မင်းတစ်တုံး ငါတစ်တုံးဆိုပြီး ဝေပုံကြ ခွဲနေစရာမလိုဘူး။ ကြိုက်သလောက်စားပဲ။ အတော်လေးကိုပျော်စရာကောင်းတယ်။

ပိုတဲ့ဖားအရှင်တွေကို ကျောပိုးအိတ်ထဲထည့်ပြီး သိမ်းထားလိုက်တယ်။ အပြန်ကြမှ ထပ်ဖမ်းအုံးမယ်။ ဒီတစ်ခါဖမ်းရင် များများဖမ်းမှ။ စခန်းထဲမှာကျန်ခဲ့တဲ့ရဲဘော်တွေ အတွက်ဆိုတော့။ တောပစ်ထွက်တဲ့အဖွဲ့ ကတော့ ဗိုက်ကိုခွေးနမ်းတဲ့ညပေါ့။

အခုမှပဲ ငှက်ဖျားကြောင့် ကုန်သွားတဲ့အားအင်တွေကို တောလည်ပြီး ပြန်ဖြည့်နိုင်တော့တယ်။

ဆက်ရန်-

No comments:


View My Stats