လက်တွေ့ ကျတဲ့ နိုင်ငံရေးလုပ်ချင်ရင် ပြည်တွင်းကိုပြန်ကြပါ။ နိုင်ငံရေးဘာ့ကြောင်လုပ်တာလဲဆိုတော့ အာဏာရဖို့လုပ်တာပါ။ တချို့ တော့ပြောကြပါတယ်။ သူတို့က ငါတို့နိုင်ငံရေးလုပ်တယ်ဆိုတာက စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းအောင် လုပ်တာပေါ့။ အာဏာရှင်ရဲ့ ဖိနှိပ်တာကို မကြိုက်လို့ ပြန်ပြီးတွန်းလှန်တာကလွဲရင် သူတို့အာဏာယူဖို့အစီအစဉ်မရှိဘူးလို့ ဆိုကြပါတယ်။ ထားတော့။ ဒါက သူတို့ရဲ့ ရိုးသားဖြူစင်တဲ့ ခံစားချက်။ မှားတယ်မှန်တယ်ကိုတော့ မပြောချင်ဘူး။
သို့သော် ကျနော့်အမြင်ကတော့ အကယ်၍စစ်အစိုးရ (သို့) အာဏာရှင်စနစ်က လုံးဝကို ချုပ်ငြိမ်းသွားပြီပဲထား။ သူတို့မရှိရင် ဘယ်သူက တိုင်းပြည်ကိုအုပ်ချုပ်မှာလဲ။ ရိုးသားဖြူစင်တဲ့ တော်လှန်ရေးသမားတွေပဲ အုပ်ချုပ်သင့်တာပေါ့။ သူတို့ မှ မလုပ်ရင် ဘယ်ကောင်က နိုင်ငံရေးအသိမရှိပဲ၊ နားမလည်ပဲနဲ့ အုပ်ချုပ်ရမှာလဲ။ ဒါဆိုရင် အခြားအာဏာရှင်တစ်မျိုးက ထပ်ပြီး အုပ်ချုပ်အောင် လမ်းဖွင့်ပေးသလိုမဖြစ်နေဘူးလား။
ဆိုတော့ ကျနော်ကတော့ နိုင်ငံရေးလုပ်တယ်ဆိုတာက အာဏာရဖို့ပဲ။ အာဏာရမှ ကိုယ်ဖြစ်ချင်တဲ့တိုင်းပြည်ကို ထူထောင်နိုင်မှာပဲ။ ဒါ့ကြောင့် အာဏာရအောင်ယူကို ယူသင့်တယ်။ ဘယ်လောက်ပဲ ရရ ရတာနဲ့ ရသလောက်ယူကို ထားသင့်တယ်။
တခါတည်းတပြိုင်တည်း ဘယ်လိုလုပ်ပြီး ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်မှာလဲ။ ဘယ်နိုင်ငံကကော ဖြစ်ခဲ့လို့လဲ။ ဒီနေ့အချိန်မှာမှ လေထဲမှာတိုက်ဆောက်တဲ့ တော်လှန်မှုမျိုး၊ နိုင်ငံရေးစိတ်ကူးယဉ်မျိုးကို တွေးနေတုန်းပဲဆိုရင်တော့ ဒီလို နိုင်ငံရေးသမား၊ တော်လှန်ရေးသမားကတော့ နောက်ကျကျန်ခဲ့မှာပဲ။
ဘယ်သူမှ အားလို့ပျင်းလို့ နိုင်ငံရေးမလုပ်ကြပါ။ အခု ပြည်ပမှာနေပြီး နိုင်ငံရေးလုပ်တဲ့ လူတိုင်းကို ကြည့်ရတာ ခုနကပြောတဲ့အတိုင်း မဖြစ်နိုင်တဲ့အခြေအနေကို စိတ်ကူး ယဉ်နေကြတုန်းပဲ။
ပြည်တွင်းကို ပြန်ဝင်ပြီး ရွေးကောက်ပွဲဝင်ဖို့အစီအစဉ်လည်းမရှိဘူး။ စစ်အစိုးရကို ပြုတ်ကျအောင် တိုက်ခိုက်နိုင်စွမ်းလဲမရှိဘူး။ ကုန်ကုန်ပြောရရင် သူတို့လိုချင်တဲ့ ၁၀၀-ရာခိုင်နှုံး အနေအထားကို ရောက်သွားတာတောင်မှ တတိယနိုင်ငံတွေကနေ ပြန်လာပြီးလုပ်တဲ့သူ ဘယ်သူရှိမလဲ။ လက်ချိုးရေလို့ရတဲ့လူတွေလောက်ပဲ ပြန်လာပြီး လုပ်မှာပဲ။ ဒါတောင် သူတို့အတွက် အခြေကောင်းနေမှ ပြန်လာကြမှာ။ ကျနော်လည်း လက်ရှိအနေအထားမှာ လုံးဝပြန်လာပြီး လုပ်ဖို့ဆိုတာက စိတ်ကူးယဉ်တာကလွဲရင် လက်တွေ့ မှာမဖြစ်နိုင်ဘူး။
နယ်စပ်တွေမှာနေပြီး တော်လှန်နေတဲ့ ၈၈-မျိုးဆက်အဖွဲ့တွေရဲ့ ဘ၀ကို လေ့လာကြည့်ပါ။ သူတို့လည်း စိတ်ကူးယဉ်တာပဲရတယ်။ တကယ်လက်တွေ့ မှာ တိုင်းပြည်ထဲကို ဘယ်လိုပြန်ကြမလဲ။ နယ်စပ်မှာလည်း အခြေအနေက စုတ်ပြတ်သတ်နေတဲ့ဘ၀ဖြစ်နေတယ်။ သူတို့မှာ ငွေရှိလား။ အိမ်ရှိလား။ လူလေးစားရလောက်တဲ့ ပညာတက်လား။
ထိပ်ပိုင်းခေါင်းဆောင်သုံးလေးယောက်ပဲ ရှိတယ်။ အောက်ခြေတွေကတော့ အားလုံးသိတဲ့အတိုင်း အခြေအနေကောင်းတာနဲ့ နိုင်ငံခြားထွက်ဖို့ချောင်းတဲ့လူတွေချည်းပဲ။ ဒီအဖွဲ့တွေက အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ယှဉ်ရင်သနားဖို့ကောင်းတယ်။ တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေမှာ ကိုယ်ပိုင်နယ်မြေရှိတယ်။ ကိုယ်ပိုင်တပ်ရှိတယ်။ လူဦးရေကလည်း ၈၈-အဖွဲ့တွေကို သုံးလေးယောက်မဟုတ်တော့ သူတို့မှာ အားရှိတယ်။
ကိုယ်ပိုင်တပ်ရှိပါတယ်ဆိုတဲ့ ABSDF ကိုပြန်ကြည့်ပါအုံး။ လက်နက်ကလည်း သုံးလေးလက်၊ နယ်မြေကလည်းမရှိ၊ သူများကိုမှီခိုပြီး နေနေရတယ်။ စစ်အစိုးရက အပစ်ခတ်ရပ်စဲရေးလုပ်တိုင်း အင်အားကြီးတဲ့အဖွဲ့တွေကို ကမ်းလှမ်းတယ်။ အင်အားမရှိ၊ နယ်မြေမရှိတဲ့ ABSDF အဖွဲ့ကို စကားထဲတောင် ထည့်မပြောဘူး။ တကယ်တမ်းပြန်စဉ်းစားရင် ၈၈-အဖွဲ့ တွေဟာ သနားဖို့ကောင်းတယ်။ သူတို့မှာ စွန့်လွှတ်ခဲ့တာတွေချည်းပဲ။ ဒါ့ကြောင့်အကုန်လုံးနီးပါး အရက်သမားတွေဖြစ်ကုန်တာပေါ့။
လက်ရှိအနေအထားမှာ ထိရောက်တဲ့နိုင်ငံရေးလုပ်ချင်သူတိုင်း ပြည်တွင်းပြန်ဝင်သင့်နေပြီ။ မ၀င်ပဲ နိုင်ငံရေးလုပ်ချင်သူများ သူတို့မျှော်လင့်နေတဲ့ အနေအထားကို ဘယ်တော့မှရောက်မှာလဲ။ ဗကပတွေကိုပဲကြည့်ပါ။ သူတို့ တွေဟာ ကိုယ့်ထက်တောင် အင်အားကြီး၊ သမိုင်းကြီးတာတောင် နောက်ဆုံး တော့ ဘာရလဲ။ အသက်ကြီးပြီး နယ်စပ်မှာ လူမသိပဲ စုတ်စုတ်ပြတ်ပြတ်သေသွားကြတယ်။
ဒါက လက်တွေ့ကြတဲ့ အခြေအနေနဲ့ နိုင်ငံရေးကို မလုပ်လို့ ဒီလိုဘ၀တွေဖြစ်ကုန်တာလို့ ကျနော် ပြောချင်တယ်။ သူတို့အပြင် သူတို့သားသမီးတွေ မြေးတွေကိုလည်း ပြန်ကြည့်ပါအုံး။ လူ့အဆင့်တန်းရှိတဲ့ ဘ၀တွေကို ပိုင်ဆိုင်ခဲ့ရလား။ ကျနော်ပြောနေတာက လက်ရှိနယ်စပ်မှာကော တတိယနိုင်ငံတွေမှာရှိနေတဲ့ နိုင်ငံရေးလုပ်ချင်သူများအားလုံးကို လက်တွေ့ ကျကျ စဉ်းစဉ်းပြီး အကောင်အထည်ဖော်ဖို့ပြောနေတာဖြစ်ပါတယ်။ ပြည်တွင်းမှာပဲ နိုင်ငံရေးရှိတယ်။ ပြည်ပက နိုင်ငံရေးက လေပဲရတယ်။
နယ်စပ်မှာ ကျန်ခဲ့တဲ့ ကျနော်တို့ရဲဘော်တွေ၊ ခေါင်းဆောင်တွေဟာ အတော်သနားဖို့ကောင်းပါတယ်။ သူတို့ခဗျာ ထွက်ပေါက်ပိတ်နေတဲ့ လူတွေလိုပဲ။ ဒီအတိုင်းသာ ဆက်ပြီး သွားနေမယ်ဆိုရင် ဒိထက်စုတ်ပြတ်သတ်နေတဲ့ဘ၀ပဲ ရမှာပဲ။ ထိပ်ပိုင်းခေါင်းဆောင်တွေလောက်ပဲ ထွက်ပေါက်ရှိတယ်။ သူတို့မှ အမေရိကန်နိုင်ငံကနေရတဲ့လက်မှတ်၊ အင်္ဂလန်ကရတဲ့လက်မှတ်၊ ဟိုနိုင်ငံကရတဲ့လက်မှတ်တွေရှိတော့ အလွယ်တကူ ကိုယ်လွတ်ရုန်းလို့ရတယ်။ ကျန်တဲ့လူတွေက လက်မှတ်ဆိုလို့ ထိုင်းနိုင်ငံက ထုတ်ပေးတဲ့ အလုပ်သမားလက်မှတ်ပဲရှိတယ်။ ငွေဆိုတာကလည်း တပြားနှစ်ချပ်။ ပြီးတော့ မိသားစုတွေနဲ့။ သူတို့ဘ၀ရှေ့ ရေးကို တွေးကြည့်ရင် အရမ်းကြောက်စရာကောင်းတယ်။
တကယ်လို့သာ ပြည်ပကပေးတဲ့ မသာထရေစာသာ မရတော့ကြည့်။ ဘယ်လိုလုပ်ကြမလဲမသိဘူး။
ဘယ်လောက်ပဲ နိုင်ငံရေးတွေ၊ တော်လှန်ရေးတွေ၊ အတွေးအခေါ်တွေပြောနေပါစေ။ နောက်ဆုံးကိုယ့်ဘ၀ကို ကိုယ်ပဲရုန်းရပါတယ်။ သစ္စာတွေ မေတ္တာတွေလည်း ခဏတာပဲခံပါတယ်။ ကိုယ့်ခြေထောက်ပေါ်မှာ ရပ်ပြီး ရုန်းတာက ကိုယ့်ဘ၀အတွက် ပိုပြီး ခိုင်မာမှုရှိတယ်။ တနေ့ နေ့ တချိန်ချိန်ကြရင် သစ္စာရှိပါတယ်ဆိုတဲ့လူတွေကပဲ နောက်ဆုံး သစ္စာမဲ့သွားကြတာ မမြင်ချင်အဆုံးပါ။
အခုလက်ရှိနိုင်ငံရေးကာလမှ ဒေါ်စုနဲ့စစ်အစိုးရ တွဲပြီးလုပ်မဲ့ အရိပ်အယောက်ကိုမြင်နေရပြီ။ အရင်တုန်းကပြောတဲ့ သုံးပွင့်ဆိုင်၊ ၉၀-ရလဒ်၊ ဖက်ဒရယ်တွေ အခုအနေအထားမှာ ဘယ်ရောက်ပြီလဲ။ ဒီစကားတွေကို ထပ်ခါထပ်ခါပြောတဲ့လူတွေပဲ ရွေးကောက်ပွဲဝင်လို့ဝင်၊ နောက်ဖေးပေါက်ကနေ တိုးလို့တိုး လုပ်ခဲ့ပြီးကုန်ပြီ။ ဒီလူတွေပဲ ဒီလမ်းတွေကို ပြောပြီး ဒီလူတွေပဲ နောက်ဆုံး စစ်အစိုးရ ခင်းပေးတဲ့လမ်းအတိုင်း မလျှောက်ချင်ပဲ လျှောက်နေရပြီမဟုတ်လား။ ကျန်တဲ့ နောက်လိုက်ငယ်သားတွေကတော့ သူတို့ရောင်တိုင်း လျှောက်ပြီးရောင်ကြတာကလွဲရင် အခြားရွေးချယ်စရာမရှိသလိုပဲ။ ကျနော်ကတော့ ရှင်းရှင်းပဲ လက်ရှိဒီအတိုင်းသာ ပြည်ပအခြေစိုက် ၈၈-အဖွဲ့တွေ ဆက်ပြီးသာသွားနေရင် ကျနော်တို့ အနစ်နာခံ၊ စွန့်လွှတ်ခဲ့တာတွေအတွက် ဘာများအကျိုးခံစားခွင့်ရတော့မှာလဲ။ ဘာမှမရဘူး။ နောက်ဆုံးအရက်သမားဖြစ်တာပဲ အဖတ်တင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့လက်တွေ့ကျကျ မစဉ်းစားလို့ပဲ။ လက်တွေ့ကျတဲ့နိုင်ငံရေးက ပြည်တွင်းသာဖြစ်တယ်။ ပြည်တွင်းက လူတွေကလည်း ပြည်ပကလူတွေဘယ်လောက်စေတနာထားထား နောက်ဆုံးသူတို့အာဏာရရင်တောင် ထမင်းတောင်ခေါ်ကျွေးမှာမဟုတ်ဘူး။
လူတိုင်းက ကိုယ့်တိုင်းပြည်ကို ပြန်ချင်ကြတယ်။ လွတ်ငြိမ်းချမ်းသာခွင့်လည်းမျှော်လင့်တယ်။ တိုင်းပြည်ငြိမ်းချမ်းရေးလည်း လိုလားတယ်။ တိုးတက်စေချင်လို့ အားလုံးနိုင်ငံရေးလုပ်ကြတယ်။ အသက်တွေပေးခဲ့ရတယ်။ ငတ်ပြတ်စုတ်ပြတ်သတ်နေတဲ့ဘ၀တွေကို ကျော်လွှားခဲ့ရတယ်။ ယနေ့အချိန်ထိ ကျနော်တို့အတွက် ဘာရလဲ၊ ဘာကျန်လဲ။ လီးနဲ့သွားပဲ ကျန်တယ်။ သွားတောင် သွားတိုက်ဆေးမ၀ယ်နိုင်လို့ ကျိုးကုန်ပြီ။ ဒီလိုဘ၀တွေကို ဆက်ပြီးရင်ဆိုင်အုံးမှာလား။ တစ်ခုခုကို ပြတ်ပြတ်သားသား မလုပ်သင့်ဘူးလား။

2 comments:
ဘုန်းကျော် အတွေးကတော့ လန်ထွက်နေတယ်၊ ဒါပေမဲ့ ပြည်ပကအတိုက်အခံတွေက မင်းထင်သလိုမဟုတ်လောက်ဘူးထင်တယ်၊ ဗမာပြည်ထဲပြန်ဝင်ရင်လဲ လုပ်ကိုင်စားဖို့ မလွယ်ကူတော့ ဒီလိုအချောင်စားနေရတာ ပိုပြီးနှစ်သက်နေကြတာ၊ ပြည်တွင်းက အခြေအနေငြိမ်းသွားပြီး အားလုံးOK ပြန်ဝင်လာတော့၊ အတိုက်အခံတွေအတွက် တိုက်ခန်းတခန်းပေးမယ်၊ အလုပ်အကိုင်လဲစီစဉ်ပေးမယ်ဆိုမှ ပြန်လာမှာ။
ရင်ထဲ အသဲထဲကနေ လှိုက်လှိုက်လှဲလှဲ လေးစားမိတာကတော့ ABADF ဘဲ ... သူတို့တွေက တကယ့်ကို သူရဲကောင်း စိတ်ဓာတ်နဲ့ ပြည့်စုံတာပါ ( လက်ရှိ လက်နက်ကိုင်ပြီး တော်လှန်နေတဲ့ သူတွေကို ပြောတာပါ) တစ်ချို့ကျတော့ ဟိုနိုင်ငံ သည်နိုင်ငံရောက်ပြီး ဘ၀မေ့နေတဲ့ အဖွဲ့ဝင်တွေလဲ ရှိပါတယ် .. လေးစားတဲ့ စာရင်းထဲ အဲဒီလူတွေ လုံးဝမပါပါ.... သူတို့ရဲ့ သမိုင်းကို ဖတ်လိုက်ရင် ရင်နှင့်စရာ ကောင်းပါတယ် .. ကျောင်းသူ ကျောင်းသားဘ၀ကနေ ဖြစ်လာတဲ့ အဖွဲ့အစည်းပါ ..
၁ - ABSDF
၂ - KNU
၃ - ရှမ်းတိုင်းရင်းသား တပ်မတော့ SSNA
ဒီအဖွဲ့တွေဟာ ရာဇ၀င်နဲ့ ချီပြီး စော်ကားခံရ သတ်ဖြတ်ခံရ ချေမုန်းခဲ့နေရတဲ့ အဖွဲ့အစည်းတွေ မို့ လို့ လေးစားရတာပါ ...
Post a Comment