ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

1/30/10

သေရင်တောင်, တွင်း , တူးပေးဖို့လူမရှိတော့ဘူး

သေရင်တောင်, တွင်း , တူးပေးဖို့လူမရှိတော့ဘူး

မပြန်တာကြာခဲ့ပြီလေ။ ရွာရဲ့ အငွေ့အသက်ကိုလွမ်းတယ်။ သူငယ်ချင်း၊ ဆွေမျိုး၊ မိဘတွေကို တွေ့ချင်တယ်။ ပြည်ပမှာနေရတာကြာပီဆိုတော့ ခွင့်ရတုန်း ရွာကိုအလည်တစ်ခေါက် ပျော်ပျော်ကြီးပြန်ခဲ့တာပေါ့။

ကျနော်တို့ရွာမှာ ရွာရဲ့ ဓလေ့ထုံးစံအတိုင်း စုပေါင်းပျော်ရွှင်၊ ကူညီရတဲ့လုပ်ငန်းတွေရှိတယ်။ အိမ်မိုးတဲ့အချိန်မှာ သက်ကယ်ပြစ်သူပစ်၊ ၀ါးထမ်းသူကထမ်း၊ နှီးဖျာသူက နှီးဖျာတဲ့ အလေ့အထလေးက အရမ်းချစ်စရာကောင်းတယ်။ အိမ်ရှင်ဖြစ်တဲ့သူက အခမဲ့လုပ်အားကူညီ သူကို ထမင်း၊ ဟင်း ချက်ကြွေးတယ်။ ညနေပိုင်းအလုပ်ပီးချိန်မှာ အရက်ကြိုက်တက်သူကိုတောအရက်ကောင်းကောင်း နဲ့  ကြက်သားကာလသားဟင်းချက်ကြွေးတယ်။

ရေချိန်ကိုက်ရင်တော့ ကြက်သားကာလသားဟင်းနဲ့ မြိုင်ရည်ရှက်ရှည် သုံးဆောင်ကြတာပေါ့။ နောက်ကြပြောင်ကြ။ Night Club သွားပြီးတော့ စော်ငန်းတဲ့အလေ့အထတော့ ကျနော်တို့ရွာမှာ မရှိဘူးလေ။ မှုးရင်တော့ စာဥသီချင်းလောက်တော့ အော်ဆိုတဲ့အထာရှိတယ်။ မိသားစုညီအစ်ကိုမောင်နှ၊ ဆွေမျိုးသားချင်းတွေ စည်းစည်းလုံးလုံးနဲ့ တစ်ယောက်အလုပ်ကိုတစ်ယောက်ကူညီပေးကြတယ်။ သက်ကြီးရွယ်အိုအဘိုးအဘွားတွေအတွက် အနောက်နိုင်ငံတွေမှာလို Aged Care Center (သို) Nursing Home (လူအိုရုံ) မှာ သွားပြီးအထီးကျန်စရာမလိုဘူးလေ။ မြေးမြစ်တီတွတ်တွေနဲ့ ဘ၀နေ၀င်ချိန်ကို ပျော်ပျော်ကြီးဝင်ဖို့စောင့်နေလို့ရတယ်။ ဒီအခြေအနေတွေကတော့ လွန်ခဲ့ နှစ်ပေါင်း ၂၅ နှစ်လောက်က အခြေအနေလေးတစ်ခုပါ။

၂၀၁၀ မှာ ကျနော်ရွာပြန်သွားတော့။ ရွာမှာ အရင်တုန်းအခြေကအခြေအနေမဟုတ်တော့ဘူးလေ။ လယ်ယာမြေတွေခြောက်သွေ့ပြီး၊ ပေါင်းပင်တွေဖုံးနေပြီ။ ရွာထိပ်က လမ်းမကြီးဖုံတလောင်းလောင်းမရှိတော့ဘူး။

မနက်လေးနာရီ လယ်တောကို လှည်းမောင်းသွားတဲ့ လူငယ်တွေမြင်ရမဲ့အစား၊ အသက် ၆၀ ကျော်ရှိတဲ့ ကျနော်အဖေ၊ ဦးလေးကြီးတွေရဲ့ နွားမောင်းသံပဲ ကြားနေရတယ်။

ရွာဦးဘုန်းကြီးကျောင်းက အာရုဏ်အတွက် တုံးမောင်းခေါက်ဖို့ဘုန်းကြီးကျောင်းသားလည်း ဘယ်ရောက်သွားလဲမသိဘူး။ သင်္ကြန်တွင်းဆိုတော့ ရွာကအပျိုချောတွေ၊ ကွမ်းတောင်ကိုင်တွေ ဘယ်များရောက်သွားလေလည်းမသိဘူး။ တနေရာတော့ရှိမှာပါလေ။ ဒါမှမဟုတ်...ယောက်ျားများရလေသလား။ အကုန်လုံးတော့ တခါတည်းမရနိုင်ပါဘူး။

အဘိုးနဲ့အဘွားအိမ် ယိုင်နဲ့နေပြီဆိုတော့ အိမ်ပြင်ရမယ်။ ရှိစုမဲ့စုငွေလေးနဲ့အဘိုးအဘွားအိမ်ကို မသေခင်ကန်တော့လိုက်မယ်ဆိုပီး အိမ်ပြင်ဖို့စလုပ်ခဲ့တယ်။ ရွာက သူငယ်ချင်း၊ အပေါင်းအသင်း၊ အမျိုးတွေကိုအကူအညီတောင်းဖို့ ရှာကြည့်မိတယ်။ အသက် ၇၀ ရှိနေပြီတဲ့ ဘကြီးထွေး၊ နဲ့ ဘွားလေးအိမ်မှာ မြေးအငယ်ဆုံး ၁၀ နှစ်သားလေးနဲ့အလုပ်ရှုပ်နေတော့ တခြားအိမ်ဖက်ထွက်ခဲ့တယ်။ ငယ်သူငယ်ချင်းဖြစ်တဲ့ ဘဒင် နဲ့ သာအေး တို့လည်းမတွေ့ဘူး။ သူတို့ရဲ့  ၅ နှစ်သား၊ သားငယ်လေးကို အဖေနဲ့အမေက ထိမ်းကျောင်းနေတာတွေ့တော့၊ ဦးလေးဆီက အကူအညီရလေမလားဆိုပီး ဦးလေးနေတဲ့ရွာတောင်ဘက်အခြမ်းကို ထွက်ခဲ့မိတယ်။ ဒီအချိန်ဆို ဦးလေးရဲ့ သားတွေကြီးနေလောက်ပီ။ သမီးကတော့ လုပ်အားပေးတွေထမင်းချက်၊ဟင်းချက် အဖော်တော့ရနိုင်ပါရဲ့ လေ။ ဟင်..သားနဲ့သမီးမရှိတော့ပါလား။ ဘယ်ရောက်သွားလဲ ဦးလေးရေလို့မေးကြည့်တော့။ သူတို့လည်းမင်းလိုပဲကွ...ဟကောင်ရ လို့သိရတယ်။ အော်...ဟုတ်ကဲ့လို့ပြောယုံမှတပါး မရှိဘူးလေ။

ဒီလိုနဲ့ပဲ အရင်တုန်းကဘ၀တွေကို ပြန်ပြီးတမ်းတမနေတော့ပါဘူး။ အဘိုးနဲ့အဘွားအတွက် မိုးမကျခင် အိမ်ပြီးအောင် လုပ်မှရမယ်။ အဘိုးနဲ့အဘွားရယ်၊ ကျနော်ရယ် စည်စည်ကားကားမရှိတဲ့ အိမ်မိုး၊ သက်ကယ်ပစ်၊ နှီးဖျာ၊ ၀ါးခုတ်တဲ့အလုပ်ကို အချိန်တော်တော်ကြာလုပ်ပြီးမှပီးတယ်။

ဒါနဲ့ခွင့်ရက်စေ့လို့၊ ကျနော်နေတဲ့ နိုင်ငံကြီးဆီသို့  ခြောက်ခြောက်သွေ့ သွေ့  နဲ့ ပို့ဆောင်သူမဲ့ ချီတက်ခဲ့ရပါတယ်။

"သြော်.... ငါ့အဖေ၊ ငါ့အမေ၊ အဘိုးအဘွားတွေ သေရင်တောင် တွင်းတူးပေးဖို့ တို့ရွာမှာ လူငယ်တွေ မရှိတော့ပါလား"

တနေရာတော့ရှိမှာပါလေ။ အဆင်ပြေတဲ့အချိန်မှာ အားလုံးပြန်ဆုံစည်းကြပါစေလို့ ဆုတောင်းယုံမှတပါး၊ ကျနော်မတက်နိုင်ပါ။

1 comment:

Anonymous said...

သူတို့လည်း မင်းလိုပဲကွ ဆိုတာ သူတို့ လည်း ဒုက္ခ သည် တွေ ခံ ပြီး ရွေ့ကုန် ပြီ လို ဆိုလိုတာ လား..


View My Stats