ဗန်းမော်တင်အောင်ရေးတဲ့ ပါမောက္ခအုန်းကျော်စာအုပ်ကို မလေးရှားနိုင်ငံ ပီနန်မြို့ ကို ဒုတိယတစ်ခေါက်ရောက်တုန်းက ဖတ်ခဲ့ရတယ်။ ဒီစာအုပ်ဖတ်တဲ့နေရာက ပီနန်မြို့ က အပေါစား တည်းခိုခန်းတစ်ခုရဲ့  ချောင်ကျကျနေရာလေးတစ်ခုမှာဖြစ်ပါတယ်။ မီးရောင်က ခပ်ဖျော့ဖျော့ နဲ့  ဘေးနားမှာ တရုတ်ဘိန်းစားကြီး နှစ်ယောက်က တီဗွီကြည့်နေတယ်။ ညာဖက်အခန်းထဲမှာ ကုလားစုံတွဲက အီစီကလီလုပ်ပြီး တခစ်ခစ်ရယ်မောသံတွေနဲ့ ကြည်နှုးနေကြတယ်။ မြန်မာစကား ခပ်ဝဲ၀ဲနဲ့  လူငယ်စုံတွဲကလည်း ကောင်တာမှာ သူတို့ ကိစ္စပြီးတော့ အခန်းဖိုး မလေးရှားရင်းဂစ်ငွေ ငါးဆယ်ကို ပေးနေလေရဲ့ ။ ကျနော်က ရေချိုးခန်းဘေးက လှေခါးနားမှာ ဗန်းမော်တင်အောင်ရေးတဲ့ပါမောက္ခ ဦးအုန်းကျော်စာအုပ်နဲ့ ဇိမ်ယူပါတယ်။ ဘေးနားမှာက မြန်မာပြည်ထုတ် ရမ်အရက် ပုလင်းပြားလေးနဲ့ ။ အရက်တငုံသောက်လိုက် စာမျက်နှာတစ်ခုလှန်လိုက်နဲ့  ပီနန်မြို့ ညနေစောင်းကို ကြိုဆိုရင် ဦးအုန်းကျော်ကို ဂုဏ်ပြုတယ်။
ဗန်းမော်တင်အောင်က ပါမောက္ခဦးအုန်းကျော်ကို အတော်ခင်ပုံရတယ်။ ဦးအုန်းကျော်ကလည်း ဗန်းမော်တင်အောင်ကို အရမ်းချစ်ပုံရတယ်။ သူက အရက်သမား။ အရွဲ့ သမား။ ပညာတက်ပြီး ပညာတက်တို့ ရှိသင့်တဲ့ဂုဏ်သိက္ခာမရှိ။ အရှက်မရှိ။ ဖြစ်သလိုနေဖြစ်သလိုစားပြီး ဘ၀ကို ပျော်ပျော်ကြီးအရွဲ့ တိုက်တယ်။ ပြီးတော့ သူ့ ခေတ်က နိုင်ငံရေးသမားတွေကို ဦးအုန်းကျော်က အတော်လေးကို အမြင်ကပ်ပုံလည်းရတယ်။
ဗန်းမော်တင်အောင်က ဒီစာအုပ်ကို ဘာရည်ရွယ်ချက်နဲ့ ရေးလဲတော့မသိဘူး။ ကျနော်တော့ သူ့ စာအုပ်ကိုဖတ်ပြီး အတွေးတစ်ခုရတယ်။ ဒါကတော့ ဦးအုန်းကျော်လို ပညာရှင်မျိုး လက်ရှိနိုင်ငံရေးကာလမှာ ထွက်လာရင်တော့ ဒုက္ခပဲ။ ဒီလိုမျိုး ပညာတက် ပညာရှင်အရက်သမားတွေ လူ့ ဂွစာတွေများ လာရင်တော့ တိုင်းပြည်ဒုက္ခရောက်တော့မှာပဲလို့ ။
စာအုပ်ဖတ်ခဲ့ရတဲ့ အချိန်က ၂၀၁၁-ခုနှစ် ဇန်န၀ါရီလထဲမှာဖြစ်တော့ အခုဆိုရင် ၁၀-လလောက်ရှိပြီ။ ဒီနေ့ မှပဲ စိတ်ကူးပေါက်ပြီး ဦးအုန်းကျော်အကြောင်းကို ဖီလင်လာလို့ ရေးဖြစ်တော့တယ်။ စာရေးတယ်ဆိုတာက ကိုယ့်စိတ်ထဲမှာရှိတာကို ရှိတဲ့အတိုင်း ရိုးရိုးသားသားသာရေးချလိုက်။ ဒါဆိုရင် စာရေးလို့ ရပြီလို့  ဗန်းမော်တင်အောင်လား ပီမိုးနင်းလားမသိဘူး...ပြောဘူးတယ်။ ဒီစကားကိုအတော်ကြိုက်တယ်။ လက်ခံတယ်။
ဒါ့ကြောင့် သူတို့ ပြောတဲ့စကားကို ကိုးကားပြီး ဦးအုန်းကျော်အကြောင်းတော့ မဟုတ်ဘူး၊ ဦးမျိုးညွန့် အကြောင်းကို ရေးဖို့ ကျနော် စဉ်းစားနေတာကြာပီ။
ဆရာ့ကို ကျနော်တခါက မှုးပြီး အင်တာဗျူးတယ်။ ဆရာ့အကြောင်းကို ပြောပါလို့ ။ သူ့ ထုံးစံအတိုင်း နန်းစတော့ ပြောချလိုက်တာ ဘယ်ကနေ ဘယ်လို အစကောက်ရမှန်းတော့မသိဘူး။ ဒါနဲ့ သူ့ ရဲ့ အင်တာဗျူးဖိုင်ကို ကွန်ပြူတာထဲမှာ ဒီအတိုင်းပဲသိမ်းထားခဲ့တယ်။
ဘန်ကောက်ရောက်တော့ အန်စီဂျီယူဘီမှာလုပ်နေတဲ့ လူ့ ဘောင်သစ်က ကိုအသေးလေးမှာ ကွန်ပြူတာမရှိလို့  ကျနော့် ကွန်ပြူတာ ကိုပေးလိုက်တော့ ဆရာနဲ့ အင်တာဗျူးထားတဲ့ဖိုင်ပါပျောက်သွားတယ်။
ဘာ့ကြောင့် ဆရာဒေါက်တာ မျိုးညွန့် အကြောင်းကို ရေးချင်လဲဆိုတော့ ရေးမယ့်သူမရှိလို့ ရေးချင်တာပါလို့ ဖြေပါရစေ။ ဆရာနဲ့ တပည့် အတိုင်အပေါက်ညီညီမြှောက်တာတော့မဟုတ်ဘူး။ ပညာရှင်တွေ ပညာတက်တွေကို အရမ်းတန်းဖိုးထား အထင်ကြီးလို့ ပါ။
ဆက်ရန်-

No comments:
Post a Comment