"မိုက်ရင်သူများထက်သာအောင်မိုက်...လိမ်မာရင်သူများထက်သာအောင်လိမ္မာကြ"
ဒါကို မိုက်မိုက်ပြည်ကာတွန်းကနေရတာပါ။ မိုက်မိုက်ပြည်ဆိုတာက တကယ့်ကိုအခြေခံလူတန်းစားတွေရဲ့ ဘ၀ကို ထင်ဟတ်ပြနိုင်တဲ့ကာတွန်းဆရာတစ်ဆူပါ။ အခုတော့ သေပြီလားမသိဘူး။
ဒီစာသားလေးကို ကျနော် ငါးတန်းနှစ်လောက်ကတည်းက အရမ်းသဘောကြခဲ့တာ။ အိမ်ရှေ့ မှာကိုမြေဖြူနဲ့ရေးပြီးနေ့တိုင်း မှတ်မိအောင်ဖတ်ခဲ့တယ်။ အဲတုံးက မိုက်မိုက်ပြည်ကာတွန်းလေးကို မြတ်မြတ်နိုးနိုးဖတ်တယ်။ နောက်ပြီးသုတစွယ်စုံ၊ သူဌေးကြီး ဦးကပ်စေး၊ ရွှေသေးဂျာနယ်တွေက ကျနော့်ရဲ့  လူစွမ်းကောင်းတွေပါပဲ။
အသက်ကြီးလာတော့ ဆရာကြီးမင်းသိင်္ခစာတွေကိုဖတ်တယ်။ အရမ်းသဘောကြတယ်။ သူ့ထဲက ဇာတ်ကောင်တွေအတိုင်းဖြစ်အောင် တခါတလေ လေ့ကျင့်တယ်။
နောက်ပိုင်းနိုင်ငံရေးနယ်ထဲရောက်တော့ ဗိုလ်ချုပ်အောင်ဆန်းကို အတုခိုးတယ်။ ကြာလာတော့ စာရေးဆရာတခုတည်းကို မကိုးကွယ်တော့ဘူး။ ကိုယ့်စိတ်နဲ့ကိုက်တဲ့ စာရေးဆရာကိုသဘောကျတယ်။
ကဗျာနဲ့ပက်သက်ရင် ဆရာ မင်းသုဝဏ်၊ ဆရာဇော်ဂျီတို့ရဲ့ ကဗျာတွေကိုကြိုက်တယ်။ တောရိပ်တောင်ရိပ်နဲ့လွမ်းစရာကောင်းတယ်။ ဆုံးမပဲ့ပြင်တယ်။ တိုးတက်ကြီးပွားအောင် လမ်းညွန်တယ်။
စာပေဟောပြောပွဲတော့ မသိဘူး။ ၉၉-ခုနှစ်ကြမှ ဆရာအောင်သင်းရဲ့  စာပေဟောပြောပွဲ တိပ်ခွေ နို့ဘိုးဒုက္ခသည်စခန်းမှာ နားထောင်ရတယ်။ ကြိုက်လွန်းလို့ အထပ်ထပ်အခါခါနားထောင်ခဲ့ရင်းနဲ့ ဆရာအောင်သင်းကိုရင်းနှီးသွားတယ်။ သူက ကျေးဇူးရှင်ပါ။
သြစီကိုရောက်ပြီး နောက်ပိုင်း မြန်မာစာနဲ့ကင်းတယ်။ စာလည်းမဖတ်ဖြစ်ဘူး။ ဘလော့ဂ်ပေါ်လာတော့ စာရေးတာ ၀ါသနာပါသွားတယ်။ ဟုတ်ဟုတ်မဟုတ်ဟုတ် ရေးချင်လာတယ်။ ကိုယ်ရေးတာကို ကြိုက်တဲ့သူရှိရင် အားပေးတယ်။ မကြိုက်ရင်ဆဲတယ်။ ဒါကို အရသာတွေ့တော့ စာရေးဖြစ်တယ်။ တက်လို့တော့မဟုတ်ဘူး။ ၀ါသနာဖြစ်သွားပြီကိုး။
နိုင်ငံရေးအမြင်၊ လူ့ဘ၀နဲ့ဆိုင်တဲ့အယူအဆ၊ အတွေးအမြင်တွေကို ကိုယ်စိတ်သန်ရာရေးတယ်။ အဓိကတော့ ကိုယ့်ရဲ့ အမြင်ကိုရေးတယ်။ မှားရင်လည်းမှားမယ်။ မှန်ရင်လည်းမှန်မယ်။ ဘိုလိုပြောရင် Who knows? ဘယ်သူမှ အမှားအမှန်ကို အတိအကျမဆုံးဖြတ်ဘူး။ Science မှ မဟုတ်တာနော်။ Science is objective လေ။
ဒါ့ကြောင့်တွေ့ရာမြင်ရာကိုစွပ်ပွားတယ်။ အာတယ်။
အထက်ကပြောသလို မိုက်ရင်သူများထက်သာအောင်မိုက်၊ လိမ္မာရင်သူများထက်သာအောင် လိမ္မာဆိုတာကို အရမ်းသဘောကြတဲ့အခြေခံက ဒါပဲ။
အဖေက ဒီစာသားလေးကို အိမ်ရှေ့ သစ်သားပြားနံရံမှာတွေ့တော့ ကျနော့်ကို ဒီလိုပြောတယ်...
"မင်းကလူမိုက်လား" တဲ့။
သူပြောတော့ ကျနော် အားရပါးရ ပြုံးခဲ့ပါတယ်။
No comments:
Post a Comment