လမ်းပေါ်မှာ စီးတဲ့ ဧရာဝတီ
ကျနော် မငိုဘူးအမေ
အခန်းတံခါးတွေကို အလုံပိတ်
မီးပွင့်တွေ အကုန်မှိတ်ပြီး
တိတ်တဆိတ် အိပ်ခဲ့ရတဲ့ ညတွေမှာ
ငါဘာတွေ မှားခဲ့ လို့ လည်းဆိုတဲ့ မေးခွန်းတခုနဲ့ 
သက်ပြင်းတွေကို မှုတ်ထုတ်နေခဲ့ရတယ်။
ပထမနေ့ 
မေတ္တာတရားရဲ့ ပဲ့ တင်သံတွေ
လမ်းမတွေပေါ်ကိုလွှမ်း
သံဃာတော်တွေ ခင်းနေတဲ့ လမ်းဘေးမှာ
လက်အုပ်ချီ မျက်ရည်ဝဲ
ကျနော်ရဲ့ ခြေထောက်တွေကို
ကြောက်စိတ်တွေက ဆွဲထားတုန်းပဲ အမေ။
ဒုတိယနေ့ 
မိုးထဲ ရေထဲ ခြေဗလာနဲ့ 
မေတ္တာဝေ ကျတဲ့ ပွဲမှာ
လူငယ်တွေ ပြည်သူတွေ
ရွှေဝါရောင် စီးကြောင်း ဘေးက ခြံရံ
ဧရာဝတီ အသစ်းတခု
လမ်းပေါ်ကို လျှံထွက်ကျ
မေမေ ရေ အဲဒီနေ့ ကတော့
ကျနော် ကိုယ်တိုင် ဧရာဝတီ ဖြစ်ခဲ့ရပေါ့။
နောက်တနေ့ ရိုးရိုးလေးပါပဲ အမေ
အမေရဲ့ အပူကို အန်တု
ညောင်းညာကိုက်ခဲမှုတွေကို မမှုတဲ့ 
သံဃာ့အာဇာနည် တို့ အတွက်
အုပ်တချပ် သဲတပွင့်
ကျနော် အသေအချာကို ဖြစ်ခဲ့တယ် အမေ။
ဗုဒ္ဖဘာသာ ထွန်းကားတဲ့ နိုင်ငံက
ဗုဒ္ဖဘာသာ ၀င်တယောက်ဖြစ်တဲ့ အမေ
ကျနော့်ရဲ့ လုပ်ရက်တွေ အတွက်
သာဓုခေါ် ကျေနပ်နေမှာ သေချာပါတယ်။
ကျနော့် စိတ်နဲ့ မတန်တဲ့ 
အချို့ သော သူတွေ့ရဲ့ အကြောင်း
အမေ့ကို စာလုံးပေါင်းပြ မနေတော့ပါဘူး။
အရူးတကာ့ အရူးထဲမှာမှ
အဆိုးဆုံးဆိုတဲ့ အာဏာရူး
ပြီးတော့ သူ့ နှုတ်မှာမှ အမိန့် ပေးခွင့်
သူ့ လက်အောက်မှာက
ငရဲ နဲ့ တောင် မတန်တဲ့ 
မိစ္ဆာတွေ
သူတို့ ရဲ့ လက်ထဲမှာက လူသတ်လက်နက်
မေမေရေ
ဒီနိုင်ငံရဲ့ အနာဂါတ် သူတို့ လက်ထဲကို
ဘယ်လိုစိတ်နဲ ကျနော်တို့အပ်ရမလည်း။
မေမေရေ
ရိုက်နှက်ခံ ဒဏ်ရာဗလာပွနဲ့ 
ပြန်လွန်တော် မူခဲ့ကြရှာတဲ့ 
သံဃာတော်အချို့ ရဲ့ ဝိဥာဉ်တွေ
ကျနော့်ကို လာစကားပြောနေတယ်။
(အရှေ့ အရပ် ရှိသော အနန္တ စကြာဝဠာအနန္တ သတ္တ၀ါတို့ 
ဘေးရန်ခပ်သိမ်း ငြိမ်းချမ်းကြပါစေ။ ဒေါသ ခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ )
ငါတို့ မေတ္တာတရားဆိုတဲ့ အလင်းနဲ့ 
ငြိမ်းချမ်းခြင်းကို ထွန်းညှိခဲ့ကြတယ်တဲ့ 
ဟုတ်တယ်အမေ
အားလုံးဟာ တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်းပါပဲ
ဒိုင်းတွေကို နံပါတ်တုတ်နဲ့ တဒုန်းဒုန်းတီးပြီး
ညာသံပေး ချီတက်လာသံတွေ
မျက်ရည်ယိုဗုံးခွဲသံတွေ
သေနတ်ပစ်သံတွေ
အော်ဟစ် ဆဲဆိုသံတွေ
နောက်…. ကြိမ်းမောင်းရိုက်နှက်သံတွေ
အဲဒီအသံတွေ ရောက်မလာခင်အချိန်ထိ
တနိုင်ငံလုံးဟာ သံဃာတော်တွေရဲ့ 
မေတ္တာတရားတွေနဲ့ ငြိမ်းချမ်းခြင်းအတိ
ပြီးနေခဲ့ပါတယ် အမေ။
မေမေရေ
မိစ္ဆာတို့ ရဲ့ ကျည်တတောင့်ကို နှလုံးသားထဲ
ထိုးဖောက်ဝင်ရောက်ခွင့် ပြုလိုက်ရတဲ့ 
ကျောင်းသား တယောက်ရဲ့ ဝိဥာဉ်က
ကျနော့် ကို စကားတွေ လာပြောတယ်။
(သံဃာတော်တွေကို ကျနော် ရှစ်ခိုးတယ်။
သံဃာတော်တွေ လိုအပ်သမျှကို ကျနော် လှူဒါန်းတယ်။
သံဃာတော်တွေနဲ့ အတူ သတ္တ၀ါတွေ အားလုံးကို
ကျနော် မေတ္တာပို့ တယ်။
ကျနော် ဘာအမှားမှ မလုပ်ခဲ့ပါဘူး။
ကျနော် အဖြူစင်ဆုံး စိတ်တခုနဲ့ 
အလုပ်သင့်ဆုံး အလုပ်တခုကိုပဲ လုပ်ခဲ့တာပါတ)ဲ့ ။
ဟုတ်တယ် အမေ။
ကျောင်းသားတွေ၊ွလူငယ်တွေ၊ပြည်သူတွေ၊
သံဃာတော်တွေ ဖောက်တဲ့ လမ်းနောက်ကို
ပျော်လို့ လျှောက်လိုက်နေတာ မဟုတ်ပါဘူး။
အမျိုးဘာသာ သာသနာကို နားလည်လို့ 
အမှန်နဲ့ အမှားဆိုတာကို ခွဲခြားတတ်လို့ 
အမှန်တရားဘက်က ရပ်တည် ရမယ်ဆိုတဲ့ အသိရှိခဲ့လို့ 
နောက်ပြီး တတ်နိုင်တဲ့ အားလေးတခုနဲ့ နိစ္ဆဓူဝ ဘ၀တွေထဲက
ဖြစ်ဖြစ်နေတဲ့ မဖြစ်သင့်တာတွေကို လျော့ပစ်နိုင်ဖို့ 
သိတ်မသေချာတဲ့ မျှော်လင့်ချက်လေး မစို့ မပို့်နဲ့ 
လမ်းပေါ်ကို ထွက်ခဲ့ကြတာပါ။
အမှားအယွင်းဆိုတာနဲ့ ဝေးတဲ့ 
အဖြူရောင် လူငယ်လေးတွေဆိုတဲ့ ရင်ဘတ်ကို
အနီရောင်သွေးတွေလွှမ်းအောင်ပစ်ခတ်
သူတို့ တွေ လုပ်ရက်ခဲ့ကြတယ် အမေ။
မေမေရေ
အဲဒီတော်လှန်ရေးမှာ
ဘုရားရင်ပြင်တော်တွေက အစ
စစ်မြေပြင်ဖြစ်ခဲ့ရတယ်။
သံဃာတော်တွေရဲ့ သွေးက စလို့ 
ကျောင်းသားလူငယ်တွေရဲ့ သွေးအဆုံး
မိစ္ဆာတွေ မြိန်ရေ ယှက်ရေ သောက်သုံးခဲ့ကြတယ်။
မေမေရေ
အပြောင်းအလဲတခုအတွက်
အသက်ဝိဥာဉ်တွေ စတေးဖို့ လိုအပ်တယ်တဲ့။
ငြိမ်းချမ်းခြင်းအတွက် တရားမျှတမှုအတွက်၊ အမှန်တရားအတွက်
ဒီထက်ပိုပြီး ဘယ်လောက်ထိတောင်
ထပ်ပေးဆပ်ရအုံးမှာလည်းဆိုတဲ့ အမေး။
ဖြေနိုင်သူတွေကို မေးကြည့်ပေးပါအုံး မေမေ။
မိုးပေါ်ထောင်ဖောက်ဖို့ မဟုတ်တဲ့ သေနတ်တွေ
အလှပြထားတာ မဟုတ်တဲ့ ဝါးရင်းတုတ်တွေ
အဲဒါတွေ ထားလိုက်ပါ မေမေ။
သေချာတာ တခုက တော့
ဘယ်လောက် သတ်သတ်
ဘယ်လောက်သေသေ
လမ်းပေါ်က ဧရာဝတီဟာ
ကျနော်တို့ ရဲ့  ရင်ဘတ်ထဲမှာ
ထာဝရ စီးဆင်းနေအုံးမယ် ဆိုတာပါ။
ကဗျာရွတ်ဆိုမှု - နေဘုန်းလတ်
ပို့ သူ ကိုသောမစ် (ဘာလီ)
No comments:
Post a Comment