ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

2/24/10

ပြည်ပမှာ လူထုစည်းရုံးရေး လုပ်ကြရအောင်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့် ပြည်ပအခြေစိုက်တော်လှန်ရေးအဖွဲ့များအားလုံးသို့

ကျနော်အိုင်ဒီယာတခုပေါ်လာပါတယ်။ ပြည်ပအခြေစိုက်အတိုက်အခံတွေအနေနဲ့ အင်အားတဖြည်းဖြည်းကြီးထွားမလာပဲ ဆုတ်ယုတ်နေပါတယ်။ အင်အားများလာအောင်လုပ်ချင်တဲ့စေတနာနဲ့အခုလိုရေးပါတယ်။

ကျနော်တို့အဖွဲ့တွေက ခေါင်းဆောင်တွေ စည်းရုံးရေးခရီးစဉ်ကို ထိုင်၊ မလေး၊ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ ယူအေအီး နိုင်ငံတွေကို ဆင်းသင့်ပါတယ်။ ဒီနိုင်ငံတွေမှာ မြန်မာပြည်က ထွက်လာတဲ့လူတွေ သန်းနဲ့ချီနေပါပြီ။ အဓိကစည်းရုံးရေးရဲ့ ရည်ရွယ်ချက်က ပြည်ပအခြေစိုက်အဖွဲ့တွေကိုထောက်ခံမှုရရှိရေး၊ အဖွဲ့ဝင်သစ်တိုးပွားလာရေးဖြစ်ပါတယ်။ စည်းရုံးရေးဆင်းရင်း တခါတည်း မန်ဘာရအောင်စုဆောင်းနိုင်ပါတယ်။ ဒီလိုမျိုးလှုပ်ရှားမှုကို ဘယ်သူမှ ရည်ရွယ်ချက်ရှိရှိ မလုပ်သေးပါဘူး။ ဆန္ဒပြပွဲလုပ်တာလောက်နဲ့ အလုပ်မဖြစ်တော့ ဒီစည်းရုံးရေးခရီးစဉ်ကို အဖွဲ့အားလုံးပေါင်းပြီးသော်လည်းကောင်း၊ တဖွဲ့ခြင်းသော်လည်းကောင်းလုပ်နိုင်ပါတယ်။ သိတ်ပြီးတော့ အပန်းမကြီးတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။

ဘာ့ကြောင့်ဒီလိုလုပ်ရသလဲဆိုရင် ဒီအတိုင်း ကိုယ့်အဖွဲ့တွေအချင်းချင်း တွေ့ဆုံစကားပြော၊ ပွား၊ အာ နေတာလောက်က အလုပ်သိတ်မဖြစ်တော့ပါဘူး။ တော်လှန်ရေးမှာ စိတ်ဝင်စားတဲ့လူသစ်တွေရရှိရေးကို ရဲဘော်ဟောင်းတွေကိုဦးစားပေးမဲ့အစား၊ တစိမ်းကို ဦးစားပေးရင် အောင်မြင်နိုင်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ၊ အချိန်ယူပြီး စည်းရုံးရေးခရီးစဉ်ကို ဆင်းကြည့်ပါ။ မအောင်မြင်နိုင်စရာမရှိပါဘူး။ မဲ့ဆောက်ပတ်ဝန်းကျင်က အလုပ်သမားတွေနဲ့ အချိန်ကုန်နေမဲ့အစား ဖြန့်ကျက်ပြီး အင်အားနဲ့ ထောက်ခံမှုရအောင်လုပ်ကြည့်ပါ။ မရတော့လည်း ကိုယ့်အတွက် အကျိုးမယုတ်ပါဘူး။

ဒီနေ့အချိန်ထိ တပ်ပေါင်းစုအဖွဲ့ကြီးတွေ စည်းရုံးရေးခရီးစဉ်၊ တရားပွဲတွေကို ထိုင်း၊ မလေး၊ စလုံး၊ ဂျပန်၊ တောင်ကိုရီးယား၊ ယူအေအီးနိုင်ငံတွေမှာ မလုပ်သေးတဲ့အတွက်ကြောင့် ဒီလိုအိုင်ဒီယာပေါ်လာတာဖြစ်ပါတယ်။

မဲ့ဆောက်ကနေရုန်းထွက်ကြပါ။ တကယ်ဖြစ်ချင်တကယ်လုပ်ရင် အဟုတ်ဖြစ်နိုင်ပါတယ်။ ပြည်ပအတိုက်အခံဆိုတာ ပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေရဲ့ ထောက်ခံမှု၊ အားပေးမှု ရအောင်လုံးဝယူသင့်ပါတယ်။ အဖွဲ့ဝင်သစ်ဖြစ်ဖို့အတွက် ဌာနချုပ်ရုံးတွေကိုလာစရာမလိုပါဘူး။ ကိုယ်နေတဲ့နေရာကနေ လုပ်နိုင်အောင် ဌာနချုပ်တွေမှာ Plan နဲ့ Resource ရှိရင် လုံလောက်ပါပြီ။ ပြည်ပမှာနေတဲ့ မြန်မာတွေအားလုံးဟာ စစ်အစိုးရကို လုံးဝဖြုတ်ချဖို့ဆန္ဒရှိနေလို့ ဒီစာကိုရေးပါတယ်။ စည်းရုံးရေးခရီးစဉ်ကို ၀ိုင်းပြီးပံ့ပိုးကူညီဖို့ မြန်မာတွေလုပ်ကြမှာပါ။ လူထုနဲ့ မကင်းကွာကြပါနဲ့။

No comments:


View My Stats