မနက်ဖန်အလုပ်ပြန်သွားတော့မှာဆိုတော့ ဒီနေ့ရေးချင်တာကို ရေးထားခဲ့မယ်။ တစ်ပတ်တိတိ စာမရေးနိုင်ပါ။ အခုစာကတော့ ဟိုရောက်ဒီရောက်စာပေါ့။ တချို့ ကတော့ ထင်မယ်။ ဘုန်းကျော်ဆိုတဲ့ကောင် အလုပ်မလုပ်ပဲ ဘလော့ဂ်ပဲ ထိုင်ရေးနေတာလို့။ မထင်နဲ့ဆရာ။ ကျနော့်မှာ အလုပ်ကောင်းကောင်းရှိပါတယ်။ တက္ကသိုလ်ကြီးလည်း Part Time တက်နေတုန်းပါ။ စိတ်ကူးတည့်တာ၊ ပြောချင်တာကို ရေးနေတာပါ။ သူများတွေလို အားရင်၊ ဟိုလျှောက်လည် ဒီလျှောက်လည်မရှိတော့ စာပဲရေးပါတယ်။ ကိုင်း...ဒီနေ့ ဒီစာလေးကို ကြိုက်တဲ့သူများဖတ်ကြပေါ့။ မကြိုက်ရင်လည်း ဆဲနိုင်ပါတယ်။ အားလုံးပါးစပ်နဲ့ လက်ပါတယ်ဆိုတော့ ကြိုက်သလိုသာ ချ....။
ဆင်ဆာကို မကြိုက်ဘူး
ကျနော်ရေးတဲ့စာတွေကို ပြည်တွင်းက မဂ္ဂဇင်း၊ ဂျာနယ်တွေကိုသာပို့ကြည့်။ ဘယ်တော့မှ ဖော်ပြခံရမှာ မဟုတ်ဘူး။ စာတွေကလည်း ရိုင်း၊ စကားလုံးတွေကလည်း ကြမ်းဆိုတော့ အယ်ဒီတာလည်း ရွေးမှာမဟုတ်။ စိစစ်ရေးတင်လည်း ခွင့်ပြုချက်ရမှာမဟုတ်ဘူး။ တော်သေးတာပေါ့ ဘလောဂ့်လေးရှိလို့။ ကိုယ်ရေးချင်တာ ရေးလို့ရနေတာ။ ဆင်ဆာမရှိတဲ့ ဘလော့ဂ်ကြောင့် ကိုယ်ပြောချင်တာကိုပြောလို့ရနေတာ။
ကိုယ်ရေးချင်တာရေးတာကို အယ်ဒီတာ၊ စီစစ်ရေးက ပြင်တာ၊ ဖြုတ်တာကို လုံးဝမကြိုက်ဘူး။ ကိုယ်ပိုင်အရေးအသားကို ထိခိုက်စေတယ်။ စီစစ်ရေးက လူတွေဆိုတာက ဆန်ကုန်မြေလေးတွေ။ သူတို့မရှိတာက ပိုကောင်းတယ်။
နိုင်ငံရေးနဲ့လူမှုရေးရောတာကို မကြိုက်ဘူး
ပြည်တွင်းမှာ နိုင်ငံရေးပါတီတွေ လူမှုရေးလုပ်ပြီး နိုင်ငံရေးလုပ်တယ်။ စည်းရုံးတယ်။ အမှန်ဆိုရင် နိုင်ငံရေးလုပ်တာက မဲ ရဖို့။ နိုင်ဖို့။ အရွေးခံရဖို့။ လူမှုရေးလုပ်ငန်းတွေဖြစ်တဲ့ စာသင်တာ၊ ကူညီတာတွေက တခြား။ လူမှုရေးလုပ်ငန်းကို ဘန်းပြပြီး နိုင်ငံရေးလုပ်တာဆိုရင် မရိုးသားဘူးလို့ဆိုနိုင်တယ်။
သြစတျေးလျနိုင်ငံမှာ အမတ်တွေ၊ ပါတီတွေ အရွေးခံရဖို့ စာသင်ကျောင်းလည်းမဖွင့်ပါဘူး။ ဆေးပေးခန်းလည်း မထောင်။ ငါ့ကို မဲပေးပါ။ အရွေးခံရရင် ငါ့ အနေနဲ့ ဒါတွေလုပ်ပေးမယ်လို့ ပြောပြီးမဲဆွယ်တာပဲရှိတယ်။ အခုကြတော့ ကျနော်တို့တိုင်းပြည်က နိုင်ငံရေးပါတီတွေ တလွဲ လုပ်ပြန်ပြီ။
Facebook မှာ အိမ်ထောင်ရှိရဲ့ သားနဲ့ မဖော်ပြရဲတာကို မကြိုက်ဘူး
ဖေ့ဘွတ်မှာ ကျနော့်အသိတွေကို တွေ့တယ်။ အကုန်လုံးနီးပါး အိမ်ထောင်သည်တွေ။ တချို့ ဆိုရင် သူ့ယောကျာ်းဓာတ်ပုံကို မတင်ထားဘူး။ တစ်ယောက်တည်းပုံတွေတင်ထားတယ်။ ခလေးတွေတော့ တွေ့တယ်။ ယောက်ျားကလည်း မိန်းမဓာတ်ပုံကို မတင်ထားဘူး။ ဘာဖြစ်လို့လဲဆိုတာ ကျနော်တွေးကြည့်တယ်။ နောက်ဆုံးမှတ်ချက်ကတော့ ဒီလူတွေ ဖေ့ဘွတ်မှာ လူပျို၊ အပျို လုပ်ချင်နေကြတယ်ထင်တယ်လို့။ ဒါကို မကြိုက်ဘူး။ ဘာဖြစ်လဲ ကိုယ့်မှာ မိန်းမရှိတယ်။ ယောက်ျားရှိတယ်။ ပွင့်ပွင့်လင်းလင်းပေါ့။ ဘာလဲ... ကိုယ့်ရဲ့ အိမ်ထောင်သည်က ရုပ်ဆိုးလို့လား။ ဒါမှမဟုတ် Facebook ပေါ်မှာ အသစ်ရှာချင်လို့ထင်ပါရဲ့ ။
ဂျီတော့မှာတောင် မရိုးသားတာကို မကြိုက်ဘူး
ကျနော့်ဆီကို ဘယ်ကလူတွေလဲ မသိဘူး၊ အင်ဗိုက်လုပ်တယ်။ နာမည်တွေက ဘာတွေလဲ မသိဘူး။ လူနာမည်တွေကော၊ Animal နာမည်တွေကော စုံလို့။ သူတို့ကလည်း ဖိတ်သေးတယ်။ ပြောတဲ့အခါမှာတော့ အချက်အလက်တွေကို လိမ်ပြီးပေးတယ်။ ဘယ်ကလဲ၊ ဘယ်သူလဲ၊ ဘာလုပ်လဲ၊ အသက်ဘယ်လောက်လဲဆိုတာကို လိမ်ပြီးပြောတယ်။ ဘယ်လို မြန်မာတွေလဲ မသိဘူး။ ဂျီတော့မှာတောင် ဒီလိုဖြစ်နေရင်တော့ အပြင်မှာဆိုရင် ဘယ်လောက်တောင် လိမ်ကြမလဲမသိဘူး။
လူနေတော့ခြုံကြား ရေးတော့ ဘုံဖျားကို မကြိုက်ဘူး
လူတစ်ချို့ တွေ့ဘူးတယ်။ စာရေးတဲ့ လူလို့ပြောတာပါ။ နေတာကတော့ စုတ်ပြတ်သတ်နေတာပဲ။ အကျင့်စာရိတ္တ၊ ကျိုးစားအားထုတ်မှုကလည်း ရစရာကိုမရှိဘူး။ ဒါပေမဲ့ရေးလိုက်တဲ့စာတွေ၊ ကဗျာတွေက သူများတွေကို ဆုံးမပဲ့ပြင်ထားတဲ့စာတွေ။ သြော်...ဒုက္ခ။
အမှန်တရားဟာ တခါတလေ စာရွက်ပေါ်မှာမရှိ၊ ဘလော့ဂ်ပေါ်သာရှိတယ်
ဟိုတနေ့က ဂျာနယ်အယ်ဒီတာ တစ်ယောက်နဲ့ လိုင်းပေါ်မှာတွေ့တော့ သူ့ဂျာနယ်က စာပေ၊ ယဉ်ကျေးမှုစတဲ့အရာတွေကို ပေးနေတာတဲ့။ လူတွေ ဗဟုသုတ၊ ရပါစေဆိုပြီးတင်ဆက်နေတာ။
ဆိုလိုတာက ကျနော်ရေးတဲ့ ဘလော့ဂ်က အတင်းအဖျင်းနဲ့ ဆဲတာတွေလည်း ပါတယ်ဆိုတော့ မင်းဘလော့ဂ်နဲ့ ငါ့ဂျာနယ်နဲ့ မတူဘူး၊ မတန်ဘူးလို့ ဆိုလိုချင်ပုံရတယ်။ ဒါနဲ့ကျနော်လည်း....တချို့  အမှန်တရားတွေဟာ စက္ကူပေါ်မှာမရှိဘူးလို့ သူ့ကိုပြောဖြစ်တယ်။
မျက်နှာကြီးရာ ဟင်းဖတ်ကြီးကြီးပါတာကို မကြိုက်ဘူး
စစ်တပ်ထဲမှာ နေတုန်းကအဖေက ရဲဘော်ဆိုတော့ အရာရှိသားသမီးတွေနဲ့ ယှဉ်ရင် ကိုယ်က အလိုလို ဘေးရောက်သွားတယ်။ သူ့အဖေက ဗိုလ်ဆိုတော့ သူတို့ကို ရဲဘော်တွေက ဖူးဖူးမှုတ်ထားတယ်။ မျက်နှာကောင်းကောင်းနဲ့ဂွင်ကောင်းကောင်းရအောင် ဖား..တဲ့သဘော။ ကျနော်တို့ကြတော့ ဘယ်သူကမှ ဂရုမစိုက်။ ဒီလိုမျိုး။ နိုင်ငံရေးထဲရောက်တော့ ဒါမျိုးတွေ့ရပြန်တယ်။
ခေါင်းဆောင်ကြီးတွေရဲ့ ဆွေမျိုးသားသမီးတွေ နိုင်ငံခြားမှာကျောင်းတက်နိုင်တယ်။ ဥပမာ KNU က ခေါင်းဆောင်ကြီးတွေရဲ့ သားသမီးတွေကိုကြည့်ပါ။ တပ်မဟာ (၆) က၊ KNU တပ်ကြပ်ကြီး သားသမီးကြတော့ တောင်ယာတဲထဲမှာ တောင်ယာစိုက်ဖို့ စူး ထိုးနေရတုန်း။ ဒီလိုမျိုးကွာတယ်။ လူ့သဘာဝကိုပြောတာပါ။
NLD က ခေါင်းဆောင်ကြီးတွေရဲ့ အမျိုးတွေ နိုင်ငံခြားကို အလွယ်တကူထွက်လို့ရတယ်။ ပြည်တွင်းကနေ သြစတျေးလျကို နိုင်ငံရေးဒုက္ခသည်နဲ့ တိုက်ရိုက်ထွက်လို့ရတယ်။ ၈၈-မျိုးဆက်ခေါင်းဆောင်တွေရဲ့ သမီး အင်္ဂလန်မှာ ကျောင်းတက်နိုင်တယ်။ စသဖြင့်...အများကြီးပါ။ သူတို့တော်လို့ ဒီလိုဖြစ်တာလဲ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ မျက်နှာကြီးတဲ့အခါကြတော့ ဟင်းဖတ်ကကြီးပြီးသားပဲလေ။
ဒါကို ကျနော်မကြိုက်ဘူး။
နောက်တစ်ပတ်ပြန်ဆုံကြတာပေါ့....။
စာရေးသူ ဘုန်းကျော်သည် သြစတျေးလျနိုင်ငံရှိ ရွှေရှာဖွေရေး Company တခုတွင် Exploration Field Technician အဖြစ်အလုပ်လုပ်နေသူတဦးဖြစ်သည်။ အလုပ်နားချိန်တွင် Enviromental Science ဘာသာရပ်အား Murdoch University တွင် ပညာသင်ကြားနေသူဖြစ်သည်။

2 comments:
ကောင်းလှတေး၊ ကောင်းလှတေး
Ko Iron
ကိုဘုန်းကျော်
လေးစားပါတယ်ဗျာ၊ ခင်ဗျားလိုဘယ်
ဘက်မှမလိုက်ဘဲ ကိုယ်ယုံကြည်တာ၊တွေးမြင်တာကိုရေးရဲတဲ့
လူမရှိဘူး၊ ခင်ဗျားတင်တဲ့ပို့စ်တိုင်းကိုလဲစောင့်ဖတ်နေပါတယ်
Perth ကိုအလည်ရောက်ခဲ့ရင်လဲ ခင်ဗျားနဲ့ဆုံဖြစ်အောင်လို့
ကြိုးစားပါ့မယ်၊ လုပ်ငန်းကိုင်ငန်းတွေလဲ အဆင်ပြေပြီး
ကျန်းမာရေးကောင်းပါစေလို့ ဆုတောင်းပါတယ်။
Post a Comment