ခလေးတွေ သုံးယောက်လုံးကို နိုင်ငံခြားမှာမွေးခဲ့ရတယ်။ နှစ်ယောက်က သြစတျေးလျမှာ မွေးတယ်။ အကြီးဆုံးတစ်ယောက်ကို ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ က ဆေးရုံကြီးမှာမွေးတယ်။ ကျောင်းထားရမဲ့အရွယ်ရောက်တော့ ကျောင်းအပ်တယ်ဆိုပါစို့ ။
ပထမဆုံး ခလေးကို မှုကြိုထားပါတယ်။ ဗမာလိုဆိုရင် သူငယ်တန်းလေးလို့ ခေါ်မလား။ နိုင်ငံတကာအဆင့်မှီ မှုကြိုကျောင်း။ ဘိုလိုပြောတဲ့ကျောင်း။ ဒီကျောင်းမှာ လူမျိုးပေါင်းစုံ ရှိတယ်။ မြန်မာနိုင်ငံမှာဆိုရင် နိုင်ငံတကာအဆင့်မီကျောင်းလို့ ခေါ်တဲ့ အင်တာနေရှင်နယ် စကူးပေါ့။ ကဲ...သြစတျေးလျက အင်တာနေရှင်နယ် မှုကြိုကျောင်းမှာ သင်တဲ့သင်ခန်းစာတွေကလည်း မြန်မာပြည်က ကျောင်းတွေလို သင်တာမဟုတ်တာတော့ သေချာပြီ။ အကအခုန်၊ ပုံဆွဲ စတာတွေအပြင် ခလေးရဲ့ ဉာဏ်ရည်မြင့်လာအောင်သင်ပေးတဲ့သင်ခန်းစာတွေလည်းပါတယ်။ ပထမတစ်ရက်နှစ်ရက်တော့ ခလေးကကျောင်းသွားရတာကို မကြိုက်ဘူး။ နောက်ပိုင်း ခလေးက ပျော်ယုံတင်မကဘူး ၊ ခဲ ပါခဲစေတယ်လို့ တောင် ပြောရမလိုပဲ။ ဒီကျောင်းက အစိုးရစရိတ်နဲ့ လည်ပတ်နေတဲ့ကျောင်းဖြစ်ပါတယ်။
မှုကြိုအောင်တော့ သူငယ်တန်းတက်ရပြီ။ ကျောင်းချင်းချိတ်ပြီး လုပ်လိုက်တာ ကိုယ်တောင် မသိလုပ်ရဘူး။ ကျောင်းဖွင့်ချိန်မှာ ခလေးက သူငယ်တန်းတက်ဖို့ အဆင်သင့်ဖြစ်နေတယ်။ ကျနော်ငယ်ငယ်တန်းကလို အမေက ကျောင်းကိုလိုက်ပို့ ပြီး ကျောင်းအပ်ခ၊ စာအုပ်ကြေး၊ မိဘဆရာအသင်းကြေး၊ ကျောင်းအုပ်ဆရာကြီးဘောဆေးဖို့ အတွက် အရက်ဖိုးတွေကိုပေးပြီးမှ ကျောင်းတက်လို့ ရတယ်။ အခု ကျနော့်သား မှုကြိုကော သူငယ်တန်းကော တက်တာ ဒေါ်လာ ငါးဆယ်ပဲ ကုန်တယ်။ တစ်နှစ်ကို ၂၅-ဒေါ်လာပဲ ကုန်တယ်။ ကဲ....ဘယ်လောက်ရှင်းလိုက်တဲ့ ကျောင်းတွေလဲ။
Private School လို့ ခေါ်တဲ့ ပုဂ္ဂလိက ကျောင်းလည်းရှိတယ်။ သုံးလတစ်ခါကို ဒေါ်လာ နှစ်ရာလောက်တော့ပေးရတယ်။ ကျနော်တော့ မထားချင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ အစိုးရကျောင်းရှိရဲ့ သားနဲ့  ငွေကုန်ခံပြီး ဒီကျောင်းကို ထားစရာလိုလို့ လား။ တချို့ တွေကတော့ ပြောတယ်။ အစိုးရကျောင်းက အသင်အပြညံ့တယ်။ စည်းကမ်းမရှိဘူးလို့  ဆိုတယ်။ ဒါဆိုရင် လက်ရှိသြစတျေးလျအစိုးရဝန်ကြီးချုပ် ဂျူလီယာဆိုရင် ဘယ်လိုလုပ်မလဲ။ သူလည်း အစိုးရကျောင်းထွက်ပဲ။ ဒါ့အပြင် လက်ရှိ နာမည်ကြီးနေတဲ့ ပညာရှင်တွေလည်းတစ်ပုံကြီး။ သူတို့ လည်းအစိုးရကျောင်းဆင်းတွေပဲ။
မြန်မာပြည်က ပိုက်ဆံရှိတဲ့ လူတွေ သူတို့ ခလေးတွေကို အင်တာနေရှင်နယ်စကူးထားတယ်။ ဈေးကလည်း သြစတျေးလျထက်တောင် အဆမတန်ကြီးသေးတယ်။ ဒီကျောင်းတွေဆီမှာ ခလေးတွေကို ထားမှ ခလေးရဲ့ ပညာရေးတိုးတက်တာမှမဟုတ်တာ။ ကျနော့်သူငယ်ချင်းတစ်ယောက်က မြန်မာပြည်က အင်တာနေရှင်နယ်ဟိုက်စကူးကနေ ဆယ်တန်းအောင်ပြီး သြစီမှာ ကျောင်းလာတက်တယ်။ ကျနော်တက်တဲ့တက္ကသိုလ်မှာ သူလာတက်တယ်။ သူက ငွေအများကြီးကုန်တဲ့ အင်တာနေရှင်နယ် စကူးကနေ ဆယ်တန်းအောင်တယ်။ ကျနော်က ငွေအနည်းအကျင်းလောက်ကုန်တဲ့ ပေါချောင်ကောင်းလို့ ခေါ်လို့ ရတဲ့ မင်္ဂလာဒုံက အောင်ဆန်းသူရိယလှသောင်းကျောင်းကနေ ဆယ်တန်းကို နှစ်ခါကျတယ်။ ကျနော်လည်းသြစီမှာ သူနဲ့ တန်းတူကျောင်းတက်နိုင်တဲ့အရည်အချင်းတော့ ရှိပါတယ်။ ဆိုတော့ ငွေအများကြီးကုန်မှ ပညာတက်တာမဟုတ်ပါဘူး။ အင်္ဂလိပ်စာတက်တာမဟုတ်ပါဘူး။
သြစီက မြန်မာတွေမှာ အယူအဆတစ်ခုရှိတယ်။ ဒါကတော့ သူတို့ ခလေးတွေကို ပိုက်ဆံပေးရတဲ့ ပရိုက်ဗိတ်ကျောင်းမှာ ထားမှ ခလေးက ပိုလို့ အဆင့်မြင့်တယ်လို့ ပြောတယ်။ နေပါအုံး...ခင်ဗျားတို့ အလုပ်က ဝင်ငွေကောင်းတဲ့အလုပ်မို့ လို့ လားဆိုတော့လည်း မဟုတ်ဘူး။ စက်ရုံမှာလုပ်ကြတဲ့လူတွေ။ ဒါနဲ့ များငွေမပေးရတဲ့အစိုးကျောင်းမှာ မထားကြတာ အရမ်းအံ့သြတယ်။ အစိုးရကျောင်းနဲ့ ပရိုက်ဗိတ်စကူးတွေမှာသင်တဲ့ သင်ရိုးညွန်းတမ်းက အတူတူပဲ။ သင်တဲ့ပုံစံတွေလည်းမကွာဘူး။ ဒါနဲ့ များ ရှုးကြလေတယ်။ မယောင်ရဆီလူ ကိုယ့် -ီး ကိုယ်မြွေမှတ်လို့ ထခုန်သလိုပဲ။
ကျနော်တော့ ငွေကုန်တဲ့ ပရိုက်ဗိတ်စကူးကို အထင်ကိုမကြီးဘူး။ သူတို့ ကျောင်းထားမှ ကျနော့်ခလေးပညာတက်တာမှမဟုတ်တာ။ အဓိက အရေးကြီးတာက မိဘပဲ။ လမ်းညွန်မှုကောင်းဖို့ အရေးကြီးဆုံးပဲ။
မြန်မာပညာရှင်တွေအများကြီးရှိတယ်။ သူတို့ အားလုံးက ဈေးကြီးကြီးပေးရတဲ့ ပရိုတ်ဗိတ်ကျောင်းက ဆင်းလာတာမဟုတ်ပါဘူး။ တောကြိုအုံကြားက ဗွက်တွေအပေခံပြီး သင်ရတဲ့ ကျောင်းက ဆင်းလာတဲ့သူတွေများပါတယ်။ ဥပမာ ကုလသမဂ္ဂအထွေအထွေ အတွင်းရေးမှုးချူပ်လုပ်ဘူးတဲ့ ပန်တနော်သားဖြစ်တဲ့ တောသားကြီးဦးသန့် ကိုပဲ လေ့လာလေ့ကြည့်ပါ။ အခုခေတ်လို တစ်လကို ဒေါ်လာ သုံးရာပေးရတဲ့ အင်တာနေရှင်နယ်စကူးက လေးတန်းမအောင်ခဲ့ပေမဲ့ သူဘယ်လောက်တော်ကြောင်း သိပါလိမ့်မယ်။
ဆိုတော့ဗျာ....မြန်မာနိုင်ငံက အင်တာနေရှင်နယ်ဟိုက်စကူးဆိုတာက ကြပ်မပြည့်တဲ့မိဘတွေရဲ့ ခလေးတွေကို ထားတာပါ။

No comments:
Post a Comment