ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

1/22/10

ကျနော့်အဖေစစ်သား ချစ်သလားတော့မမေးနဲ့ - ၃

တပ်ထဲမှာ စစ်သည်အင်အား ၇၀၀ ကျော်ရှိတယ်။ ရိက္ခာရုံ၊ ဆီဂိုဒေါင်၊ မော်တော်ယာဉ်ဌာန၊ မီးသတ်၊ သမဆိုင်၊ သင်တန်းဌာန တွေရှိတယ်။ တပ်ထဲမိသားစုတွေအားလုံးစည်းလုံးကြတယ်။ အတင်းပြောလည်းတပ်တွင်းမိသားစု၊ ရန်ဖြစ်လည်းတပ်တွင်းမိသားစု၊ ချီးကြလည်း တပ်တွင်းမိသားစု၊ အိမ်ထောင်ကြလည်း တပ်တွင်းမိသားစု အချင်းချင်း ယူကြတယ်။

တပ်ထဲကလူပျိုရဲဘော်တွေနဲ့ စစ်သားသမီးတွေ ယူကြတယ်။ စစ်သားသမီးချင်းကြတော့ မိသားစုလိုဖြစ်နေတော့ မယူကြဘူး။ အခြားတပ်ကသူတွေကို ငမ်းကြတယ်။


Read more >>>>>


အပျော်အပါးဆိုလို့...ကျောင်းပိတ်ရက်ဆိုရင် ရဲဘော်တွေနဲ့ တပ်ထဲခြုံတွေကြားထဲမှာခိုးပြီး ဖဲရိုက်ကြတယ်။ တပ်တခုနဲ့တခုချိန်းပြီး ဘောလုံးကန်တယ်၊ ခြင်းခတ်တယ်၊ ပြီးရင်တော့ ရန်ဖြစ်ကြပြီ။ သင်္ကြန်ဆိုရင်တော့ ရိုက်ပွဲတွေဖြစ်တာ ခဏခဏ။ ပြီးရင် ပြန်တည့်။ ဘောလုံးပြန်ကန်။ ခြင်းပြန်ခတ်။ ကျက်ခိုးစားလည်းအတူတူ။ ဒီလိုမျိုးစည်းလုံးတယ်။

အပြင်အရပ်သားနဲ့ ရန်ဖြစ်တယ်ဆိုရင်တော့ ဘယ်သူမှားမှားမှန်မှန် တပ်ထဲက စစ်သားသမီးတွေ၊ ရဲဘော်တွေကပဲ အနိုင်ပဲရတယ်။ အပြင်လောကနဲ့အဆက်အသွယ်ပြတ်တယ်။ ရန်ကန်မြို့ ထဲတောင် ကိစ္စရှိမှရောက်ကြတယ်။ ဒီလိုနဲ့ပဲ တပ်ထဲက မိသားစုတွေ၊ လူတွေအချင်းချင်း ကမ္ဘာတခုလိုဖြစ်နေတယ်။ ရဲ..ဖြစ်လို့ ရဲလာရင်လည်း တပ်က အ၀င်မခံဘူး။ ရဲ...လည်းမ၀င်ရဲဘူး။ ရဲအများစုက တပ်က ပြောင်းသွား တဲ့လူတွေဆိုတော့ သိပြီးသား။

ထူးခြားတာက ရဲဘော်မိသားစုနဲ့ အရာရှိမိသားစုတွေအချင်းချင်း စည်းလုံးမှုမရှိဘူး။ သူတို့သားသမီးနဲ့ ရဲဘော်သားသမီးနဲ့ ဘယ်တော့မှ ပေါင်းလို့မရဘူး။ ဟိုကောင်တွေက စောက်ကြီးစောက်ကျယ်နိုင်တယ်။ ငါ့အဖေက ဗိုလ်မှုးကွ။ မင်းအဖေက ဘာကောင်မို့လဲဆိုတဲ့ လူစားများတော့ ကျနော်တို့က ဆန်မရှိစောက်စားကြီး တဲ့ကောင်တွေ၊ အလကားနေ ဘ၀မြင့်နေတဲ့ကောင်တွေလို့သတ်မှတ်တယ်။ အရာရှိသားသမီး တော်တော် များများက အခြောက်လို၊ ဖြူဖက်ဖြူရော်၊ ပိန်လိန်နေတဲ့ကောင်များတယ်။ ကျနော်တို့လို မဲမဲသည်းသည်း၊ လမ်းမယူတဲ့ကောင်တွေနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။

ဖိုးကြီးနဲ့စစ်သားသမီးများ

ဖိုကြီးပဲဟင်းနဲ့ ထမင်းဂျိုးက အိမ်ထောင်သည်တွေအတွက် အရမ်းအရေးကြီးတယ်။ ရဲဘော်တွေအတွက်တော့ ရိုးတယ်။ ဖိုကြီးပဲဟင်းဆိုတာက ကုလားပဲ တပိသာချက်ရင် မိုးမြဲဒယ်အိုးအကြီးနဲ့ နှစ်လုံးလောက်ရတယ်။ ကုလားပဲကနည်းနည်း၊ အထဲမှာ ကျောက်ဖရုံသီး၊ ဘူးသီး တော့ပါတယ်။ ပဲဟင်းကျဲတော့ ပဲဟင်းပျစ်အောင် ထမင်းရည်ထည့်တယ်။ ပြီးရင် ဆားထည့်၊ အချို့ မုန့်ထည့် အရမ်းစားကောင်းတယ်။ အမြဲတမ်းတော့မဟုတ်ဘူး။

ထမင်းစားချိန် မနက် ၁၁-နာရီဆိုရင် အိမ်မှာ အရည်အသောက်မရှိရင် ဖိုကြီးကို ပိန်လိန်နေတဲ့ ဟန်းကောနဲ့ ကျနော်တို့ အုပ်စု ဒိုးကြပီ။ တစ်ယောက်ကို တစ်ဂျိုက်စီ ရတယ်။ တခါတလေ ချဉ်တူးလန်နေတဲ့ ချဉ်ပေါင်ကျော် ရတယ်။ အပြန်ကျရင် လက်ဆောင်အဖြစ် မိုးပြဲဒယ်အိုးမှာကတ်နေတဲ့ ထမင်းဂျိုးရတယ်။ ထမင်းချိုးကို ဘယ်လိုထုတ်ရလဲဆိုတော့...။

ပထမဆုံး ထမင်းတွေကို ပန်ရံဆိုက်တွေသုံးတဲ့ သံဂေါ်ပြားအကြီးကြီးနဲ့ ကလော်ထုတ်။ ထမင်းတွေကုန်ပြီဆိုရင် ၁၅ မိနစ်လောက်စောင့်။ ပြီးရင် ထမင်းဂျိုးပေါ်မှာ ဆီ တစ်ဇွန်းလောက်စမ်းရတယ်။ ဆီပူတာနဲ့ ထမင်းဂျိုးကို ကလော်ထုတ်လိုက်တာ ခဏပဲ။ ဒါကို ကျနော်တို့ လုယူရတာအမောပဲ။

ဖိုကြီး ဗိုက်ပူ စဖိုမှုး နဲ့ ရန်ဖြစ်...သူကလည်း လိုချင်၊ ကိုယ်ကလိုချင်ဆိုတော့။

ဒါက...ထုံစံဆိုတော့ သူလည်း စိတ်မနာ..ကိုယ်လည်းစိတ်မဆိုးပါဘူး။ ပဲဟင်းနဲ့ထမင်းဂျိုးမုန်းသွားရင် တော့ခဏ နားတယ်။ ရဲဘော်တွေတော့ ပဲဟင်းနဲ့ ထမင်းဂျိုးမကြိုက်ပါဘူး။ သူတို့အတွက် နေ့တိုင်းလိုလိုဖြစ်နေတော့ အရမ်းမုန်းတယ်။

လူပျိုဘားတိုက်မှာ...အဲယားကွန်းမရှိ၊ ပန်ကာမရှိ၊ တံခါးက ဟောင်းလောင်းပေါက်၊ TV မရှိပါဘူး။ ရဲဘော်တစ်ယောက်ကို အများဆုံးချမ်းသာတာက သံသတ္တော တစ်လုံးမဟုတ်ရင်၊ ထင်းရှုးသေတ္တာ တစ်လုံးရှိတယ်။ ယူနီဖောင်းအသစ်တောင်မရှိတောင်ရဲဘော်များတယ်။ ဘာဘဲဖြစ်ဖြစ် ရဲဘော်တွေနဲ့ စစ်သားသမီးတွေကတော့ ညီအစ်ကိုလို၊ သူငယ်ချင်းလို၊ အရမ်းချစ်ကြတယ်။

ရဲဘော်တွေနဲ့ ပြည်ပအသံလွှင့်ဌာနများ

ညဖက်ဆိုရင် အိမ်တစ်အိမ်မှာ (သို့) ဘားတိုက်တခုမှာ ရဲဘော်တွေစုကြတယ်။ တူရာအုပ်စုပေါ့။ ကျနော်တို့ခလေးတွေလည်းပါတယ်။ လွန်ခဲ့နှစ်ပေါင်း ၂၀ လောက်က ထင်ရှုးသေတ္တာ ရေဒီယိုကြီးဘေးနား စုကြတယ်။ ပထမဆုံး VOA ကိုနားထောင်ကြတယ်။ ခိုးပြီးနားထောင်ရတာနော်။ ပြီးရင်တော့ ဘီဘီစီအလှည့်။ ဘီဘီစီပီးရင် တပ်တွင်း လက်ဘရည်ဆိုင်ကို ဒိုးကြပီ။ ပွားကြ။ သတင်းနားထောင်ရတာ ကျနော်တို့အတွက် လျှို့  ၀ှက်သည်းဖို သရဲကားကြည့်ရသလို စိတ်ဝင်စားဖို့ကောင်းတယ်။ အားလုံးကြိုက်ကြတယ်။ မကြားဘူးတာကြားရ တာဆိုတော့။

ထူးခြားမှုတခုက ရဲဘော်အားလုံးဟာ အစိုးရမကောင်းလို့ငတ်နေတာဆိုတာသိတယ်။ ဒါပေမဲ့ ပုန်ကန်ဖို့ မလုပ်ရဲ ဘူး။ စားဝတ်နေရေး၊ သံယောဇဉ်၊ ဆိုလိုတာက တပ်တွင်းမိသာစုအချင်းချင်းသံယောဇဉ်ရှိကြတယ်။ အပြင်လော က ကိုလည်း မယုံရဲဘူး။ သူတို့မှ ထဲထဲဝင်ဝင် မဖြတ်ဘူးကြတာဆိုတော့။

တပ်မှုးတွေကိုထမင်းချက်ကြွေးတဲ့ကျနော်...

နွေရာသီကျောင်းပိတ်တော့ တပ်ထဲမှာ အလုပ်ရတယ်။ နေ့ဝက် ပိုက်ဆံ ၂၀ ရတယ်။ ဆန် ၈ ပြည်ရတယ်။ တာဝန်က တပ်မှာ သင်တန်းတက်ဖို့ရောက်လာတဲ့ စစ်လက်နက်ပစ္စည်းလက်အောက်ခံတပ်ရင်းတွေမှာ တာဝန်ယူနေတဲ့ ဒု-ရင်းမှုးတွေကို ထမင်းချက် ကြွေးရခြင်းပါ။ ဦးလေးက စဖိုမှုး။ ကျနော်က အကူ။

သင်တန်းကတော့ တပ်မှုးဖြစ်ဖို့အတွက် အုပ်ချုပ်မှု အကူအတက်ကို တပ်က ဆရာကြီး အရာခံဗိုလ်တွေ၊ ဒု-အရာခံဗိုလ်တွေက သင်ပေးရတာပါ။ ဗိုလ်မှုးတွေက သင်တန်းသား၊ အရာခံဗိုလ်ကြီးတွေက သင်တန်းဆရာ။

သူတို့သင်တန်းက သင်တန်းသာဆိုတယ်။ စာလည်းကောင်းကောင်းသင်တာမတွေ့ရဘူး။ ညနေပိုင်း ဖဲရိုက်၊ ဖဲဝိုင်းမှာ အာမီရမ်လေးနဲ့ ငြိမ့်။ ပြီးရင် ဖာခေါ်ချ။ ဒီလိုပဲ ၆ လသင်တန်းက ပြီးတာမြန်တယ်။ တချို့ အရာရှိတွေကတော့ ဘုရားတရားသမားတွေပါ။ အများစုကတော့ ဖဲရိုက်၊ အရက်သောက်၊ ဖာချ ပါတယ်။

ဘယ်က ငွေရလဲဆိုတာ အသေးစိတ်မသိရဘူး။ သူတို့ကိုယ်တိုင်အပြင်ကိုသွားစရာမလိုဘူး။ ရဲဘော်တစ်ယောက် ယောက်ကို ခိုင်းလိုက်တာပါ။ တပ်ရင်းဆိုင်က ဘာယူခဲ၊ ဟို ဆိုင်က ဒါယူခဲ့..ပီးရင်..မင်းက တစ်လုံးယူ စသဖြင့် ဒီလိုပဲခိုင်းကြတယ်။

သင်တန်းဆင်းပွဲပြီးရင် သင်တန်းဆရာအတွက် နည်းနည်းပါးပါးကန်တော့လိုက်ရင် သူတို့အတွက် အောင်ချက် ကောင်းပီ။ တပ်ကိုပြန်သွားကြပေါ့။ သင်တန်းကြောင့် ရာထူးတက်ကြပီ။ တကယ်တမ်း သင်တန်းမှာ သင်ပေးတာက ဘယ်လိုမျိုး ဖဲကို ကောင်းကောင်းရိုက်တက်ရမယ်၊ ဖာကို ဘယ်လိုမျိုးချရလဲ၊ အရက် အကောင်းစားဘယ်လိုမျိုးသောက်ရလဲ။

နောက်ဆုံးတော့ အရည်အချင်းမရှိတာလည်းမပြောနဲ့ စနစ်က ဖျက်နေတော့ အရာရှိတွေလည်းပျက်တာပေါ့။ ညသန်းကောင်ယံကောင်းကောင်းမအိပ်ရဘူး။ မှုးရင် ရန်ဖြစ်၊ သီချင်းဆို၊ ပတ်ဝန်းကျင်လည်းဂရုမစိုက်...။ အာ...တော်တော်ဆိုးတဲ့အရာရှိများတယ်။ ကျနော်က သူတို့နဲ့ ၆ လနီးပါး သင်တန်းဆောင်မှာ အတူတူအိပ်ပြီး ထမင်းချက်ကျွေးဘူးပါတယ်။ အခု ဒီအရာရှိတွေ ဗိုလ်မှုးကြီးတွေ၊ ဗိုလ်ချုပ်တွေဖြစ်နေပါပြီ။ သြော်....သူတို့...ဘ၀။

ဘာဘဲဖြစ်ဖြစ် သူတို့ကို ထမင်းချက်ကြွေးတဲ့ခြောက်လကာလမှာ ကျနော့်ဦးလေးတော့ တော်တော်ထော သွားတယ်။ တပ်မှုးတွေက ထမင်းမစားတော့ ပိုတဲ့ဆန်ကို ကျနော်နဲ့ဦးလေး ပေါင်းပြီးရောင်းစားတာပေါ့ ဗျာ...ဘယ်နဲ့လဲ တရားတယ်မဟုတ်လား။

စစ်သင်တန်းနှင့် မှီခို

တခုခု ရုတ်ရုတ်အသံကြားတာနဲ့ စစ်သင်တန်းတက်ရပီ။ သုံးလ အနည်းဆုံးသင်တန်း။ ပင်ပန်းလိုက်တာအရမ်းပဲ။ လစာလည်းမရဘူး။ မတက်ရင် အရေးယူခံရတယ်။ သင်တန်းဆရာကြီးတွေက ဦးလေးလို၊ အဒေါ်လို နေလာကြ တာဆိုတော့ ကြောက်လည်း၊ ကြောက်စရာမလိုဘူး၊ ဂရုလဲစိုက်စရာမလိုဘူး။ သူတို့အများစုကလည်း သူ့အထက်အရာရှိခိုင်းလို့လုပ်ရတာဆိုတော့ အားလုံးပေါ့ပျက်ပျက်ပါပဲ။ ကျနော်တို့ကလည်း စစ်သင်တန်းကို ခလေးကစားစရာလိုမျိုးသဘောထားတယ်။ သင်တန်းဆရာအရမ်းဆိုးရင်တော့ ညနေကျရင် သူ့အိမ်ကို အုတ်နီဂဲနဲ့ လူငယ်တွေထုပြီသာမှတ်။ ဘာပဲဖြစ်ဖြစ် ပျော်စရာကောင်းသလို၊ ကျေးဇူးတင်စရာလည်းကောင်း ပါတယ်။ အခမဲ့သင်တန်းတက်ရတာလေ။

ဆက်ရန်-

No comments:


View My Stats